မွေးရက်ဂဏန်းနဲ့ အချစ်ရေးဟောကိန်း

ကိုယ့်မွေးရက်က ဘာလဲ၊ ကိုယ့်ချစ်သူ အိမ်ထောင်ဖက်က ဘာဂဏန်းသမားလဲ ဆိုတာ သိရင် သင်္ချာဗေဒင်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး နှစ်ဦးသား နားလည်မှုတွေကို ပိုမို တည်ဆောက်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ နှလုံးသားရေးရာ ဂဏန်းဗေဒင်ဟာ အကြမ်းဖျဉ်း သဘော ဆန်ပေမယ့် တိုတိုနဲ့ ထိမိအောင် တင်ပြထားတဲ့အတွက် နှစ်ဦးသားရဲ့ အကျင့်စရိုက်နဲ့ ခံစားချက်တွေကို အချင်းချင်း ညှိနှိုင်းယူနိုင်မယ်ဆိုရင် သာယာချမ်းမြေ့တဲ့ နှစ်ယောက်တည်း ကမ္ဘာလေး ဖြစ်လာမှာပါ။

၁ ဂဏန်းသမား (၁၊ ၁၀၊ ၁၉၊ ၂၈ တွင် မွေးဖွားသူများ) – ငါမှငါ နံပါတ်တစ် အရေးအကြီးဆုံးလို့ ခံယူတတ်တဲ့ ၁ ဂဏန်းသမားတွေဟာ ချစ်သူ၊ အိမ်ထောင်ဖက်အပေါ်မှာ အင်မတန် လွှမ်းမိုးလိုစိတ် ကြီးမားပြီး သူတို့ကသာ နေရာတကာ အာဏာခြချင် သြဇာပေးချင်ကြပါတယ်။ သူတို့ဟာ အနုအရွ တီတီတာတာတွေလည်း သိပ်ပြောလေ့ မရှိပါဘူး။ ဒါပေမယ့် တစ်ယောက် ဆို တစ်ယောက် စိတ်ဓာတ်မျိုး ထားရှိတတ်ပြီး ချစ်သူအပေါ်မှာလည်း တာဝန်ယူလိုစိတ်နဲ့ တန်ဖိုးထားတတ်သူတွေ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၂ ဂဏန်းသမား (၂၊ ၁၁၊ ၂၀၊ ၂၉ တွင် မွေးဖွားသူများ) – စိတ်ခံစားချက်ကို ဦးစားပေးလွန်းတဲ့ ၂ ဂဏန်းသမားတွေဟာ ချစ်ရေးချစ်ရာမှာလည်း သူတို့ရဲ့ ခံစားချက်ကိုသာ ရှေ့တန်း တင်တတ်ကြပါတယ်။ စိတ်ဆတ်၊ စိတ်နုသူတွေလည်း ဖြစ်လို့ ဆတ်ဆတ် ထိမခံတဲ့ နှလုံးသားပိုင်ရှင် ဖြစ်ပါတယ်။ ချစ်မိပြီဆို သူတို့လောက် ကဗျာဆန်တာ မရှိသလို မုန်းသွားပြီ ဆိုရင်လည်း အကြီးအကျယ် ထိရှ ခံစားပေါက်ကွဲတတ်ကြပါတယ်။ ချစ်လွယ်၊ သနားလွယ်၊ ပြတ်စဲလွယ်ပြီး တခါတရံ ခန့်မှန်းရခက်တတ်ပါတယ်။

၃ ဂဏန်းသမား (၃၊ ၁၂၊ ၂၁၊ ၃၀ တွင် မွေးဖွားသူများ) – စည်းနဲ့ကမ်းနဲ့ နေထိုင်တဲ့ စာအုပ်ကြီးသမား ၃ ဂဏန်းတွေဟာ နှလုံးသားရေးမှာ သစ္စာရှိရှိနဲ့ ယုံကြည်နိုင်တဲ့ ချစ်သူ လက်တွဲဖော်တွေ ဖြစ်ပါတယ်။ ကိုယ့်စည်းနဲ့ကိုယ် နေတတ်သူတွေမို့ သူတို့ တန်ဖိုးထားတဲ့အရာတွေကို မစော်ကား၊ မကျော်ဖြတ်ဖို့တော့ လိုပါလိမ့်မယ်။ စည်းကမ်းတွေ တင်းကျပ်လွန်းပြီး မှန်နေရင် တော်တော်နဲ့ လျှော့ပေးတတ်သူ မဟုတ်လို့ မကြာခဏ ပြဿာနာလေးတွေ ရှိတာကလွဲရင် အဆင်ပြေဖို့ ရာနှုန်းများပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၎ ဂဏန်းသမား (၄၊ ၁၃၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ) – အများနဲ့မတူ တစ်မူကွဲပြား ခြားနားပြီး နေရာတကာမှာလည်း ကန့်လန့်တိုက် တွေးခေါ် လုပ်ကိုင်သူတွေ ဖြစ်လို့ ၄ ဂဏန်းသမားတွေဟာ နှလုံးလမ်းကြောင်းမှာ ကျွန်းခံတတ်သူတွေ ဖြစ်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးမှာ ကံခေတတ်ကြပြီး အိမ်ထောင်ပြု နောက်ကျတာ၊ စောရင်လည်း မတည်မြဲတာတွေ ဖြစ်တတ်ပါတယ်။ လူပျိုကြီး၊ အပျိုကြီးဘဝနဲ့ အရိုးထုတ်ရတတ်ပြီး အိမ်ထောင်ပြုဖြစ်ရင်လည်း နားလည်မှု ပိုပေးရတဲ့ သူတွေ ဖြစ်ပါတယ်။ ထူးခြားချက်က အိမ်ထောင်ဖက်နဲ့ သေကွဲရှင်ကွဲတွေ ဖြစ်တတ်တာပါပဲ။

၅ ဂဏန်းသမား (၅၊ ၁၄၊ ၂၃ တွင် မွေးဖွားသူများ) – လူအများနဲ့ အဆင်ပြေအောင် ရောနိုင်သလို အပြောလည်းကောင်း၊ အဆက်အသွယ်လည်း များသူတွေ ဖြစ်လို့ ၅ ဂဏန်းတွေမှာ ချစ်သူ ဝိုင်းဝိုင်းလည်တတ်ပါတယ်။ ရည်းစားဘဝမှာ ပွေးသလို အိမ်ထောင်ကျသွားရင်လည်း စိတ်မချရ ဖြစ်တတ်ပါတယ်။ ဂဏှာမငြိမ်သူတွေ ဖြစ်ပေမယ့် ပြဿနာ ဖြစ်တိုင်း ပြီးလွယ်ပျောက်လွယ်တတ်သူ ဖြစ်ပါတယ်။ ဘယ်ဘဝ ဘယ်နေရာမှာ မဆို ပျော်ပျော်နေတတ်လို့ အိမ်ထောင်ရေး ကံကောင်းတတ်ပါတယ်။

၆ ဂဏန်းသမား (၆၊ ၁၅၊ ၂၄ တွင် မွေးဖွားသူများ) – ချစ်ခြင်းမေတ္တာအပေါ် အလေးအနက် တန်ဖိုးထားသူ၊ အေးအေးဆေးဆေး နေထိုင်တတ်သူတွေ ဖြစ်လို့ သူတို့နဲ့ ပတ်သက်မိသူတွေမှာ ကြည်နူးစရာတွေ များတတ်ပါတယ်။ ၆ ဂဏန်းသမားတွေဟာ ချစ်သူ အိမ်ထောင်ဖက်ကို အနစ်နာခံ ပေးဆပ်တတ်ပြီး မိသားစုဘဝကိုလည်း တန်ဖိုးထားတတ်ကြပါတယ်။ စိတ်ထားနူးညံ့ပြီး ခွင့်လွှတ် သည်းခံတတ်ပေမယ့် သူတို့ အလေးအနက်ထားတာတွေကို ထိပါးလာရင်တော့ မခံမရပ်နိုင် ဖြစ်တတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၇ ဂဏန်းသမား (၇၊ ၁၆၊ ၂၅ တွင် မွေးဖွားသူများ) – ရုပ်ရည်အားဖြင့် ဆွဲဆောင်အား အကောင်းဆုံးတွေ ဖြစ်ပြီး စိတ်ဓာတ်ပိုင်းမှာလည်း ဘဝကို တက်ကြွပျော်ရွှင်စွာ ဖြတ်သန်းတတ်တဲ့ အကောင်းမြင်သမား ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝသူတွေ ဖြစ်ပေမယ့် ဒေါပွတဲ့အခါ သူများထက် ပိုဆိုးသူတွေ ဖြစ်နေပါတယ်။ မိသားစုဘဝလေးကို အလေးအနက် ထားတတ်ကြပေမယ့်လည်း အပျော်အပါးဘက်သာ ရောက်သွားရင် ၇ ဂဏန်းသမားက ပိုပြီး ပျက်စီးဖို့ လွယ်ကူသူတွေလည်း ဖြစ်ပါတယ်။ စိတ်ခံစားချက်အပေါ် သတိထား စောင့်ကြည့် ထိန်းချုပ်တတ်ဖို့လည်း လိုပါလိမ့်မယ်။

၈ ဂဏန်းသမား (၈၊ ၁၇၊ ၂၆ တွင် မွေးဖွားသူများ) – တစ်ယောက်တည်း ကြိတ်ခံစားတတ်တဲ့ အုံ့ပုန်းချစ်သမားတွေ ဖြစ်လို့ နူတ်ဖျားကနေ ချစ်စကားတွေ ထွက်လေ့ မရှိပေမယ့် တကယ် ချစ်တတ်သူတွေ ဖြစ်ပါတယ်။ အများနဲ့မတူတဲ့ အမြင်မျိုး ရှိပြီး အထီးကျန်ဆန်သူတွေအဖြစ် ၈ ဂဏန်းသမားကို မြင်တွေ့နိုင်ပါတယ်။ လူတိုင်းနဲ့ အဆင်ပြေအောင် လိုက်မပေါင်းတတ်ပေမယ့် ခင်မင်သူတွေအပေါ် တန်ဖိုးထား ဆက်ဆံတတ်ပါတယ်။ အချစ်ရေး ကံခေတတ်တဲ့ ရေခဲတုံးကြီးလို ချစ်သူတွေပဲ ဖြစ်ပါတယ်။

၉ ဂဏန်းသမား (၉၊ ၁၈၊ ၂၉ တွင် မွေးဖွားသူများ) – အများနဲ့တစ်ယောက် ပတ်ရန်ဖြစ်တတ်သူ၊ အတိုက်အခံလေး လုပ်လိုက်ရမှ ကျေနပ်တတ်သူ၊ အငြင်းအခုံတွေ ဝါသနာ ပါတဲ့ ချစ်သူမျိုး ဖြစ်ပါတယ်။ နှလုံးသားရေးမှာတောင် အပြိုင်အဆိုင်နဲ့မှ သဘောကျသူတွေ ဖြစ်တယ်။ လွယ်လွယ်နဲ့ အလျှော့မပေးတတ်လို့လည်း အကြောတင်းသူတွေအဖြစ် လူအများက အမြင်ကပ်ကြပြီး ပေါင်းရ ခက်ခဲသူတွေလည်း ဖြစ်နေတတ်ပါတယ်။ အချစ်ရေးမှာလည်း ချစ်သူအိမ်ထောင်အပေါ် အနိုင်လိုချင်စိတ် များလို့ တစ်ဖက်သားက ပိုနားလည်မှု ပေးရတတ်သူတွေ ဖြစ်ပါတယ်။

မွေးနေ့ဂဏန်းသမားအားလုံး မေတ္တာရေးရာ စိတ်ချမ်းသာမှုတွေ ရရှိပိုင်ဆိုင်ကြပါစေ – ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)