မွေးရက်ဂဏန်းအလိုက် အားနည်းချက်များ

ဂဏန်းဗေဒင်အရ မွေးရက်အလိုက် ဟောကိန်း ထုတ်ရာမှာ အများအားဖြင့် ကောင်းကွက်တွေ ၊ အားသာချက်တွေ ကိုချည်း ဖော်ပြလေ့ ရှိပါတယ်။ အဲသလို အကောင်းတွေချည်း ဟောပြောခံရတာ ပရိတ်သတ်ဘက်က ကျေနပ်ကြည်နူးမှုတွေ ရလောက်ပေမယ့် တကယ်တမ်းမှာ ကိုယ့်အားနည်းချက်ကို သိထားပြီး သတိပြု ဆင်ခြင်မိရင် ပို အကျိုးရှိမယ်လို့ ယူဆပါတယ်။ ဒါကြောင့်လည်း ဂဏန်းဗေဒင်က ဖော်ညွှန်းထားတဲ့ ကိုယ့်မွေးရက်ရဲ့ အားနည်းချက်နဲ့ သတိထားရမယ့် အချက်တွေကို လက်တွေ့ အသုံးချ ဆင်ခြင်နိုင်ဖို့ရာ တင်ပြပေးလိုက်ပါတယ်။

(၁၊ ၁၀၊ ၁၉၊ ၂၈) မှာ မွေးဖွားတဲ့ သူတွေဟာ အများအပေါ် သြဇာလုပ်၊ အုပ်ချုပ်ချင်တာ၊ နေရာတကာမှာ ခေါင်းမာတာ၊ အသာစီး ရချင်တာ၊ ငါတကော ကောပြီး ငါမှငါ မာန်တက်ချင်တာတွေကို သတိပြုရပါမယ်။ ဒါ့အပြင် ငယ်သူငယ်သားတွေအပေါ် အာဏာ ပြတာ၊ အထက်စီး ဆန်တာ၊ တင်းမာလွန်းတာကိုလည်း လျှော့သင့်ပါတယ်။

(၂၊ ၁၁၊ ၂၀၊ ၂၉) မှာ မွေးဖွားသူတွေက စိတ်ဓာတ် တက်လွယ်ကျလွယ်တာ၊ အပြောင်းအလဲ သိပ်မြန်တာ၊ ရှက်ကြောက်စိတ် များတာ၊ စိတ်ကူးစိတ်သန်း ကောင်းသလောက် လက်တွေ့ မလုပ်ဖြစ်တာတွေကို သတိပြုရပါမယ်။ နှစ်ဂဏန်းရှင်တွေဟာ တခါတရံမှာ ကောင်း၊ ဆိုး နှစ်ဖက်ကို အစွန်းရောက်လွယ်ပါတယ်။ စိတ်ကို သူများထက် ပိုထိန်းရပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃၊ ၁၂၊ ၂၁၊ ၃၀) မှာ မွေးဖွားသူတွေက စည်းကမ်း အင်မတန် ကြီးလွန်းလို့ အများနဲ့ အဆင်မပြေတာ၊ ကိုယ့်ဖာသာပဲ ခပ်မှန်မှန် နေတတ်ပြီး အောက်ကြို့လေ့ မရှိတာ၊ ရေုးရိုးစွဲ ဆန်၊ စာအုပ်ကြီးအတိုင်း လုပ်တတ်တာကို သတိပြုရပါမယ်။ တခါတလေမှာတော့ သိပ် လက်ဖွာပြီး အပေးအကမ်း ရက်ရောလွန်းတာကိုလည်း သတိထားရပါလိမ့်မယ်။

(၄၊ ၁၃၊ ၂၂၊ ၃၁) မှာ မွေးဖွားသူတွေဟာ ထုံးတမ်းစဉ်လာတွေကို ရိုက်ချိုးပြီး ကိုယ့်စိတ်ကြိုက် လွတ်လပ် နေချင်တာ၊ အများနဲ့မတူ ဘုကျ လူ့ခွစာ ဖြစ်တတ်တာ၊ အပြောင်းအလဲတွေ မကြာခဏ လုပ်ချင်တာကို သတိပြုရပါမယ်။ ကိုယ့်အယူအဆကို အထိမခံတာ၊ ခေါင်းမာ လွန်းတာနဲ့ ကန့်လန့် လိုက်တိုက်တာတွေကိုလည်း ဆင်ခြင်သင့်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၅၊ ၁၄၊ ၂၃) မှာ မွေးဖွားသူတွေက ပါလေရာ ပဲခူးဆားလို ဖြစ်နေပြီး ဥာဏ်ရည် ကောင်းသလောက် လုံ့လဝီရိယ နည်းပါးတာ၊ စည်းကမ်းတကျ မနေတတ်ဘဲ ပျော်သလို လွင့်ချင်တာ၊ အပေါင်းအဖော် မက်တာတွေကို သတိပြုရပါမယ်။ ဒါ့အပြင် ဟိုဟာလည်း သိချင် ဒီဟာလည်း ပါချင်နဲ့မို့လို့ ဘယ်အရာမှ မထူးချွန်ဘဲ ဖြစ်တတ်ပါတယ်။

(၆၊ ၁၅၊ ၂၄) မှာ မွေးဖွားသူတွေက ခပ်အေးအေး နေလွန်းလို့ အထီးကျန်ဆန်တာ၊ မိသားစု၊ ချစ်ခင်သူတွေနဲ့ ပတ်သက်ရင် အထိမခံ ရွှေပန်းကန် ဖြစ်လွယ်တာနဲ့ ခံစားမှုနောက် ကောက်ကောက်ပါတတ်တာကို သတိပြုရပါမယ်။ တခါတလေမှာ သံယောဇဉ်တွေကြောင့် ဘဝကို နှောင့်နှေးစေတတ်တာလည်း ၆ ဂဏန်းသမားတွေ အားနည်းချက်ပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၇၊ ၁၆၊ ၂၅) မှာ မွေးဖွားသူတွေဟာ သဘောမနော ကောင်းသလောက် ဆိုးတဲ့အခါမှာလည်း လိုက်မမီနိုင်တာ၊ အစွဲအလန်း ကြီးလွန်းတာ၊ အောင်မြင်မှု ရပေမယ့် ရေရှည်မှာ တည်တံ့မှု အားနည်းတတ်တာကို သတိပြုရပါမယ်။ ဒါတင်မကဘဲ စိတ်ဝိညာဉ်ပိုင်း၊ ဂမ္ဘီရကိစ္စတွေမှာ အစွဲအလန်း ကြီးပြီး အယူအဆတွေ မှားတတ်ကြပါတယ်။

(၈၊ ၁၇၊ ၂၆) မှာ မွေးဖွားသူတွေဟာ အကောင်းနဲ့အဆိုး အစွန်းနှစ်ဖက်ကို ရောက်လွယ်ပြီး အထီးကျန်မှုကို ခံစားတာ၊ လက်စားခြေ လိုစိတ် ပြင်းထန်တာ၊ လက်တွေ့ ဆန်လွန်းပြီး နှမျောစိစစ်တတ်တာတွေကို သတိပြုရပါမယ်။ လောကဓံရဲ့ အထုအထောင်းတွေကို ခံစားနေကျ ဖြစ်လို့ စိတ်ဓာတ် ကြမ်းတမ်းတာလည်း သဘာဝလို ဖြစ်နေတတ်ပါတယ်။

(၉၊ ၁၈၊ ၂၇) မှာ မွေးဖွားသူတွေဟာ စိတ်ဆိုး ဒေါသ ဖြစ်လွယ်တာ၊  သေချာမစဉ်းစားဘဲ ရမ်းသန်း စွန့်စားတာ၊ သည်းခံနိုင်အား နည်းပါးတာနဲ့ အလွန်အကျွံ ခံစားပြီး အကြမ်းဖက် ပေါက်ကွဲတတ်တာကို သတိပြုရပါမယ်။ ဆုံးဖြတ်ချက် စိတ်ကူးအတွေးတွေက သိပ်မြန်လွန်းလို့ စိတ်နောက် ကိုယ်ပါ မလိုက်နိုင်ဘဲ ပင်ပန်းအားနည်းတတ်ပါတယ်။

မွေးဂဏန်းရှင်အားလုံး ကိုယ့်ရဲ့ အားနည်းချက်၊ ပျော့ကွက်တွေကို သတိပြု ဆင်ခြင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)