မွေးလနဲ့ ကျန်းမာရေး ပြဿနာ

မွေးဖွားတဲ့ လနဲ့ ကျန်းမာရေးပြဿနာတွေကြား ဆက်စပ်မှုဟာ ဗေဒင်ပညာမှာတင် မဟုတ်ဘဲ ဆေးသုတေသန ရှုထောင့်မှာလည်း ရှိနေပါတယ်။ ဒီလမှာ မွေးရင် ဒီလိုတွေ ဖြစ်တတ်တယ် ဆိုတာကို ကြိုတင် သိထားမယ်ဆိုရင် သတိပြု ဆင်ခြင်နိုင်မှာ ဖြစ်ပါတယ်။ ကဲ.. ဘယ်လဖွားတွေက ဘယ်လို ရောဂါတွေ ဖြစ်တတ်ကြသလဲ ဆိုတာကို ကြည့်ရအောင်ဗျာ…

ဒီဇင်ဘာနဲ့ ဖေဖော်ဝါရီအတွင်း မွေးဖွားတဲ့သူတွေ – ဘယ်သန်တွေ အတော်များများဟာ ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလအကြားမှာ မွေးဖွားတတ်ကြပါတယ်။ အားလုံး လို့ မဆိုပေမယ့် အများစုက ဒီလတွေမှာ မွေးလာတတ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာ မွေးတဲ့ ကလေးကတော့ ပို သတိထားရတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆောင်းတွင်းမှာ မွေးတဲ့ ကလေးတွေဟာ လူမှုစီးပွားရေးပိုင်းတွေမှာ အားနည်းတတ်လို့ပါပဲ။ တချို့ မိခင်တွေဆိုရင် အဲဒီကာလမှာ မမွေးဖြစ်အောင် ကြိုတင် ရှောင်ရှားတတ်ပါတယ်။

မတ်လကနေ မေလအတွင်း မွေးဖွားတဲ့သူတွေ – နွေရာသီမှာ မွေးလာကြသူတွေဟာ ကိုယ်ခံအားစနစ် အားနည်းတတ်ကြပါတယ်။ အဲဒီလို ခုခံအားနည်းလို့လည်း လေးဖက်နာ၊ ဦးနှောက်၊ အာရုံကြောပိုင်းတွေ အဖြစ်များတတ်တယ်လို့ ဆိုပါတယ်။ နောက်တစ်ခါ နေရောင်ခြည် နဲ့ထိတွေ့မှု များပြီး ခရမ်းလွန်ရောင်ခြည် ဓာတ်သင့်လို့ မှဲ့ကင်ဆာ ဖြစ်နိုင်ခြေလည်း ပိုများတတ်ကြပါတယ်။ ဧပြီလမှာ မွေးဖွားသူတွေက ဒီရောဂါတွေဒဏ်ကို ပိုအဖြစ်များတယ်လို့ တွေ့ရှိထားပါတယ်။

ဇွန်လကနေ သြဂုတ်လအတွင်း မွေးဖွားတဲ့သူတွေ – မြန်မာပြည်မှာ မိုးတွင်းကာလလို့ သတ်မှတ်ရမယ့် ဒီလပိုင်းတွေမှာ မွေးဖွားသူတွေဟာ မျက်စိ မှုန်တာ၊ မျက်စိ စွေတာ စတဲ့ မျက်လုံးနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေနှုန်း ပိုများတယ်လို့လည်း ယူဆချက်တွေ ရှိပါတယ်။ စိတ်အပြောင်းအလဲ မြန်ဆန်မှုလည်း ပိုများကြပါတယ်။

စက်တင်ဘာလနဲ့ နိုဝင်ဘာလကြား မွေးဖွားတဲ့သူတွေ – သူတို့ကတော့ ဓာတ်မတည့်သူတွေ ၊ ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေ ပိုများသူတွေပါပဲ။ ဟိုဟာနဲ့ မတည့်၊ ဒီဟာနဲ့ မကိုက် ဖြစ်တတ်ကြပြီး အရေပြားနဲ့ ပတ်သက်လို့ အထိမခံသူတွေလို့ ဆိုရမှာပါ။ ဓာတ်မတည့်မှု အဖြစ်များကြသလို ပန်းနာရင်ကျပ်ရောဂါလည်း ဖြစ်လွယ်သူတွေလို့ သုတေသနအရ တွေ့ရှိထားပါတယ်။

မွေးလရှင်အားလုံး ကျန်းမာခြင်းသုခနဲ့ ပြည့်စုံကြပါစေ – ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)