မွေးနေ့ သောကြာ၊ တနင်္လာ ကေသာ ဆံဖြတ် မပြုအပ် ရှင်းတမ်း

ရပ်ထဲရွာထဲမှာ ငယ်ငယ်တည်းက ကြားဖူးနေတဲ့ စကားပုံလိုလို ဓလေ့ထုံးတမ်းလိုလို ဗေဒင်လင်္ကာလေးတစ်ခု ရှိပါတယ်။ မွေးနေ့သောကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ်တဲ့။

ဆိုလိုတာကတော့ ကိုယ့်မွေးနေ့ရယ်၊ သောကြာနေ့ရယ်၊ တနင်္လာနေ့ရယ်မှာ ဆံပင် မညှပ်ရဘူး၊ ညှပ်မိရင် စီးပွားရေး မကောင်း ဖြစ်မယ်။ ကျန်းမာရေး ညံ့မယ် လာဘ်ပိတ်မယ် ဆိုပြီး သက်ကြီး စကား၊ သက်ငယ်ကြားနဲ့ အစဉ်အဆက် လက်ဆင့်ကမ်း မှတ်သားလာကြပါတယ်။

ဒီလင်္ကာလေး ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းကို စူးစမ်းကြည့်တဲ့အခါ အဓိက ၂ ချက်ကို သွားတွေ့ပါတယ်။

ပထမအချက်ကတော့ ဒီလင်္ကာလေးဟာ မြန်မာ့ရိုးရာအင်္ဂဝိဇ္ဇာပညာကနေ စီးဆင်းလာတယ်လို့ ဆိုပါတယ်။ ပညာရပ်တို့ရဲ့ ထုံးစံအတိုင်း တနင်္ဂနွေနေ့သားကနေ စပြီး ဥပမာပေးထားတာပါ။

တနင်္ဂနွေနေ့သားကို အင်္ဂဝိဇ္ဇာတိုင်ထူရင် သောကြာနဲ့ တနင်္လာနေ့တွေမှာ တနင်္ဂနွေမွေးနံဟာ တိုင်အောက်ကို ရောက်နေတာကို တွေ့ရမှာပါ။ ဒါ့ကြောင့် တနင်္ဂနွေသားတွေကို ဥပမာပြုပြီး ကျန်နေ့သားတွေကိုပါ ဒီလို ဆံပင် မညှပ်သင့်တဲ့ ရက်တွေကို ရှောင်ကျဉ်ခိုင်းတယ်လို့ အင်္ဂဝိဇ္ဇာဆရာတွေက ရှင်းပြပါတယ်။

ဒီနည်းစနစ်အရဆိုရင် တနင်္လာတွေက မွေးနေ့တနင်္လာအပြင် စနေနဲ့ အင်္ဂါနေ့တွေကို ရှောင်ကျဉ်ရပါမယ်။ အင်္ဂါတွေကတော့ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးနေ့တွေ ၊ ဗုဒ္ဓဟူးတွေကတော့ တနင်္လာနဲ့ ကြာသပတေးနေ့တွေ ၊ ကြာသပတေးတွေက အင်္ဂါနဲ့သောကြာ၊ သောကြာတွေက စနေနဲ့ ဗုဒ္ဓဟူး၊ စနေတွေကတော့ ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေကို ရှောင်ရမှာ ဖြစ်ပါတယ်။

ဒုတိယနည်းစနစ်တစ်ခုကတော့ မြန်မာ့ရိုးရာဗေဒင်ပညာက ဌာနပမာဏ အဓိရန်နဲ့ ခွဲခြားတယ်လို့ ဆိုပါတယ်။

မွေးနေ့ဟာ သောကြာဆိုရင် သောကြာရဲ့အဓိရန်ဟာ တနင်္လာဖြစ်တဲ့အတွက် မွေးနေ့သောကြာ၊ တနင်္လာဆိုပြီး ဖြစ်လာတယ်လို့ ဆိုပါတယ်။ အိမ်ထောင်ဖက် မပြုရလို့ လူအတော်များများ သိထားကြတဲ့ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာဆိုတဲ့ အဓိရန်ကြီးတွေကို ရှောင်ခိုင်းတဲ့ သဘောဖြစ်ပါတယ်။

ဒီဥပဒေသအရဆိုရင်တော့ တနင်္ဂနွေနေ့သားသမီးတွေဟာ ဗုဒ္ဓဟူး၊ တနင်္လာဟာ သောကြာ၊ အင်္ဂါဟာ ရာဟု (ဗုဒ္ဓဟူးနေ့ မွန်းလွဲနောက်ပိုင်း )၊ ဗုဒ္ဓဟူးဟာ တနင်္ဂနွေ၊ ကြာသပတေးဟာ စနေ၊ သောကြာဟာ တနင်္လာ၊ စနေဟာ ကြာသပတေးနေ့တွေမှာ ဆံပင်ကေသာ မညှပ်သင့်ဘူးလို့ မှတ်သားရမှာ ဖြစ်ပါတယ်။

အဲဒီတော့ ဒီနည်းစနစ် ၂ ခုမှာ  ဘယ်ဟာကို ဘယ်လို မှတ်သားပြီး ဘယ်ဒင်းကို အမှန်ယူရမယ်ဆိုတာ ဇဝေဇဝါ၊ ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ဘိုးအေ ဆံပင်ညှပ်ဆရာကြီးကတော့ “မွေးနေ့ သောကြာတနင်္လာ ကေသာ ဆံညှပ် မပြုအပ်လို့ ဆိုမယ့် အစား မွေးနေ့ သောကြာ၊ တနင်္လာကေသာ ပယ်ရှင်း ဘေးရန်ကင်းလို့သာ မှတ်သား နိမိတ်ကောင်း ယူဖို့ တိုက်တွန်းထားပါတယ်ဗျာ။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)