ရှောင်ကျဉ်အပ်သော ဆဲ (၄) ပါး အခါများ

မြန်မာ့ရိုးရာ အစဉ်အလာမှာ ရက်ရာဇာ၊ ပြဿဒါးရယ်လို့ ရက်ကောင်း၊ ရက်ညံ့တွေကို အလွယ်တကူ ခွဲခြားလေ့ ရှိပေမယ့် တကယ်တမ်း ရက်ကောင်းရက်မြတ်နဲ့ သန့်ရှင်း စင်ကြယ်တဲ့ အချိန်အခါကောင်းတွေကို ရွေးချယ်ရာမှာ ပိုပြီး အနုစိတ်တဲ့ ဗေဒင်နည်းစနစ်တွေ ရှိပါတယ်။

နောက်တခါ လောကီပိုင်းမှာ အခုလို ရက်ကောင်း၊ ရက်ဆိုးတွေ ခွဲခြားလေ့ ရှိပေမယ့် လောကုတ္တရာပိုင်းမှာတော့ အခါကောင်းကို စောင့်ရင် လူညံ့အဖြစ် သတ်မှတ်ပြီး နေ့ကောင်းရက်သာ အခါတွေရယ် မရွေးတော့ဘဲ ကောင်းမှုကို ပြုလုပ်ရာ၏လို့ ဆုံးမလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း လောကီလူ့ဘောင်ရဲ့ ကောင်းဆိုးနှစ်တန်က မကင်းလွတ်နိုင်သေးတဲ့ သာမန်လူသားတွေ အဖို့တော့ ရက်ကောင်းရက်မြတ် အခါကောင်းတွေ ရွေးချယ်တာကို ရိုးရာတစ်ခုလို ပြုလုပ်နေကြမြဲ ဖြစ်ပါတယ်။

ဒီလို အခါကောင်း ရွေးချယ်ရာမှာ ဗေဒင်သုတတစ်ခု မျှဝေချင်တာကတော့ ဆဲ (၄) ပါး အခါအကြောင်းပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဆဲ (၄) ပါး ဆိုတာ နက္ခတ္တဗေဒပညာရပ်ကနေ ဆင်းသက်လာတာ ဖြစ်ပြီး နေထွက်စ၊ နေဝင်စ၊ မွန်းတည့်ဆဲဆဲ၊ သန်းခေါင်ဆဲဆဲ အချိန်တွေကို ရည်ညွှန်းပါတယ်။ နက္ခတ်ဗေဒင်ပညာမှာ တနင်္ဂနွေ နေမင်း အသွားအလာနဲ့ မိုးကုတ်စက်ဝိုင်း ထိစပ်ရာ လဂ်တို့ ကိန်းခံတဲ့ အနေအထားမျိုးကို ဆိုလိုတာပါ။

သာမန်လူတွေ အလွယ်မှတ်သားဖို့ ဆိုရင်တော့ နေထွက်ဆဲ၊ နေဝင်ဆဲ အခါ ၂ ပါးရယ်၊ မွန်းတည့် လုဆဲဆဲနဲ့ သန်းခေါင် ရောက်လုဆဲ အခါ (၂) ပါးရယ်၊ စုစုပေါင်း ဆဲ (၄) ပါးအခါကို သတိထား ရှောင်ရမှာ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဘာ့ကြောင့် ဒီဆဲ (၄) ပါးအခါကို ရှောင်ခိုင်းလဲဆိုရင် ကြယ်တာရာတွေကို မမြင်ရတော့တဲ့ နေထွက်စ ကောင်းကင်နဲ့ နေဝင်ဆည်းဆာ အချိန်တွေဟာ အညံ့အခိုက် ရှိတယ်လို့ ရှေးနက္ခတ်ကျမ်းတွေက ဆိုထားပြီး အပူချိန် ပြင်းထန်တဲ့ မွန်းတည့်ဆဲ အချိန်နဲ့ အပူစွမ်းအင် အနည်းဆုံး သန်းခေါင်ယံ ကာလတွေဟာလည်း အလားတူ မဆောင်တဲ့ အချိန်အခါတွေ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

ဒါကြောင့် လုပ်ငန်းသစ် စတင်တာ၊ ကလေး ကင်ပွန်းတပ်တာ၊ ကုမ္ပဏီ အမည်ပေး ဆိုင်းဘုတ် ချိတ်ဆွဲတာ ၊ ကြင်စဦး မောင်နှံတို့ မင်္ဂလာ လက်မှတ် ရေးထိုးတာ စတဲ့ လောကီကိစ္စတွေမှာ ရက်ရာဇာ ပြဿဒါးတွေအပြင် ခုလို ဆဲ (၄) ပါးအခါတွေကိုလည်း သတိထား မှတ်သား ရှောင်ကျဉ်ကြဖို့ ဗေဒင်သုတအဖြစ် မျှဝေလိုက်ရပါတယ်။

ဆဲလေးပါးအခါကို ရှောင်ရှားရင်း မင်္ဂလာအခါကောင်းတွေကို ရွေးယူနိုင်ကြပါစေ – ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)