ရှေးခေတ်ဆန်းဗေဒင်ဆရာကြီးများ သုံးခဲ့သော သက်စစ်ယတြာအစီအရင်

သက်စစ်ယတြာအစီအရင်သည် တစ်နှစ်အတွင်း မိမိရောက်ရှိနေသော အသက်ပိုင်းအလိုက် လိုရာကိစ္စအလိုက် ဆောင်ရွက်ရသော ရှေးခေတ်ဆန်းဆရာကြီးများ အသုံးပြုခဲ့သည့် ယတြာအစီအရင်ထူးတစ်ခုဖြစ်သည်။

ဗေဒင်ပညာနှင့် အသက်မွေးဝမ်းကျောင်းပြုလာသည့် သက်တမ်းတစ်လျောက်တွင် ကိုယ်တိုင်ကိုယ်ကျ အသုံးပြု အကြံပြုခဲ့ရာ၌ ထူးခြားခဲ့သောယတြာအစီအရင်တစ်ခုလည်းဖြစ်သည်။ ဆန်းကျမ်းပညာ၏ ဣဌအနိဌသဘောကို ကျားမအလိုက် ခွဲခြားထားသည့် စနစ်ကျသော ယတြာအစီအရင်ဟု ဆိုရပေမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လုပ်ဆောင်ပုံလုပ်ဆောင်နည်းမှာ လက်ရှိ မိမိရောက်ဆဲအသက်ကို သိရမည် ဖြစ်သည်။ ရောက်ဆဲအသက်ဟု ဆိုရာတွင် ၂၀ ပြည့်ပြီးပါက ၂၁ အဖြစ် မှတ်ယူရပါမည်။ ၃၁နှစ် ပြည့်ပြီးသူသည် ၃၂နှစ်ဟု မှတ်ယူရမည်။

မိမိရောက်ဆဲအသက်ကို တည်ပြီး ၄-ဖြင့် စားပါ။ ရလဒ်ကို မှတ်သားရပါမည်။ အကြွင်း မလိုပါ။ ဥပမာ – အသက် ၃၀ အရွယ်ရှိ ဗုဒ္ဓဟူးသားကို တွက်ပြပါမည်။ အသက်ကို တည်၍ ၄-ဖြင့်စားပါက ၇-သည် ရလဒ်ဖြစ်ပြီး အကြွင်း ၂ ရပေမည်။ ရလဒ်ကိုသာ ယူရမည်ဖြစ်ပေရာ (၇) ရပေမည်။ ထိုရလဒ် (၇) အတိုင်း လှူဖွယ်ပစ္စည်းကို အရေအတွက်ကို ယူရပါမည်။

အဆိုပါရလဒ်အရေအတွက်အတိုင်း တန်ခိုးကြီးဘုရားစေတီတစ်ဆူတွင် မိမိမွေးနံထောင့်မှစ၍

-အတတ်ပညာနှင့် ဘုန်းတန်ခိုး ထွန်းတောက်စေရန် ဆီမီး၊ အလင်းတိုင် လှူဒါန်းရမည်။

– မျက်နှာပွင့်လန်းခြင်း၊ ရောင်းရေးဝယ်တာပွင့်လန်းခြင်း လူချစ်လူခင်များလိုခြင်းများအတွက် ပန်းလှူဒါန်းရမည်။

– အပူသောက ငြိမ်းလိုခြင်း၊ အမှုပြဿနာ အေးချမ်းလိုခြင်း၊ စိတ်အေးချမ်းလိုခြင်းများအတွက် ရေလှူရမည်။

– စီးပွားဥစ္စာပြည့်စုံလိုခြင်း၊ လိုရာဆန္ဒပြည့်စုံလိုခြင်းများအတွက် ဆွမ်း၊အာဟာရ လှူဒါန်းရပေမည်။

လှူဒါန်းသောအခါ မိမိမွေးနံထောင့်မှ စတင်ပြီး အမျိုးသားများဆိုပါက လက်ယာရစ်၊ အမျိုးသမီးများဆိုပါက လက်ဝဲရစ် လှူဒါန်းရပေမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မှတ်သားရန်မှာ အမျိုးသားများသည် လဆန်းရက် (သို့) လပြည့်နေ့များအတွင်း မိမိမွေးနေ့နှင့် တိုက်ဆိုင်သော ရက်တစ်ခုတွင် လိုရာကိစ္စအလိုက် လှူဒါန်းယတြာပြုရပေမည်။ အမျိုးသမီးများသည် လဆုတ်ရက် (သို့) လကွယ်နေ့များတွင် မိမိမွေးနေ့နှင့် တိုက်ဆိုင်သည့် ရက်တစ်ခုတွင်း ကိစ္စအလိုက် လှူဒါန်းရပေမည်။

ဥပမာ တွက်ပြခဲ့သော အသက် ၃၀ အရွယ်ဗုဒ္ဓဟူးသားသည် လဆန်းရက်နှင့် ဗုဒ္ဓဟူးနေ့ တိုက်ဆိုင်သောနေ့ရက် တစ်ခုတွင် အတတ်ပညာနှင့် ဘုန်းတန်ခိုးထွန်းတောက်မှုအတွက်ဆိုပါက ဆီမီးအလင်းတိုင် ၇-တိုင်ကို မွေးနံ ဗုဒ္ဓဟူးထောင့်မှ စနေထောင့် ၊ စနေထောင့်မှ ကြာသပတေး၊ ကြာသပတေးမှ ရာဟုစသဖြင့် စေတီလက်ယာရစ် ထောင့်များအတိုင်း လှူဒါန်း၍ ဆုတောင်းသွားရပါမည်။ နောက်ဆုံးအင်္ဂါထောင့်တွင် အဆုံးသတ်ပါမည်။

(မှတ်ချက် – ဗုဒ္ဓဟူးသမီး ဖြစ်ပါက မွေးနံဗုဒ္ဓဟူးထောင့်မှ အင်္ဂါထောင့်၊ အင်္ဂါမှ တနင်္လာ၊ တနင်္လာမှ တနင်္ဂနွေ စသည်ဖြင့် လက်ဝဲရစ်လှည့်ကာ ကိစ္စရပ်အလိုက် ဆီမီး (သို့) ပန်း (သို့) ဆွမ်းတစ်ခုခု လှူဒါန်းသွားရပါမည်)

ထိုကဲ့သို့ ဂြိုဟ်ခွင်ထောင့်အတိုင်း လှူဒါန်းနိုင်ပါက ယတြာကိစ္စ ပြီးမြောက်ပေမည်။ မျက်နှာ ပွင့်လန်းလိုခြင်း အရောင်းအဝယ် ပွင့်လန်းခြင်းများအတွက် ဆီမီး ၇-တိုင်နေရာတွင် ပန်း၇-ပွင့်ကို အစားထိုးလှူဒါန်းရပေမည်။

ဤသို့ ဆောင်ရွက်ခြင်းဖြင့် တစ်နှစ်တာအတွင်း လိုရာကိစ္စ ပြီးမြောက်အဆင်ပြေခြင်းရှိပါမည်။ ရှေးခေတ်အခါက မြန်မာ့ဆန်းကျမ်းဗေဒင်ဆရာကြီးများ အသုံးပြုခဲ့သော ရှားပါးယတြာပညာခန်းတစ်ခု မပျောက်မပျက်စေရန်နှင့် လက်တွေ့အသုံးချ အကျိုးဖြစ်ထွန်းစေရန် ရည်သန်၍ ရေးသားဖော်ပြပေးလိုက်ပါသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)