ဝေမျှအတူ…သူလည်းယူစေ

လူမှုကွန်ရက်တွေပေါ်မျာ မကောင်းသော အနိဌာရုံပုံတွေ ကို လွယ်လင့်တကူ Share နေတာနဲ့ ပတ်သက်လို့ မသင့်ကြောင်း ကျွန်တော် အနည်းငယ် ရှင်းပြပေးပါမယ်။ မဟာဘုတ်ဗေဒင်ပညာမှာ အင်္ဂါကို ညီညွှတ်ရေးဂြိုဟ်လို့ ကျွန်တော့် အတွေ့အကြုံအရ ယူဆပါတယ်။ ညီညွတ်တယ် ဆိုတာ တစ်သဘောတည်း ထပ်တူကျစွာ လက်တွဲဆောင်ရွက်နိုင်ခြင်းပါပဲ။ တနည်းအားဖြင့် စပ်တူအစုစပ် သဘောတူညီစွာ ဆောင်ရွက်နိုင်ခြင်း၊ ကောင်းတူဆိုးဖက် အေးအတူ ပူအမျှ ဆောင်ရွက်နိုင်ခြင်း၊ သုခ ဒုက္ခဟူသမျှကို အတူတစ်ကွ ဝေမျှခံစားနိုင်ခြင်း တနည်းအားဖြင့် လက်တွဲမကွာ အရာရာကို ရှယ်ယာဝေမျှ ခံစားနိုင်ကြခြင်းလို့လည်း ဆိုနိုင်ပါတယ်။

အဲဒီတော့ အင်္ဂါဂြိုဟ်ဟူသည်မှာ….စပ်တူအစုစပ်ပြုခြင်း၊ သဘောတူညီလက်တွဲနိုင်ခြင်း ရှယ်ယာဝေမျှ ခံစားနိုင်ကြခြင်း စတာတွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာ ..သိမြင်ကြလောက်ပါပြီ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကောင်းပြီ။ ဒီကနေ့ Facebook ပေါ်မှာ လူအများစိတ်နောက်စရာ ၊ သွေးသံရဲရဲ မမြင်ရဲမမြင်ဝံ့စရာတွေ၊ ရွံစရာတွေ၊ စိတ် အနှောက်အယှက် ဖြစ်မယ့် ပုံတွေ၊ နိုင်ငံရေး လှုံ့ဆော်သွေးထိုးမှုတွေ ၊ စာတွေ ၊ ညစ်ညမ်း ရုပ်သံတွေ၊ စသဖြင့်တွေကို မြိန်ရည်ယှက်ရည် Share နေကြခြင်းသည် မကောင်းသော ရှယ်ယာမျှဝေခြင်းပါပဲ။

ဒီနေရာမှာ အထက်က ဖော်ပြခဲ့သော အင်္ဂါဂြိုဟ်ရဲ့ သဘာဝဆိုးကို ပြုလုပ်နေခြင်း (၀ါ) မကောင်းသော ရှယ်ယာ ဝေမျှမှုများ ပြုလုပ်မိနေခြင်း ဖြစ်တယ်ဆိုတာ ဆင်ခြင်မိကြလိမ့်မယ် ထင်ပါတယ်။ အဲဒီတော့ ထိုပုဂ္ဂိုလ်မှာကော အင်္ဂါဂြိုဟ်သည် ကောင်းသော အကျိုးကို ပေးနိုင်မလား၊ ဆိုးသော အကျိုးကို ပေးမလား၊ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။

ဗေဒင်မယုံဘူး ။ ရတယ်။ မယုံပါနဲ့။ လက်တွေ့ ရက် ၃၀ လောက်ပဲ လုပ်ကြည့်ပါ။ ပုံမှန်တစ်ရက်ကို များများ မရှယ်ပါနဲ့။ တစ်ရက်ကို အနိဌာရုံ တစ်ခုလောက်ပဲ ရှယ်ကြည့်ပါ။ ရက် ၃၀ အတွင်း ဘာတွေဖြစ်လာမလဲ စောင့်သာကြည့်လိုက်ပါ။ မယုံပါနဲ့။ လက်တွေ့ စမ်းကြည့်ပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အဲဒီ့ပုဂ္ဂိုလ် လုပ်သမျှတွေ လွဲလာပါမယ်။ ရည်ရွယ်ချက်တွေ ပျက်လာမယ်။ မတော်တဆမှုတွေ ဖြစ်လာမယ်။ မျှော်လင့်ချက် ကုန်ခမ်းလာသလို ဖြစ်လာမယ်။ ဟိုလူနဲ့မတည့် ၊ သည်လူနဲ့ အဆင်မပြေတွေဖြစ်လာမယ်။ အိမ်ထောင်ရှိသူဖြစ်ရင် အိမ်ထောင်ဖက်နဲ့ အဆင်မပြေချင်တော့ဘူး ဖြစ်လာမယ်။ ရည်းစားရှိရင် ရည်းစားနဲ့ လမ်းခွဲရမလို ဖြစ်လာမယ်။ လက်မထပ်မီ စေ့စပ်ကြောင်းလမ်းခါနီး ကာလ ဖြစ်နေရင် လုံးဝ စေ့စပ်မှု ပျက်ထွက်သွားမယ်။ စပ်တူလုပ်ငန်းတစ်ခုခုများ လုပ်ထားမိရင် လက်တွဲထားသူတွေနဲ့ စိတ်ဝမ်းကွဲလာမယ်။

မဖြစ်ခင်မှာ အဲဒီ့လူလက်မှာပတ်ထားတဲ့ နာရီ ၊ အိမ်မှာချိတ်ထားတဲ့နာရီတွေ ရပ်လာမယ်။ အားကုန်ခြင်း ပျက်ခြင်းတွေ ဖြစ်လာပါမယ်။ ပြီးရင်တော့ နားကားပြီသာ အောက်မေ့လိုက်ပါတော့။ ကန်တော့ဗျာ…။ ( ဟားးး သောက်ဆန်းကြီးတွေ လာပြောနေတယ်.. ဘာတွေလဲကွာ..) ။ အဲလိုတွေးပြီး စမ်းချင်သပဆိုလည်း စမ်းသပ်ကြည့်ပါ။

ဘာကြောင့်လဲ…..ရှင်းရှင်းလေးပါ။ အခြားသူတွေကို မကောင်းသော အရာများ ရှယ်ယာဝေမျှပေးနေခြင်းရဲ့ နောက်ဆက်တွဲ တန်ပြန် အကျိုးသက်ရောက်မှုသည်..အခြားသူများဆီက မကောင်းသော အင်အားများကိုလည်း ရှယ်ယာပြန်ယူရစေနိုင်ခြင်းပါပဲ။

မျက်စိနဲ့မမြင်ရပါဘူး။ ဒါပေမယ့် …စိတ်ချနေ….ရောက်လာပါလိမ့်မယ်။ အချို့တွေ မတတ်သာလို့ သွေးထိုး လှုံ့ဆော်ပုံတွေ၊ စာတွေ၊ ဖြန့်ဝေနေရတဲ့ ပုဂ္ဂိုလ်တွေ….ဒီစာဖတ်မိတဲ့အခါ …ငါတို့ဘာကြောင့် အဆင်မပြေမှုတွေ များနေရသလဲ ဆိုတဲ့အဖြေကို အနည်းနဲ့ အများ တွေ့သွားပါလိမ့်မယ်။ သူတို့သည် ဒီအင်အားစုတွေကို မုချခံစားနေကြရမှာမို့လို့ပါပဲ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အဲဒီတော့ မျှဝေရှယ်ယာ လုပ်တာချင်းအတူတူ သူတစ်ပါးကို၊ သို့မဟုတ် သင့်မိတ်ဆွေတွေကို ကောင်းသော မျှဝေပေးမှု၊ ကောင်းသော ရှယ်ယာ ဝေမျှပေးမှုလေးတွေ ဖြစ်ပါစေ။ သုဘာသုဘဟု ခေါ်ဆိုထိုက်သော.မြတ်နိုးဖွယ်ရာတို့ကိုသာ ဝေမျှပေးတတ်ပါစေ။ ဥပမာ ရက်ပေါင်း ၃၀ ၊ တစ်လလောက် မှတ်မှတ်သားသားလေး နေ့စဉ် ..ကောင်းသော အရာလေးတွေ ရှယ်ယာ ကြည့်ကြပါ။ ကောင်းတဲ့ အင်အားစုလေးတွေ မိတ်ဆွေများရဲ့ ဘ၀ထဲကို ပြန်လည်ဝင်ရောက်လာကြပါလိမ့်မယ်။ ဥပမာအားဖြင့် နေ့စဉ် နံနက်တိုင်း ဘုရား တစ်ဆူဆူ ၊ စေတီတစ်ဆူဆူ၏ ပုံတော်ကို မျှဝေနေသူ၊ မှတ်သားဖွယ်ရာ တရားဓမ္မစကား၊ အကျိုးပွားစေမည့် ဗဟုသုတ အစရှိတဲ့ ကောင်းသော ရှယ်ယာဝေမျှခြင်း အလေ့အကျင့်ကို လုပ်ကြည့်ကြပါ။

(စကားစပ်လို့ ပြောခဲ့ပါဦးမည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ  အင်္ဂါဂြိုဟ် အားကောင်းစွာ ပြုကျင့်လေ့ရှိသော ဓလေ့ကောင်းလေး တစ်ခု ရှိ၏။ မိမိတို့ ကုသိုလ်အမှုကို …အခြားသူတို့အား ရကြပါစေ၊ ဝေမျှပေးခြင်း ၊ ရှယ်ယာ ပေးခြင်းပင်တည်း။ တနည်း…အမျှပေးခြင်း ဖြစ်သတည်း။ ဤသည်ကြောင့်..ကျွန်တော်တို့ကျွန်မတို့ အင်္ဂါဂြိုဟ် အားနည်းချိန်မို့ ဘေးဥပါဒ်ကြုံနေကြပါပြီ ဆိုသူတွေ ကောင်းမှုလုပ်၍ ကောင်းသော အမျှကို ဝေနိုင်ကြပါစေ။ )

ဗုဒ္ဓဘာသာ မြန်မာစစ်စစ် ဖြစ်သော… – ဆရာစိုးမိုးထွန်း (ခ) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)