သေအောင် မှန်တဲ့ ဗေဒင်ဆရာ

တခါတုန်းကပေါ့။ လူတစ်ယောက်ကို ဗေဒင်ဆရာက ဟောပေးလိုက်တယ်။ “ခင်ဗျားက တခြားဘာရောဂါနဲ့မှ မသေဘူး။ ခေါင်းကို အရိုက်ခံရပြီး သေမှာ” တဲ့။ အဲဒီလူကလည်း ဗေဒင်ဆရာကို ယုံလို့ အဲဒီဟောကိန်းကို စိတ်ထဲ စွဲအောင်ကို မှတ်ထားတယ်။

ဒီလိုနဲ့ အဲဒီလူ အသက်အရွယ် ရလာတဲ့အခါ သူတို့ဒေသမှာ ကာလဝမ်းရောဂါကြီး ဖြစ်တယ်။ ဝမ်းရောဂါနဲ့ သေကြလွန်းလို့ အလောင်းတောင် မမြုပ်နိုင်တော့ဘဲ ကြုံသလို ဖျာနဲ့လိပ်ပြီး သင်္ချိုင်းမှာ သွားပစ်ရမယ်။ သူကတော့ ဗေဒင်ဆရာဟောချက်ကို စွဲမြဲ ယုံကြည်သူ ဖြစ်လို့  ဝမ်းရောဂါ ဖြစ်မှာ မပူဘူး။ နေမြဲစားမြဲပဲ။ အနေအစား ဆင်ခြင် သတိထားဖို့ ပြောတဲ့ သူတွေကိုတောင် “ကျုပ်က ဝမ်းရောဂါနဲ့ မသေဘူးဗျ။ ခေါင်းအရိုက်ခံရပြီး သေမှာ” လို့တောင် ပြန်ပြောတယ်။

ဖြစ်ချင်တော့ အဲဒီလူကို ဝမ်းရောဂါ ကူးပြီး ရှောသွားတယ်။ ဒါနဲ့ပဲ အလောင်းကို ဖျာလိပ်နဲ့ ပတ်ပြီး သင်္ချိုင်းမှာ သွားပစ်လိုက်တယ်။ တကယ်တော့ အဲဒီလူက မသေသေးဘူး။ သတိ လစ်ပြီး မျောနေတာ။ သေလား မသေလား သေချာ မစစ်နိုင်တဲ့ ကာလမို့ မသေဘဲ သင်္ချိုင်းမှာ သွား အပစ်ခံရတာ။

သင်္ချိုင်းမှာ အပစ်ခံရတဲ့ အဲဒီလူလည်း မှောင်ရီပျိုးလို့ ပြန်နိုးလာတော့ ဖျာလိပ်ထဲကနေ ညည်းသံလေး ပေးရင်း ခေါင်းကလေး ပြူပြီး ထွက်လာတယ်။ အဲဒီမှာတင် အလောင်းကနေ ရသမျှ ခွာဖို့ ရောက်လာတဲ့ သုဘရာဇာက မှောင်မှောင်မဲမဲနဲ့ သရဲခြောက်တယ် မှတ်ပြီး ပါလာတဲ့ သံတူရွင်းနဲ့ ခေါင်းတည့်တည်ကို တီးထည့်လိုက်တယ်။ အဲဒီလူလည်း ဝမ်းရောဂါနဲ့ မသေဘဲ ခေါင်းကို အတီးခံရတဲ့ ဒဏ်ရာနဲ့ပဲ တကယ် သေသွားတော့တယ်။

ဝန်ခံချက် – စာရေးဆရာကြီး မောင်ထင်ရဲ့ ဝထ္ထတိုတစ်ပုဒ်ကို မှတ်မိသလို ပြန်ရေးပါတယ်။ ပြောချင်တာက ဒါနဲ့ သေမယ့် လူက ဟိုဟာနဲ့ မသေဘူး ဆိုတဲ့ သေခြင်းတရားရဲ့ ဆန်းကြယ်ပုံလေးပါပဲဗျာ။ ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)