သွေးရောင်လကြတ်မှုနဲ့ ရိုက်ခတ်မှုအများဆုံး ရာသီဖွားများ

ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ လအပြည့်အဝ ကြတ်တဲ့ ဖြစ်စဉ်ကို ကမ္ဘာ့နိုင်ငံဒေသတချို့ကနေ မြင်တွေ့ရမှာ ဖြစ်ပြီး  မြန်မာနိုင်ငံကတော့ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ရှေးနက္ခတ်ကျမ်းတွေအရ နေကြတ်လကြတ်ကို မြင်တွေ့ရတဲ့ တိုင်းပြည်ဒေသတွေမှာ ကံကြမ္မာ အပြောင်းအလဲတွေ ဖြစ်ပွားတတ်တယ် ဆိုတော့ ဒီတစ်ခါ လကြတ်ဖြစ်စဉ်ကို မမြင်ရတဲ့ မြန်မာပြည်အတွက် စိတ်သက်သာရာ ရစေမှာ အမှန်ပါပဲ။

ဒီနေ့ လကြတ်မှုဖြစ်စဉ်မှာ ထူးခြားချက်တွေ ရှိပါတယ်။ ပထမအချက်က ပုံမှန်ထက် ကမ္ဘာနဲ့ ပိုပြီး နီးလာမယ့် တနည်းအားဖြင့် ပိုပြီး ကြီးမားတောက်ပတဲ့ လကို မြင်တွေ့ရမှာ ဖြစ်ပြီး ဒုတိယအချက်အနေနဲ့ အနီရောင်သန်းတဲ့ လမျက်နှာပြင်ကို တွေ့မြင်ရမှာပါ။ တနည်းခေါ်ရရင် သွေးရောင်လွှမ်းတဲ့ လပြည့်ညပါပဲ။

တတိယအချက်ကတော့ အမေရိကရဲ့ ဒေသခံ တိုင်းရင်းသားတွေ အယူအဆအရ ဇန်နဝါရီလဟာ ဝံပုလွေတွေ တစ်လလုံး အူသံပေးတဲ့ လဖြစ်လို့ ဒီလမှာ သာတဲ့ လပြည့်ညကို ဝံပုလွေလမင်းလို့လည်း ခေါ်ဝေါ်ကြပါတယ်။

အနောက်တိုင်းနက္ခတ္တဗေဒအရ အခု လပြည့်ညမှာ လကြတ်တဲ့ ဖြစ်စဉ်ဟာ သိဟ်ရာသီခွင်ထဲမှာ ဖြစ်ပြီး လကြတ်ပြီးနောက်မှာ နိုင်ငံအသီးသီးကိုသာမက လူတစ်ဦးတစ်ယောက်ချင်းမှာပါ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လေ့ ရှိတယ်လို့ ဗေဒင်အယူအဆက ဖွင့်ဆိုပါတယ်။ ဒီတစ်ခေါက် လကြတ်ရာမှာ အဓိက ရိုက်ခတ်မှု အခံရဆုံး ရာသီဖွားတွေကတော့ မိဿ၊ မေထုန်၊ ကရကဋ်၊ မကာရနဲ့ ကုမ်တွေပဲ ဖြစ်ပါတယ်။

ဗေဒင်အယူအဆမှာ လစန္ဒာဟာ စိတ်ပိုင်းဆိုင်ရာကို လွှမ်းမိုးခြယ်လှယ်သူ ဖြစ်လို့ လကြတ်မှု ဖြစ်စဉ်တွေနဲ့အတူ စိတ်အပြောင်းအလဲ မြန်တာ၊ စိတ်ဓာတ် အတက်အကျ များတာ၊ စိတ်ဂဏှာ မငြိမ်တာ၊ စဉ်းစား တွေးတောမှု လွဲချော်တာ၊ ခံစားချက်တွေ သိပ်ပြင်းထန်လာတာ၊ အရာရာကို အဆိုးမြင်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။

လောကီ ဂမ္ဘီရအတတ်ပညာတွေမှာလည်း လကြတ်တဲ့အခါ သက်ဆိုင်ရာ အစီအရင်တွေ ပြုလုပ်တာ၊ ယတြာ မန္တန်အတတ်တွေ ကွန့်မြူး ကစားကြတာတွေ လုပ်ဆောင်လေ့ ရှိပါတယ်။ အထူးသဖြင့် သွေးသားရော စိတ်ပါ နုနယ်တဲ့ ကိုယ်ဝန်ဆောင်တွေ၊ မိန်းမငယ်လေးတွေ၊ ကလေးသူငယ်တွေကို လကြတ်တာ မကြည့်ကြဖို့ ရှေးတုန်းက တတ်သိနားလည်တဲ့ လူကြီးသူမတွေက သတိပေး တားမြစ်ခဲ့ဖူးတယ်လို့ ဆိုရင်း နိဂုံးချုပ်ပါရစေ။

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)