အခက်အခဲများစွာအတွက် အောင်မြင်ခြင်းယတြာ

အလုပ်အကိုင် မကောင်း ဖြစ်နေသူတွေ၊ အရောင်းအဝယ် မသွက် ဖြစ်နေသူတွေ၊ ဆိုင်ခန်းအလုပ်ခန်းတွေနဲ့ ကုမ္ပဏီလုပ်ငန်းတွေမှာ အခက်အခဲ ဖြစ်နေသူတွေအတွက် ဇေယျံ (ခေါ်) နဝင်းဂြိုဟ် အားကောင်းစေမယ့် ပဉ္စပွတ်ယတြာနည်းတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

ဒီယတြာဟာ လုပ်ပုံလုပ်နည်း မခက်ပေမယ့် နေ့စဉ်ရက်ဆက် သတ်မှတ်တဲ့အတိုင်း လှူဒါန်းရမှာ ဖြစ်တဲ့အတွက် မပျက်မကွက် လုပ်နိုင်ဖို့တော့ လိုပါတယ်။ ယတြာအရ ဘုရားကို လှူဖွယ်ပစ္စည်းတွေနဲ့ လှူဒါန်းတဲ့အခါမှာလည်း ပုံမှန်အတိုင်း ဘုရားကန်တော့၊ ပရိတ်ပဌာန်းဂါထာတော်တွေ ရွတ်ဖတ်ပြီး မေတ္တာပို့၊ အမျှဝေ ဆုတောင်းတာကို လုပ်သွားရမှာ ဖြစ်ပါတယ်။

ယတြာတစ်ကြိမ် ပြီးမြောက်သွားလို့ ကိုယ့်လိုရာကိစ္စ မပြည့်ဝ ၊ မအောင်မြင်သေးရင် နောက်ထပ် အနည်းဆုံး (၃) ကြိမ်ထိ လုပ်ပေးသင့်ပါတယ်။

တနင်္ဂနွေသားသမီး

တနင်္ဂနွေနေ့ဖွားတွေဟာ ကြာသပတေးနံ လှူဖွယ်ပစ္စည်း တစ်ခုခု (ဥပမာ – ပေါင်မုန့်၊ ဘိန်းမုန့်၊ မေမြို့ပန်း) ကို အရေအတွက် (၁၁) ခု ယူပြီး (၁၁) ရက်တိတိ မပျက်မကွက် နေ့စဉ် လှူဒါန်းသွားရပါမယ်။ စတင်လှူဒါန်းရမယ့် ရက်က မွေးနေ့ မနက် ၉ နာရီ ၉ မိနစ်တိတိ ဖြစ်ပါတယ်။

တနင်္လာသားသမီး

တနင်္လာနေ့ဖွားတွေဟာ သောကြာနံ လှူဖွယ်ပစ္စည်းတစ်ခုခု (ဥပမာ သီဟိုဠ်ညွှန့်၊ သီးညွှန့်၊ သီးစုံယို) တစ်ခုခုကို အရေအတွက် (၁၄) ခု ယူပြီး (၁၄) ရက်တိတိ မပျက်မကွက် နေ့စဉ် လှူဒါန်းရပါမယ်။ မွေးနေ့ တနင်္လာ မနက် ၉ နာရီ ၉ မိနစ်တိတိမှာ စတင် လှူဒါန်းပေးရမှာ ဖြစ်ပါတယ်။

အင်္ဂါသားသမီး

အင်္ဂါနေ့ဖွားတွေဟာ စနေနံသင့် လှူဖွယ်ပစ္စည်းတစ်မျိုးမျိုး (ဥပမာ ဒန်းညွှန့်၊ ဒေါနပန်း၊ ထန်းညွှန့်၊ ထန်းလျက်) စတဲ့ လှူဖွယ်အရေအတွက် (၁၀) ခုကို (၁၀) ရက်တိတိ နေ့စဉ် လှူဒါန်းပေးရပါမယ်။ စတင် လှူဒါန်းပေးရမယ့် ရက်က မွေးနေ့ မနက် ၉ နာရီ ၉ မိနစ်တိတိ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးသားသမီး

ဗုဒ္ဓဟူးနေ့ဖွားတွေဟာ တနင်္ဂနွေနံသင့် လှူဖွယ်တစ်ခုခု (ဥပမာ အုန်းညွှန့်၊ အုန်းပန်း၊ အုန်းသီးစိတ်) တစ်ခုခုကို အရေအတွက် (၁၃) ခု ယူပြီး (၁၃) ရက်တိတိ မပျက်မကွက် နေ့စဉ် လှူပေးရပါမယ်။ မွေးနေ့ ဗုဒ္ဓဟူးမနက်ခင်း ၉ နာရီ ၉ မိနစ်တိတိမှာ စတင် လှူဒါန်းပေးရမှာ ဖြစ်ပါတယ်။

ကြာသပတေးသားသမီး

ကြာသပတေးနေ့ဖွားတွေဟာ တနင်္လာနံသင့် လှူဖွယ်တစ်ခုခု (ဥပမာ ကံကော်ညွှန့်၊ ကြံဆစ်၊ ကိတ်မုန့်) တွေကို အရေအတွက် (၉) ခုနဲ့ (၉) ရက်ဆက်တိုက် နေ့စဉ် လှူဒါန်းပေးရပါမယ်။ စတင် လှူဒါန်းပေးရမယ့်နေ့ကတော့ မွေးနေ့ မနက် ၉ နာရီ ၉ မိနစ်ပဲ ဖြစ်ပါတယ်။

သောကြာသားသမီး

သောကြာနေ့ဖွားတွေဟာ အင်္ဂါနံသင့် လှူဖွယ်ပစ္စည်း (ဥပမာ ဇော်စိမ်းပန်း၊ ဆူးချွေပြီး ဇီးညွှန့်၊ ဇီဇဝါပန်း) ကို အရေအတွက် (၁၂) ခုနဲ့ (၁၂) ရက်တိတိ နေ့စဉ် မပျက် လှူဒါန်းပေးရပါမယ်။ မွေးနေ့ သောကြာမနက်ခင်း ၉ နာရီ ၉ မိနစ်တိတိမှာ စတင် လှူဒါန်းပေးရပါမယ်။

စနေသားသမီး

စနေနေ့ဖွားတွေဟာ ဗုဒဟူးနံသင့် လှူဖွယ်ပစ္စည်း (ဥပမာ ရွက်လှ ၊ ရဲယိုညွှန့်၊ သောက်တော်ရေ) တစ်မျိုးမျိုးကို အရေအတွက် (၁၅) ခုနဲ့ (၁၅) ရက်ဆက်တိုက် နေ့စဉ်မပျက် လှူဒါန်းပေးရပါမယ်။ စတင် လှူဒါန်းရမယ့်နေ့က စနေနေ့ မနက် ၉ နာရီ ၉ မိနစ်ပဲ ဖြစ်ပါတယ်။

၇ ရက်သားသမီးအားလုံး လိုရာဆန္ဒ ပြည့်ဝအောင်မြင်ကြပါစေ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)