ပြဿဒါးတိုင်းကို ရှောင်စရာ မလို

မြန်မာလူမျိုးအများစုက ပြဿဒါးရက်ဆိုရင် နေ့မကောင်းဘူး ဆိုပြီး ရှောင်တတ်ကြပေမယ့် ပြဿဒါးတိုင်းက မဆိုးဘူး၊ ရှောင်စရာ မလိုဘူးဆိုတာကို သိတဲ့သူ နည်းပါလိမ့်မယ်။ ရိုးရာဗေဒင်ပညာအရ ပြဿဒါးကို လူ့ပြည်၊ နတ်ပြည်နဲ့ နဂါးပြည်ရယ်လို့ (၃) မျိုး ခွဲခြားသတ်မှတ်ထားပါတယ်။

ဆိုတော့..။ ပြဿဒါးရက်တွေကို ရှောင်ရမှာလား၊ ပြဿဒါး ဆိုတာ ဘာလဲ၊ ပြဿဒါးထဲမှာ လူ၊ နတ်၊ နဂါး ဆိုပြီး ၃ မျိုး ဘာကြောင့် ခွဲထားတာလဲ။ ဘယ်ပြဿဒါးရက်မျိုးကို အဓိက ရှောင်ရမှာလဲ။ အဲဒီ အမေးတွေအတွက် အဖြေကို ဗေဒင်သုတ – Baydin Thyuta ရဲ့ စာဖတ်သူတွေအတွက် ရှာဖွေစုစည်းပေးလိုက်ပါတယ်။

ပြဿဒါး ဆိုတဲ့ စကားလုံးဟာ ပျက်စီးခြင်းလို့ အဓိပ္ပါယ် ရှိပြီး နှစ်စဉ် ပြက္ခဒိန် ရေးဆွဲရာမှာ အကြမ်းအားဖြင့် လအလိုက် အောက်ပါ ရက်တွေကို ပြဿဒါးအဖြစ် သတ်မှတ်ထားပါတယ်။

အဲဒီပြဿဒါးရက်တွေထဲမှာ တနင်္ဂနွေနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့တွေက ပြဿဒါး ဖြစ်ရင် နတ်ပြည်ပြဿဒါး လို့သတ်မှတ်ပါတယ်။ အဲဒီရက်တွေမှာ နတ်ပင့်၊ နတ်က၊ နတ်ပူဇော်၊ နတ်ပွဲပေးတာတွေ မလုပ်ရပါဘူး။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ပြီးတော့ သောကြာနေ့၊ စနေနေ့ ဖြစ်မယ်၊ ပြဿဒါးလည်း ကျမယ်ဆိုရင် ဒါဟာ နဂါးပြည်ပြဿဒါး ဖြစ်ပါတယ်။ နဂါးပြည် ပြဿဒါးရက်မျိုးမှာ မြေယာနဲ့ ပတ်သက်တဲ့ (ဥပမာ ပန္နရိုက်၊ အိမ်သစ်ဆောက်၊ လယ်စထွန်၊ ရေတွင်း၊ ရေကန် စတူး၊ ကျောက်တူး) စတာတွေ မလုပ်သင့်ပါဘူး။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ပြဿဒါးတွေထဲမှာ အဓိက ရှောင်ရမှာတော့ လူ့ပြည်ပြဿဒါး ဖြစ်ပါတယ်။ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့ ဖြစ်မယ်၊ ပြဿဒါးရက်လည်း ဖြစ်တယ်ဆိုရင် လူ့လောကရဲ့ မင်္ဂလာကိစ္စ အလုံးစုံကို သတိထားရပါတော့မယ်။ ဥပမာ လက်ထပ်၊ အလှူ မင်္ဂလာတွေ လုပ်တာ၊ ကလေး ကင်ပွန်းတပ်တာ၊ သားသမီး ခွဲမွေးတာ၊ အိမ်သစ် ဆိုင်သစ် ဖွင့်လှစ်တာတွေ ရှောင်ရပါမယ်။

သာမန် ပြက္ခဒိန်အရ လူတိုင်း နားလည်လွယ်အောင် မြန်မာလတွေနဲ့ ပြဿဒါးရက်တွေကို သတ်မှတ်ခဲ့တာ ဆိုပေမယ့် တကယ်တမ်းမှာ ကောင်းကင်က နေမင်း (တနင်္ဂနွေဂြိုဟ်) နက္ခတ်ရာသီခွင်တွေကို လှည့်လည်တဲ့ လတွေနဲ့ သတ်မှတ်မှ ပိုမှန်မယ်လို့ ပညာရှင်ပိုင်းက ယူဆပါတယ်။ လက်တွေ့ လေ့လာသူတွေ သုသေတနပြုပါ။

လောလောဆယ်မှာတော့ ပြဿဒါးရက်တိုင်း ရှောင်စရာ၊ လန့်စရာ မလိုဘဲ လူ၊ နတ်၊ နဂါး ဆိုပြီး ပြဿဒါး (၃) မျိုး ခွဲခြားထားတယ် ဆိုတာကို ဗေဒင်ဝါသနာရှင်၊ ဗဟုသုတ ရှာမှီးလိုသူတွေအတွက် တင်ပြပေးလိုက်ရပါတယ်။

ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)