မြန်မာနှစ်သစ်နဲ့ အချစ်ရေး အိမ်ထောင်ရေးဟောကိန်း

မြန်မာနှစ်သစ် ၁၃၈၀ ခုနှစ်အတွင်းမှာ …

မေတ္တာရေးကံ အားသာချက် အရှိဆုံးက တနင်္ဂနွေနေ့ဖွားတွေပါပဲ။ အတည်ပြောတာနော်။ အပျိုကြီး၊ လူပျိုကြီးတွေ ကျွတ်ချင်သေးသပါ့ဆို ဒီလိုနှစ်မျိုးမှာ ပိုအားစိုက်ကြပေတော့ဗျား။

သေးသေးကွေးကွေး မကြံဘဲ ကြီးကြီးမားမားသာ ကြံစည်ပါ။ ဒီကောင်မလေး၊ ဒီကောင်လေးက ငါနဲ့ အလှမ်း ကွာသပါ့လို့ မတွေးလိုက်ပါနဲ့၊ ဒီတစ်နှစ်က ခပ်မြင့်မြင့်ကို မြားနတ်မောင် မြားပစ်သရမ်းပေးမယ့် နှစ်ပါတဲ့ဗျား။

တနင်္လာနေ့ဖွားတွေက နင်လားဟဲ့ ချစ်ဒုက္ခပါပဲ။ အချစ်နဲ့ ပတ်သက်ပြီး ဝဋ်လည်တတ်သော နှစ်ကာလလည်း ဖြစ်ပါလိမ့်မယ်။

အင်္ဂါနေ့ဖွားတွေကတော့ ရှိတဲ့ အချစ်လေးကို ပုံစံပြောင်း မော်ဒယ် အပ်ဒိတ် လုပ်နိုင်ဖို့သာ ကြိုးစားပါ။ မဟုတ်လို့ကတော့ အချစ်ရေး အိမ်ထောင်ရေးမှာ အခက်ပွေဖို့ လွယ်နေသော ကာလ ဖြစ်ပါတယ်။

သည်တစ်ယောက်နဲ့ တစ်စတစ်စ ဝေးလာရင် ဟိုတစ်ယောက်နဲ့ တစ်စတစ်စ နီးလာတာမျိုး၊ အပြောင်းအလဲ တစ်ခုလည်း အမှတ်မထင် ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ နည်းနည်း သတိထားကြရမယ့် နှစ်မျိုးပါ။

ဗုဒ္ဓဟူးတွေကတော့ လှေနံကို နှစ်ဖက်မက နင်းတတ်ရင် နင်းတတ်သလောက် ခွနင်းမိစေတတ်သော၊ ခွနင်း နိုင်လောက်အောင် နင်းခွင့် ကြုံတတ်သော ကာလပါ။ မလုပ်ပါနဲ့။ အခွ မတော်ရင် ဂွပေါ်သွားနိုင်ပါတယ်။ ငယ်ငယ်နုနု သစ်သစ် ကြိုက်တတ်သော ဗုဒ္ဓဟူးတွေ အတွက်ကတော့ တလွဲအကျိုးပေး ပေးနေသလား အောက်မေ့ရတတ်တဲ့ အချစ်နှစ်မွှာ ပစ်စရာ မရှိအောင် အကျိုးပေးသွားတတ်တဲ့ ကာလမို့ ရှောင်နိုင်ဖို့သာ ကြိုးစားကြပါလေတော့။

ကြာသာပတေးနေ့ဖွားတွေအတွက် ချစ်မှုရေးရာနဲ့ အိမ်ထောင်ရေးကံ အားသာချက် ရှိမည့် ကာလပါ။ တော်တန်ရုံ မူလဇာတာအရ နာမည်အရ ဆိုးကံပါနေသူတွေတောင် ဒီနှစ်ထဲမှာတော့ အိမ်ထောင်ရေး အချစ်ရေး အိုအေစစ်လေး ကြုံရနိုင်ပါတယ်။ လူပျိုလူလွတ်များ အဖို့ ချမ်းသာကြွယ်ဝသူမျိုးနဲ့လည်း ဖူးစာဆုံမိစေတတ်ပါတယ်။

သောကြာနေ့ဖွားတွေအတွက်ကတော့ အချစ်ရေး မေတ္တာရေး ကံအားအနည်းဆုံးပါပဲ။ မချစ်သင့်သူကို ချစ်မိသွားစေတတ်သော နှစ်မျိုးမို့ ပျိုရွယ်သူများ ပိုမို ဂရုစိုက်ကြသင့်ပါတယ်။ မချစ်သင့်သူကို ချစ်မိလို့ ကိုယ်ကျိုးနည်းရတတ်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အနေအထားများစွာနဲ့ ကြုံလာရတတ်ပါတယ်။

စနေနေ့ဖွားတွေအတွက် သည်တစ်နှစ် ၁၃၈၀ ခုနှစ်သည် မေတ္တာရေးမှာ ယှဉ်ပြိုင်ရတာတွေ၊ လုယူရတာတွေ၊ ရန်သူတွေ ၊ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြီး စစ်ထိုးရတတ်သော၊ အချစ်နဲ့ စစ် ဒွန်တွဲနေတတ်သော နှစ်မျိုး ဖြစ်ပါတယ်။

တစ်ကယ်လို့ မိမိက စနေနေ့ဖွား အပျိုမိန်းကလေး ဖြစ်နေခဲ့ရင် အကြောင်းအားလျော်စွာ အင်ဂျင်နီယာ၊ စစ်ဗိုလ် စသည့် ပုဂ္ဂိုလ်မျိုးသော်လည်းကောင်း ချစ်ရေးဆိုလာတာမျိုးကို အကြုံလွယ်ဆုံး ကာလဖြစ်ပါတယ်ခင်ဗျား။

ချစ်နိုင်သူတွေချစ်ကြပါစေ။
ညားစရာရှိတာတွေလည်း ညားကြပါစေ။
မွေးစရာရှိတာတွေလည်း မြန်မြန်မွေးကြပါစေ။

အချစ်ရေးနဲ့ ပတ်သက်ပြီး ၁၃၈၀ ခုနှစ်အတွင်းမှာ လုပ်သင့်တဲ့ ယတြာလေးတွေလည်း ဆက်ရေးပေးပါဦးမယ်။

ခင်မင်ချစ်ခြင်းဖြင့်

ကိုဖုန်း
သုတေသီဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09 789 333 791
09 318 17 287

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)