မြန်မာကောဇာနှစ်နဲ့ မြန်မာ့ကံဇာတာ

ပြီးခဲ့တဲ့ မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ် တစ်နှစ်လုံး ( 2020 April to 2021 April ) ကို  သူရိယနေမင်း (၀ါ) တနင်္ဂနွေဂြိုဟ်က တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားခဲ့ပါတယ်။

တနင်္ဂနွေသည်  အသက်တို့၏ ပင်မဂြိုဟ်လည်းဖြစ်သလို..၊ ဆေးဝါး ၊စည်းမျဉ်းစည်းကမ်း၊ သြဇာအာဏာ ၊ အသက်ရှင်သန်ရေး ၊ သတင်းအချက်အလက်၊ အနိုင်ယူလိုမှု စတဲ့ အကြောင်းအရာများကိုလည်း အဓိက ကိုယ်စားပြုပါတယ်။ အဆိုပါ တနင်္ဂနွေဂြိုဟ် လွှမ်းမိုးလာချိန်ကာလမှာ တစ်ကမ္ဘာလုံးမှာ .. ရှိသမျှသော လူသားမျိုးနွယ်တွေသည် .အထက်ပါအချင်းအရာ ကဏ္ဍတွေကို လိုလားတောင့်တလာကြပါတော့တယ်။

လက်တွေ့ဖြစ်စဉ်တွေမှာ သုံးသပ်ကြည့်မယ်ဆိုရင်တော့…. 2020 /21 ကာလ တစ်လျှောက်လုံးမှာ အဓိကသိသာလာတာကတော့ တစ်မ္ဘာလုံးသည် ကပ်ရောဂါဘေးဆိုးကြောင့် ဆေးဝါးကုသမှုနဲ့ အသက်ရှင်သန်မှုဆိုင်ရာကဏ္ဍတွေကို တောင့်တာလိုလားမှု ဖြစ်လာစေပါတော့တယ်။ ကိုဗစ်ကပ်ရောဂါ ဆိုး အပြင် .. သြဇာအာဏာလိုလားမှုကြောင့် .. ပြဿနာမကင်း ဖြစ်လာကြသည့် နေရာဒေသတွေ၊ နိုင်ငံတွေလည်း ရှိလာပါတယ်။ ဒီအထဲမှာ ကံဆိုးစွာပဲ မြန်မာပြည်လည်း ပါဝင်လာခဲ့ပါတယ်။

သြဇာအာဏာဆိုတာသည် လိုအပ်တာထက် ပိုမိုအသုံးပြုမိရင် အနိုင်ကျင့်ဗိုလ်ကျမှုများကို ဖြစ်လာစေတတ်ပါတယ်။ ဒီယနေ့ ဒီမိုကရေစီစနစ် ထွန်းကားလှတဲ့ ယူအက်စ်လိုနိုင်ငံမျိုးမှာတောင် မနှစ်တုန်းက ရဲဝန်ထမ်းအချို့ရဲ့ တစ်ဖက်သတ်အနိုင်ကျင့်မှုကြောင့် လူမဲတစ်ဦး သေဆုံးသွားရာကနေ ကြီးမားတဲ့ အဓိကရုဏ်းတွေကို (တနင်္ဂနွေဂြိုဟ်ရဲ့ အာနိသင် အကြောင်းတရားဖြင့်) ဖြစ်ပွားကြုံတွေ့သွားခဲ့ရပါတယ်။ လက်ရှိမြန်မာပြည်မှာလည်း ဒီ့လိုပါပဲ။ ပိုမိုကြီးမားတဲ့ အတိုင်းအတာအားဖြင့် တနင်္ဂနွေဂြိုဟ်ရဲ့ လွှမ်းမိုးမှု သဘာဝတွေကို မြင်တွေ့နေရပါတယ်။

တနင်္ဂနွေဂြိုဟ်သည် ကောင်းသော အနေအထားဖြစ်ခဲ့ရင် စည်းကမ်းလိုက်နာခြင်း၊ တရားသဖြင့် အမှန်အတိုင်း ဖြစ်စေခြင်းကို ဖြစ်စေပြီး၊ မကောင်းသောအနေအထားဖြစ်လာခဲ့ရင်တော့ အနိုင်အထက်ပြုကျင့်ခြင်းတို့ကို ဖြစ်ပွားလာစေပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သို့သော် လက်ရှိ ကောဇာမြန်မာနှစ် ၁၃၈၃ ခုနှစ်( 2021 April to 2022 April ) အထိ ကာလကို လွှမ်းမိုးလာမယ့် ဂြိုဟ်ကတော့ တနင်္ဂနွေဂြိုဟ် မဟုတ်တော့ပါဘူး။ တနင်္လာဂြိုဟ်အဖြစ် ပြောင်းလဲ လွှမ်းမိုးလာတော့မှာလည်း ဖြစ်ပါတယ်။

ဒါဖြင့် တနင်္လာဂြိုဟ်ကရော ဘယ်လိုအာနိသင်တွေ ပေးတတ်ပါသလဲ။ တနင်္လာဂြိုဟ်သည် မေတ္တာတရားကို ကိုယ်စားပြုပါတယ်။ ငြိမ်းချမ်းမှု နဲ့ လွတ်လပ်မှုကို ကိုယ်စားပြုသော တစ်ခုတည်းသောဂြိုဟ်လည်း ဖြစ်တယ်။ မိခင် ၊ အမျိုးသမီးအကြီးအကဲ၊ ခရီးသွားလာခြင်း၊ ပညာသင်ကြားခြင်း၊ အသင်းအဖွဲ့ကဏ္ဍများကိုလည်း ကိုယ်စားပြုပါတယ်။

ငြိမ်းချမ်းမှုကို ကိုယ်စားပြုသည့် တနင်္လာဂြိုဟ် လွှမ်းမိုးလာချိန်ကနေ စပြီး…တစ်ကမ္ဘာလုံးမှာ တစ်ညီတစ်ညွတ်ထဲ လိုလားတောင့်တလာကြ ရယူနိုင်ဖို့ ကြိုးစားလာကြမှာကတော့ …. လွတ်လပ်မှု ၊ ငြိမ်းချမ်းမှုတွေကိုပါပဲ။ လူသားတွေက ရှေးယခင်က ဖြစ်တည်လာခဲ့ကြသည့် ပဋိပက္ခတွေကို အနည်းနဲ့ အများဆိုသလို….ငြိမ်းအေးနိုင်ဖို့၊ ငြိမ်းချမ်းရေးဆိုတာကို တည်ဆောက်နိုင်ဖို့၊ လွတ်လပ်မှုဆိုတာကို ရရှိနိုင်ဖို့  ရှေးယခင်ကထက်ကို ပိုမိုစိတ်အားထက်သန်လာကြတော့မှာ မုချ ဖြစ်ပါတယ်။

ဒီအချက်ကို အင်မတန်တင်းမာသော အုပ်ချုပ်ရေးစနစ်မျိုး လက်ကိုင်ပြုထားသည့် မြောက်ကိုးရီးယားလို နိုင်ငံမျိုးမှာတောင် အနည်းနဲ့အများ… မြင်တွေ့လာရမှာဖြစ်ပါတယ်။ (စောင့်ကြည့်သုံးသပ်သင့်ပါတယ်။)

မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေး အနေအထားအရ … အခြားနိုင်ငံတွေထက်ကို လွတ်လပ်မှု ငြိမ်းချမ်းမှု စတာတွေကို လိုအပ်နေတဲ့ အနေအထားမို့ …ဒီအချက်ကလေးသည် အရေးပါနိုင်တာလည်းသေချာတာမို့ ဒီဆောင်းပါးကို ရေးသားရခြင်းလည်း ဖြစ်ပါတယ်။

မဖြစ်နိုင်တာတွေကို စာဖတ်သူတွေ ပြည်သူတွေကို မက်လုံးပေး မချပြချင်ပေမယ့် ဖြစ်လာနိုင်တဲ့ ရှေ့ပြေးနိမိတ်ပုံတွေကိုတော့ စာဖတ်သူပရိသတ်တွေကို ကြိုတင်သိရှိပြီး  အတန်အသင့်မျှ ..ဖြစ်စေ…အားတင်းထားနိုင်ကြစေချင်ပါတယ်။ လူသားတွေသည် ယခုတစ်နှစ်တာ အတွင်းမှာ ပညာရေးကဏ္ဍတွေ၊ ခရီးသွားလာမှုဆိုင်ရာ ကဏ္ဍတွေကိုလည်း ပြန်လည်တောင့်တ ကြိုးပမ်းလာကြဖွယ်ရာ ရှိပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒါကြောင့် လက်ရှိမှာ ဗရုတ်သုက္ခအခြေအနေအရပ်ရပ်ကြောင့် ဖရိုဖရဲ ဖြစ်နေရတဲ့ ပညာရေးဆိုင်ရာ လုပ်ငန်းတွေ၊ ခရီး သွားလာရေး ဆိုင်ရာလုပ်ငန်းနယ်ပယ်တွေ လည်း ဒီတစ်နှစ်ထဲမှာ အနည်းနဲ့အများ ပြန်လည် အသက်ဝင်လာနိုင်ဖို့ ရှိပါတယ်။ အကယ်၍ မောင်ဖုန်းတို့ မြန်မာပြည်သူပြည်သားတွေ ကံကောင်းထောက်မနိုင်မယ် ဆိုရင်တော့ အကြီးအကျယ်လည်း ပြန်လည် ဖွံ့ဖြိုးကောင်း ဖွံ့ဖြိုးလာနိုင်ဖွယ်ရာ ရှိတယ်လို့ မျှော်လင့်မိပါတယ်။

အနှစ်ချုပ်ရရင်…ပြီးခဲ့တဲ့ မတ်လကုန်ဝန်းကျင်ခန့်ကနေ ဧပြီလထဲ စတင် ဝင်ရောက်ပြီဆိုတာနဲ့ နှစ်သစ်ရဲ့ အာနိသင်လေးတွေ စတင် အငွေ့အသက် ပြလာမှာ ဖြစ်ပြီး….နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်ကနေ တစ်နှစ်တာ အတွင်းမှာ ….မြန်မာပြည်သည် အနည်းနဲ့ အများဆိုသလို…မုချ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှုဆီကို ဦးတည်နိုင်လိမ့်မယ်လို့ ယုံကြည်ယူဆမိပါတော့တယ်။

လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)