၁၁း၁၁ ရဲ့ ဖွင့်ဆိုချက်

တခါတလေ အကြောင်းမယ်မယ်ရရ မရှိဘဲ လက်ကိုင်ဖုန်းကို ကြည့်လိုက်တဲ့အခါမှာ ဖြစ်ဖြစ်၊ အကြောင်းကိစ္စ တစ်ခုခု ပေါ်လို့ ဖုန်းဖွင့်လိုက်တဲ့အခါမှာ ဖြစ်ဖြစ် ဖုန်းက နာရီမှာ ၁၁း၁၁ တွေချည်း ပြနေတာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။မြန်မာ့ရိုးရာ ဂမ္ဘီရပညာရပ်မှာ ၁၁း၁၁ နာရီအကြောင်းနဲ့ ပတ်သက်လို့ အကျယ်တဝံ့ ရှင်းပြတာ မတွေ့ရပေမယ့် အနောက်တိုင်း သင်္ချာဗေဒနဲ့ လောကီပညာပိုင်းမှာတော့ ရှင်းလင်းချက်တချို့ ရှိနေပါတယ်။

ဥပမာတစ်ခုမှာ ၁၁း၁၁ ကို မြင်ရတဲ့အခါ ကြယ်ကြွေရင် ဆုတောင်းသလိုမျိုး လိုရာဆုတစ်ခုကို အလေးအနက် တောင်းကြည့်ဖို့ အနောက်တိုင်းလောကီပညာမှာ တိုက်တွန်းထားပါတယ်။ ဂဏန်းဗေဒင်ပညာမှာလည်း ၁၁း၁၁ ဟာ မာစတာဂဏန်းတွဲတစ်ခု ဖြစ်လို့ ဒီဂဏန်းတွဲကို မကြာခဏ မြင်ရသူဟာ ထူးခြားတဲ့ နာမ်ပိုင်းဆက်နွယ်မှု ရရှိနေတယ်လို့ ဆိုပါတယ်။

၁၁း၁၁ ကို မြင်တာ ဘာအဓိပ္ပါယ်လဲ ဆိုတာကို ဆက်လက် မျှဝေ ပေးချင်ပါတယ်။ တခြားသော ရှုထောင့်ကနေ အဓိပ္ပါယ်တွေ ရှိနေသေးပေမယ့် ဒီနေရာမှာ အများအတွက် အကျိုးရှိရာကိုပဲ အရင် ပြောပါရစေ။

ပထမအဓိပ္ပါယ်က ခုနက ပြောခဲ့သလိုပဲ ၁၁း၁၁ ကို မြင်ရရင် ဆုတစ်ခုကို အလေးအနက်ထား တောင်းဖို့ပါ။ ဒါတင်မကဘဲ ကိုယ် ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကို မျက်ခြေအပြတ် မခံဖို့ သတိပေးတဲ့ ခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။ ဘဝမှာ လုပ်ချင်တာနဲ့ ဖြစ်နေတာတွေ လွဲချော်လာတဲ့အခါ ရည်မှန်းရာပန်းတိုင် ပျောက်သလို ဖြစ်နေလို့ နာမ်ပိုင်းဆိုင်ရာတွေက သတိပေးတာလည်း ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

နောက်တစ်မျိုးက ကိုယ့်စိတ်ထဲ ဖြစ်ချင် လုပ်ချင်တာတွေကို လုပ်ဖို့ အချိန်ကျပြီလို့ အသိပေးတာ ဖြစ်ပါတယ်။ အရေးမပါ၊ အကျိုးမရှိတဲ့ အလုပ်တွေ ရပ်ပြီး ဘဝရဲ့ လိုအင်ဆန္ဒတွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်လာနိုင်ဖို့ ၁၁း၁၁ ဂဏန်းကနေတစ်ဆင့် အသိပေးလာတာ ဖြစ်ပါတယ်။

နောက်ထပ် အဓိပ္ပါယ်တစ်ခုက ကိုယ့်ရဲ့ တောင်တွေးမြောက်တွေး ပေါက်ကရ အတွေးပေါင်းစုံကို ရပ်တန်းကနေ ရပ်ဖို့ သတိပေးချက် ဖြစ်ပါတယ်။ ကိုယ့်အတွေးတွေကို စောင့်ကြည့်နေတဲ့ ကိုယ်စောင့်နတ်တွေကနေ သတိပေး အချက်ပြတာမျိုး ဖြစ်သလို မှားယွင်းတဲ့ လမ်းကြောင်းပေါ် ရောက်မသွားဖို့ ထိန်းကျောင်းတာလည်း ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အချက်အလက်အားလုံးကို စုစည်းကြည့်ရင် ၁၁း၁၁ ဂဏန်းတွဲကို မြင်လို့ လိုချင်တာ ဆုတောင်းတာထက်စာရင် ကိုယ့် အတွေးနဲ့ လုပ်ရပ်တွေကို ပြန်ဆန်းစစ်ဖို့ သတိပြု ဆင်ခြင်တာက ပိုအဓိပ္ပါယ်ရှိမယ်လို့ ယူဆပါတယ်။ တခါတလေ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ်လုပ်နေတာတွေက တခြားစီ လွဲချော်ပြီး လမ်းမှားကို ရောက်နေတဲ့အခါ ကိုယ့်ကို စောင့်ရှောက်တဲ့ နာမ်ပိုင်းဆိုင်ရာတွေက မင်းတော့ လမ်းချော်နေပြီလို့ သတိပေးမှာ အသေချာပါပဲ။

ဥပမာ ပြောရရင် ကိုယ်က ရတဲ့ လစာလေးတွေကို စုချင်ဆောင်းချင်တယ်။ ယောင်္ကျားလေးဆို အသောက်အစားလေးနဲ့ မိန်းခလေးဆို အလှပြင်ဆိုင် ပြေးချင်တာနဲ့ ကိုယ်စီ ပျော်ချင်ပါးချင်စိတ်လေးတွေကလည်း ရှိနေတာမို့ စိတ်ကို အလိုလိုက်ပြီး ရည်မှန်းချက်နဲ့ လမ်းကြောင်း လွဲနေတဲ့အခါ ၁၁း၁၁ ကို မြင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဆင်ပြေပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)