၁၂ ရာသီဖွားဟောစာတမ်း (၁၉.၈.၂၀၁၉ မှ ၂၅.၈.၂၀၁၉ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

အလုပ်အကိုင်၊ စီးပွားရေးပိုင်းတွေမှာ အဆင်ပြေနေပါလိမ့်မယ်။ စိတ်ကူးနဲ့ မှန်းဆ လုပ်တဲ့ အလုပ်တွေ၊ သာမန်ထက် ပိုစွန့်စားတဲ့ အလုပ်မျိုးတွေမှာ ပိုကောင်းပါတယ်။ ငွေကုန်ကြေးကျ များပြီး ပြဿာနာတွေ ရှိတတ်လို့ သတိပြုပါ။ အချစ်ရေးမှာတော့ ပျော်ရွှင်ကြည်နူးစရာတွေ ဖြစ်နေပါမယ်။ ကံကောင်းပါမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

စိတ်လိုက်မာန်ပါတွေ လျှောက်လုပ်လို့ အလုပ်မှာ အမှားအယွင်းတွေ များတတ်ပါတယ်။ အပြိုင်အဆိုင်တွေ သိပ်များလာလို့လည်း အလုပ်မှာ ထိခိုက်စရာ ရှိလာနိုင်ပါတယ်။ ငွေကြေးကိစ္စမှာတော့ ပြေလည်ဖို့ များပြီး စိတ်တိုင်းကျ ဖြစ်လာမှာပါ။ အချစ်ရေးမှာ စိတ်ကတောက်ကဆ ဖြစ်စရာတွေ ပေါ်ပေါက်လာတတ်ပါတယ်။

 

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

အလုပ်ကို အကျိုးပြုမယ့် အဆက်အသွယ်ကောင်းတွေ၊ သတင်းကောင်းတွေ ကြားသိ ချိတ်ဆက်ရမိပါမယ်။ လုပ်ချင်တာနဲ့ ဖြစ်လာတာတွေ ထစ်ထပ်တည်း ကျလာပါမယ်။ ငွေရေးကြေးရေးက အစပိုင်း ညံ့တတ်ပေမယ့် နောက်ပိုင်း အဆင်ပြေသွားမယ်။ အချစ်ရေးမှာ မပြေလည်တာတွေ ပြန်ပြေလည်ဖို့ ညှိယူလို့ ရသွားပါမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

အလုပ်ထဲမှာ တက်ကြွတဲ့ ကြက်ဖလို ဖြစ်နေပါမယ်။ လုပ်ချင်ကိုင်ချင်စိတ်တွေ ပြင်းပြသလောက် တကယ်တမ်း လုပ်ပြီဆို သေချာ တွေးတောပြီးမှ လုပ်ပါ။ အမှား များတတ်ပါတယ်။ ငွေကြေးကိစ္စက ပုံမှန်ထက် ပိုကောင်းတဲ့ အဆင့်မှာ ရှိနေပါတယ်။ အချစ်ရေးနှလုံးသားရေးမှာ ဆတ်ဆတ်ထိမခံ၊ အရမ်း ခံစားလွယ်နေတာကို သတိပြုပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

ကိုယ့်အတွက် အမြတ်အစွန်း များမယ့် အခွင့်ကောင်းတွေ ပေါ်လာပါမယ်။ လူကြီးက ကိုယ့်ကို ဖေးမ ကူညီတာ၊ နေရာပေးတာတွေ ကြုံတတ်ပါတယ်။ ဒါပေမဲ့ အားလုံးနဲ့ အဆင်ပြေအောင် ကိုယ့်အတ္တကို လျှော့ချထားရပါမယ်။ ငွေကြေး အကုန်အကျ သိပ်များလို့ ဆင်ခြင်ပါ။ နှလုံးသားရေးမှာ နားလည်မှုတွေ ပိုပေးနိုင်မယ့် အချိန်ပါပဲ။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

အလုပ်တွေကို အားနဲ့မာန်နဲ့ လုပ်ချင်စိတ် ပြင်းထန်လာတတ်ပါတယ်။ ဒါပေမယ့် လုပ်သလောက် အကျိုးမရှိဘဲ အခက်အခဲတွေလည်း ခဏခဏကို တွေ့နေပါလိမ့်မယ်။ ငွေအသုံးများတာ၊ လက်ဖွာတာတွေကို သတိထားပါ။ စိတ်လိုက်မာန်ပါ ထင်ရာမြင်ရာ လုပ်တာတွေလည်း ရှောင်ပါ။ အချစ်ရေးမှာ ခေါင်းမာလို့ ပြဿနာ ရှိလာပါမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

ဒီအပတ်မှာ အလုပ်တွေကို ပုံမှန်ထက် နှစ်ဆတိုး ကြိုးစားနိုင်ပါမှ တော်ရုံကျပါလိမ့်မယ်။ အေးအေးလူလူလေး နေမိရင် ကိုယ့်နေရာ သူများ နင်းဖြတ်သွားတတ်ပါတယ်။ ဒါပေမဲ့ ကြိုးစားမှု ရှိရင် ကိုယ့်အတွက် အမြတ်အစွန်း ကောင်းပါလိမ့်မယ်။ ဘာရယ်မဟုတ်ဘဲ အကုန်အကျ များတာ လျှော့ပါ။ အချစ်ရေးမှာ အညံ့ ရှိလာနိုင်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

အလုပ်တွေ ကောင်းနေရာက အရှိန်အဟုန် ကျသွားတတ်ပါတယ်။ မျှော်လင့်တာနဲ့ ဖြစ်လာတာတွေက လွဲချော် မှားယွင်းနေပါလိမ့်မယ်။ တတ်နိုင်သမျှတော့ အားလုံးနဲ့ အဆင်ပြေအောင် နေပါ။ ကိုယ်ကချည်း အသာဆိုတာ မလုပ်ပါနဲ့။ ငွေကြေးကိစ္စ ထင်သလို မဖြစ်ဘဲ ညံ့သွားနိုင်တယ်။ အချစ်ရေးမှာ အညံ့ ဖြစ်ပြီးမှ ပြန်ကောင်းမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

အကြီးအကဲတွေဆီက အကူအညီတွေ ချီးမြှင့်မှုတွေ ရရှိမယ့် ကာလပါ။ အလုပ်မှာ ကောင်းနေရာက ကိုယ့်ကို ရန်လုပ်၊ ပြဿနာ ရှာသူတွေ ပေါ်လာနိုင်ပါတယ်။ ဘယ်ကိစ္စမှာမဆို စိတ်ညစ်ပြီးမှ ပြန်အဆင်ပြေပါလိမ့်မယ်။ ငွေကြေးမှာလည်း ဒီတိုင်းပါပဲ။ နှလုံးသားရေးမှာလည်း စိတ်ကို လျှော့ချ ထိန်းချုပ်နိုင်ပါမှ ကောင်းပါလိမ့်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

အလုပ်ကိစ္စတွေမှာ အေးဆေးလေး လုပ်လို့ မရတော့ဘဲ အသည်းအသန်နဲ့ ရုန်းကန်ရမယ့် ကာလ ဖြစ်တယ်။ ကိုယ့်လုပ်ငန်းအပြင် စပ်တူရှယ်ယာပါ လုပ်ထားရင် ပိုသတိထားရပါမယ်။ အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်။ ငွေကြေးကိစ္စမှာလည်း ဝင်လိုက်ထွက်လိုက်ပါပဲ။ အချစ်ရေးမှာ ဖြစ်လာသမျှကို အကောင်းဆုံး ဖြေရှင်းနိုင်မယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ)

ကျန်းမာရေးနဲ့ ငွေကြေးကိစ္စတွေမှာ အညံ့ ရှိလာပါမယ်။ မထင်မှတ်တဲ့ မတော်တဆမှုတွေ၊ ထိခိုက်ဒဏ်ရာတွေ ရရှိတတ်ပါတယ်။ ငွေကုန်ကြေးကျလည်း များတတ်လို့ ဂရုစိုက် သုံးစွဲရပါမယ်။ အလုပ်ကတော့ ကောင်းနေဆဲ လို့ ဆိုရမှာပါ။ အချစ်ရေးနှလုံးသားရေးမှာ မလိုအပ်ဘဲ စိတ်ပူတာ၊ သဝန်တိုတာတွေ လျှော့ဖို့ အသိပေးပါရစေ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

မူလစရိုက်သဘာဝ ဖြစ်တဲ့ အေးရာအေးကြောင်းကို ခဏ စွန့်ပြီး ပူပူလောင်လောင်နဲ့ ကြိုးစားရ၊ လှုပ်ရှားရမယ့် သီတင်းပတ်ပါ။ ဘယ်ကိစ္စမှာမဆို အပြေးအလွှားနဲ့ အသည်းအသန် ဖြစ်နေပါမယ်။ အလုပ်တွေ များလာမယ်။ ငွေကြေး အကုန်အကျ များလွန်းလို့ သတိထားရမယ်။ နှလုံးသားရေးမှာတော့ ပျော်ရွှင်စရာတွေ ကြုံရပါမယ်။

၁၂ ရာသီဖွားအားလုံး ကျန်းမာချမ်းသာ လိုရာဆန္ဒပြည့်ဝပါစေ..

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)