၁၂ ရာသီဖွား တစ်ပတ်စာဟောစာတမ်း (၂၆.၈.၂၀၁၉ မှ ၁.၉.၂၀၁၉ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

ဒီအပတ်မှာ အလုပ်တာဝန်တွေ များလာတတ်ပြီး ကိုယ်ယူရတဲ့ တာဝန်ကလည်း ကြီးမားလာနိုင်ပါတယ်။ လူက စိတ်မြန်လက်မြန် ဖြစ်နေတော့ အရာရာကို နှေးကွေးလှချည်လားလို့ မြင်နေတတ်ပါတယ်။ ငွေရေးကြေးရေးမှာ အကုန်အကျတွေ သိပ်များနေပါမယ်။ အချစ်ရေးကတော့ များသောအားဖြင့် အဆင်ပြေသာယာဖို့ ရှိပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

အလုပ်အကိုင်က အတော်သင့်လေး ကောင်းနေပေမယ့် စိတ်တိုင်းမကျစရာတွေ၊ ထင်သလို မဖြစ်လာတာတွေ ကြုံရတတ်ပါတယ်။ အပျော်အပါး၊ လောင်းကစားတွေ ဒီကာလမှာ ရှောင်ထားပါ။ ငွေကြေးလည်း အခက်အခဲ ဖြစ်တတ်လို့ စိစစ် သုံးစွဲရပါမယ်။ နှလုံးသားရေးမှာ အဖုအထစ် ပြဿနာလေးတွေ ပေါ်ပေါက်တတ်ပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

ဘာလုပ်လုပ် အဆင်မပြေ ဖြစ်နေလို့ စိတ်ညစ်နေရပါမယ်။ ကိုယ်က ကြိုးစားသလောက် ရလဒ်ပိုင်း ထင်သလို မဖြစ်ဘဲ အလွဲလွဲအချော်ချော် ဖြစ်နေပါမယ်။ ဘေးက အကူအညီတွေ လိုအပ်ပါတယ်။ ငွေကြေးကိစ္စ ရစရာနဲ့ ပေးစရာတွေ လည်ပတ်ပါမယ်။ အချစ်ရေးမှာ အထိမခံ ရွှေပန်းကန်လို ဖြစ်နေလို့ သည်းခံပေးဖို့ လိုအပ်ပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

နေရာနဲ့ အခွင့်အရေးက ဒီအပတ်မှာ ကိုယ့်အတွက်ချည်းပဲလို့ ဆိုရမှာပါ။ အလုပ်အကိုင်တွေ ကောင်းမွန်သလို လူကြီးတွေ၊ အသိုင်းအဝိုင်းတွေက ဝိုင်းဝန်း ဖေးမဖို့ ရှိပါတယ်။ ငွေကြေးကိစ္စမှာတော့ ကြံဖန် အကုန်အကျတွေ များပြီး လက်လွန်တတ်ပါတယ်။ နှလုံးသားရေးမှာ ခံစားထိခိုက်လွယ်နေလို့ ပြဿနာ မဖြစ်အောင် သတိပြုပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

ငွေရလမ်းဖြောင့်တဲ့ အလုပ်တွေ ကိုယ့်ဆီ တည့်တည့် ဝင်လာပါမယ်။ ဘာလုပ်လုပ် အဆင်ပြေအောင်မြင်ပြီး အလုပ်သစ်၊ အလုပ်ဟောင်း အားလုံး အခြေအနေ ကောင်းနေမယ်။ ဘာမှန်းမသိဘဲ ငွေကုန်ကြေးကျ များပြီး လက်ထဲ ငွေပြတ်တတ်တယ်။ အချစ်ရေးမှာ မပြေလည်တာတွေ ပြန်ညှိဖို့ အချိန်ကောင်း ရောက်နေပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

စိတ်တို စိတ်မြန်ပြီး ဘာကိုမှ အကောင်းမမြင် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း စိတ်ရှည်သည်းခံနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ အလုပ်တွေ ကောင်းချင်သားနဲ့ လွဲတတ်ပါတယ်။ ငွေအပေးအယူတွေ လွှဲပြောင်းမှုတွေ မှားယွင်း ကုန်ကျတတ်ပါတယ်။ သတိပြုပါ။ အချစ်ရေးက အရင်ကထက် ပိုပြီး သာယာစိုပြေလာနိုင်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

အခြေအနေတွေက ကိုယ့်ဘက်မှာ ရှိနေသားနဲ့ ကိုယ်တိုင်က စိတ်များ၊ အာရုံနောက်လို့ အခွင့်ကောင်းတွေ လက်လွှတ်ရတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ဖျက် သံချေးတက်သလို ဖြစ်နေပါတယ်။ အကောင်းဆုံး ရယူဖို့ အသေချာဆုံး ပြင်ထားပါ။ အကုန်အကျတွေ ပိုများတတ်လို့ ဆင်ခြင်ပါ။ အချစ်ရေးက ကံကောင်းပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

အလုပ်မှာ အေးအေး မနေရဘဲ အတိုက်အခံနဲ့ စကားများ၊ ပဋိပက္ခတွေနဲ့ ဖြတ်သန်းရပါမယ်။ နေရင်းထိုင်ရင်း ပြဿနာ လာရှာသူတွေ ပေါ်တတ်ပါတယ်။ ငွေကြေးကိစ္စမှာ အမှားအယွင်း ဖြစ်ပြီး အကုန်အကျ များပါမယ်။ အားလုံးနဲ့ အဆင်ပြေအောင်သာ နေထိုင်ပါ။ အချစ်ရေးက ပုံမှန် ဆိုပေမယ့် နားလည်မှုတွေ ပိုပြီး လိုအပ်ပါလိမ့်မယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

အလုပ်တွေ ကောင်းချင်သားနဲ့ အနှောင့်အယှက်တွေ များလို့ မနည်း ရုန်းကန်ရပါမယ်။ အဲဒီလို ခက်ခဲပင်ပန်း ရုန်းကန်မှလည်း အောင်မြင်မှုကို ရရှိမှာပါ။ ငွေရေးကြေးရေးက ရလိုက်ကုန်လိုက်နဲ့ အဖတ်မတင်တတ်ပါဘူး။ အချစ်ရေး နှလုံးသားရေးပိုင်းမှာ ကြိတ်ခဲမြိုသိပ်ထားရတာတွေ ပေါက်ကွဲ ပွင့်အန်တာတတ်လို့ ဂရုစိုက်ရပါမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

အလုပ်အကိုင် သိပ်မကောင်းဘဲ ဘာလုပ်လုပ် အမှားအယွင်းနဲ့ ဆုံးရှုံးမှုတွေ ဖြစ်လွယ်နေလို့ ဂရုစိုက်ရပါမယ်။ အားစိုက် ကြိုးစားသလောက် တစ်ဖက်မှာ ရလဒ်က ကျေနပ်စရာ မဟုတ်ဘဲ ဖြစ်နေမယ်။ ငွေကြေးကိစ္စမှာက ကြံဖန် အဆင်ပြေနိုင်ပေမယ့် အားမရလောက်ပါဘူး။ အချစ်ရေးမှာ ပြဿနာလေးတွေ ဖြစ်လွယ်နေပါမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)

ဒီအပတ်မှာ ကျန်းမာရေး ပိုဂရုစိုက်ရပါမယ်။ နေထိုင်မကောင်း ဖြစ်လွယ်၊ ကူးစက်လွယ်ပြီး အားနည်းပါမယ်။ အလုပ်တွေမှာလည်း မကြာခဏ အခက်အခဲတွေ ဖြစ်နေပါမယ်။ စိတ်တိုင်းကျ မဟုတ်သေးဘဲ ညံ့နေမယ်။ ငွေကြေး အကျပ်အတည်း ဖြစ်တတ်ပါတယ်။ နှလုံးသားရေးမှာတော့ သာယာတဲ့ ရာသီဥတုလေး ဖြစ်နေမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

အလုပ်အကိုင်က ပုံမှန်လေးပဲ ရှိနေပါမယ်။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ဝန်းကျင်က လူတွေနဲ့ ဆက်ဆံ ပြောဆိုရမှာ ပြဿနာလေးတွေ ဖြစ်လွယ်နေပါမယ်။ လူမှုရေး စိတ်ညစ်စရာတွေ ရှိလာနိုင်တယ်။ ငွေကြေးပိုင်း အဆင်ပြေပေမယ့် အကုန်အကျ များနေပါမယ်။ အချစ်ရေးမှာ နားလည်မှု ပေးဖို့ အရင်ကထက် ခက်နေပါမယ်။

၁၂ ရာသီဖွားအားလုံး ကျန်းမာချမ်းသာ လိုရာဆန္ဒပြည့်ဝပါစေ..

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)