၁၂ ရာသီဖွား ဗေဒင်ဟောကိန်း – ဒုတိယပိုင်း (ဇူလိုင်၊ ၂၀၁၈)

အနောက်တိုင်း သာယနစနစ်အရ ကရကဋ်ရာသီခွင်ကို ဖြတ်သန်းနေတဲ့ ဇူလိုင်လထဲမှာ ၁၂ ရာသီဖွားတွေရဲ့ ကံဇာတာ အနိမ့်အမြင့်တွေ ဘယ်လို ရှိနေမယ်ဆိုတာ ဗေဒင်သုတ – Baydin Thyuta ကနေ ဟောကိန်းထုတ် တင်ပြပေးလိုက်ပါတယ်။ မနေ့က တင်တဲ့ ပို့စ်မှာ မိဿကနေ ကန်အထိ ရာသီ ၆ ခုကို တင်ပြပေးခဲ့ပြီး ဖြစ်လို့ အခု တူရာသီကနေ မိန်ရာသီအထိကို ဆက်လက် ဖော်ပြပေးပါမယ်။

တူ

အချစ်ရေး၊ အိမ်ထောင်ရေးက လွဲရင် ကျန်တာအားလုံး အိုကေ စိုပြေနေမယ်လို့ မြင်ပါတယ်။ လုပ်ငန်းပိုင်းတွေ အထိုင်တကျ ဖြစ်လာမယ်၊ တည်ငြိမ်မှုလည်း ပိုရလာနိုင်ပါတယ်။ မေတ္တာရေးကတော့ ဒီဇူလိုင်လထဲမှာ အညံ့ ရှိနေပြီး ဖြေရှင်းရ ခက်တာတွေ ဖြစ်တတ်ပါတယ်။ ချစ်သူ၊ အိမ်ထောင်ဖက် ရှိသူတွေက အချင်းချင်း နားလည်မှု တည်ဆောက်ရမှာ ဖြစ်ပြီး ရှာနေဆဲသူတွေကတော့ ကိန်းကြီးခန်းကြီး မလုပ်ဘဲ နှလုံးသားကို ဖွင့်ထားရပါမယ်။

ဗြိစ္ဆာ

လက်ရှိ နေသားတကျ ဘဝကို ငြီးငွေ့လာပြီး အပြောင်းအလဲနဲ့ အသစ်အဆန်းတွေကို လုပ်ကြည့်ချင်လာပါမယ်။ ဒါပေမယ့် ထိုင်နေမှ အကောင်းသား၊ ထသွားရင် ကျိုးမှန်း သိမယ့် ကာလကို ရောက်နေလို့ စိတ်ထဲ ရှိသမျှတိုင်း လျှောက်လုပ်နေလို့ မဖြစ်ပါဘူး။ ဇွတ်တရွတ်စိတ်နဲ့ အပြောင်းအလဲတွေ လုပ်လိုက်ရင် နောင်တ ရတတ်ပါတယ်။ နှလုံးသားရေးမှာလည်း အဟောင်းကို ပြောင်းပြီး အသစ်တွေနဲ့ မွေ့လျော်ချင်တဲ့ စိတ်တွေ ပိုများလာနိုင်ပါတယ်။

ဓနု

ဒီလထဲမှာ ပြဿနာ ကြီးကြီးမားမားတွေ ဖြစ်မလာနိုင်ပေမယ့် မထင်မှတ်တဲ့ အသေးအဖွဲ ပြဿနာလေးတွေက မကြာခဏ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလို ဖြစ်လာရင် တစ်ကိုယ်တော် ကြိတ်ပြီး ဖြေရှင်းနေတာထက် ယုံကြည် စိတ်ချရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကြံဥာဏ် အမြင်ကို ရယူသင့်ပါတယ်။ သူတို့က မတူကွဲပြားတဲ့  အိုင်ဒီယာတွေနဲ့ ကိုယ့်အခက်အခဲတွေကို ဖြေရှင်းသွားနိုင်တာ တွေ့ရပါလိမ့်မယ်။ စိတ်ချလက်ချသာ တိုင်ပင်ပါ။

မကာရ

အလုပ်အကိုင်နဲ့ စီးပွားရေးပိုင်းတွေမှာ ဖြစ်စေ၊ တခြားဘယ်အရေးပဲ ဖြစ်ဖြစ် လမ်းရိုးဟောင်းတိုင်း သွားနေရာက လမ်းသစ် တီထွင် အသုံးပြုရပါလိမ့်မယ်။  မဝံ့မရဲ ဖြစ်နေတာတွေကို ခဏ ဘေးချိတ်ထားပြီး စိတ်ထဲက လုပ်ချင်၊ ကြိုးစားချင်နေတဲ့အတိုင်း ချကြည့်ပါ။ အစပိုင်း ခက်ခဲသလောက် နောက်ပိုင်းမှာ အဆင်ပြေလာပါလိမ့်မယ်။ အရင်က စိတ်ကူးထားတဲ့ အရာတွေကို ဒီလထဲမှာ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စတင်ကြည့်စေချင်ပါတယ်။

ကုမ်

ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေမယ့် လဖြစ်ပါတယ်။ ဘယ်ကိစ္စမှာမဆို အကြောင်းကြောင်းတွေ ရှိလို့ မရှင်းဘဲ လက်ပိုက်ကြည့်နေခဲ့ရတဲ့ အရာတွေကို ဒီလထဲမှာ အပြတ်ရှင်းနိုင်ပါလိမ့်မယ်။ အချင်းချင်း မျက်နှာ နာ၊ အားနာစရာတွေ ရှိလို့ ရှောင်ခဲ့တဲ့ ကိစ္စတွေကိုလည်း သူ့အကျိုး၊ ကိုယ့်စီးပွား မထိခိုက်ရဘဲ ပြေပြေလည်လည်နဲ့ ကိုင်တွယ်နိုင်ပါလိမ့်မယ်။ လျှောက်တွေးပြီး ဦးနှောက်ကို သုံးတာထက် စိတ်ထဲ ခံစားရသလို လုပ်ကိုင်သွားပါ။

မိန်

ကံဇာတာတွေ အကောင်းဘက်မှာ ဆက်ရှိနေပြီး ကြံစည်လုပ်ကိုင်သမျှ အတော်များများကလည်း အရာထင်လို့ အောင်မြင်နေဖို့ များပါတယ်။ လုပ်ငန်းမှာနည်းနည်းလေး ပိုပြီး ကြံရည်ဖန်ရည် ကောင်းမယ်ဆိုရင် အတိုင်းထက် အလွန်ကို အကျိုးပြုနိုင်မှာပါ။ အလုပ်အကိုင်နဲ့ စီးပွားရေးမှာ အခြေအနေ ကောင်းနိုင်ပေမယ့် နှလုံးသားအရေး အညံ့ ရှိလာနိုင်ပါတယ်။ အချင်းချင်း အမြင်စောင်းပြီး မကြာခဏ စိတ်ဆိုး ဒေါသဖြစ်စရာတွေ ရှိလာနိုင်ပါတယ်။

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)