၁၂ ရာသီဖွား ဟောစာတမ်း (၂၄.၆.၂၀၁၉ မှ ၃၀.၆.၂၀၁၉ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ)

ဒီအပတ်မှာ အလုပ်အကိုင် အဆင်မပြေမှုတချို့ ဖြစ်လာနိုင်သလို အလုပ်နဲ့ ပတ်သက်ပြီး အောင့်အီးမျိုသိပ်မှု သည်းခံစောင့်ဆိုင်းရမှုတွေလည်း ဖြစ်လာတတ်ပါတယ် ငွေကြေးပိုင်းကတော့ အဆင်ပြေပြေ ဖြစ်နေပါမယ်။ အချစ်ရေးက ပုံမှန်ဆိုပေမယ့် ဖုန်းခေါ်တာ၊ Messenger, Viber စတာတွေမှာ အဖုအထစ် ဖြစ်တတ်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ)

လက်ထဲ ငွေရွှင်နိုင်တဲ့ သီတင်းပတ် ဖြစ်ပြီး ကိုယ်တိုင် ရှာဖွေဖန်တီးယူလို့ အဆင်ပြေနေပါမယ်။ အလုပ်အကိုင် အခက်အခဲလေးတွေ ဖြစ်လာနိုင်ပေမယ့် ကျော်လွှားဖြတ်သန်းနိုင်မှာပါ။ ခရီးကိစ္စတွေ ပျက်ပြားတတ်ပြီး ဖုန်း ၊ အဆက်အသွယ်တွေမှာ ပြောမှားဆိုမှား ရှိတတ်ပါတယ်။ အချစ်ရေးမှာလည်း ကောင်း၊ ဆိုး ဒွန်တွဲနေပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ)

စိတ်တိုစိတ်မြန် ဖြစ်နေတာကို သတိထားနိုင်ရင် ဒီအပတ်က အလုပ်ရော ကိုယ်ရေးကိုယ်တာမှာပါ အိုကေပါပဲ။ တစ်ယောက်တည်း လုပ်တာထက် အများနဲ့ တွဲလုပ်ပါ။ ပိုကောင်းပါတယ်။ ငွေကြေး မကြာခဏ ကျပ်တည်း ခက်ခဲနိုင်ပါတယ်။ နှလုံးသားရေး ခါတိုင်းထက် ပိုသာယာနေတတ်ပြီး ချစ်သူဆီက အကူအညီ ရတတ်ပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ)

အခက်အခဲတွေ၊ ပြဿနာတွေကတော့ ဝန်းရံနေတုန်းပဲ ဆိုပေမယ့် သတိနဲ့ လုပ်ကိုင် နေထိုင်တတ်ရင် သူ့ဖာသာ ပြေလည်သွားမှာပါ။ အာရုံနောက်စရာ၊ ညစ်စရာတွေက ဆက်လာနေမှာပါ။ ငွေကြေးကိစ္စကလည်း အဆင်မပြေဘဲ ခက်ခဲနေတတ်ပါတယ်။ အချစ်ရေး နှလုံးသားရေးကတော့ ချိုမြိန်သာယာအေးချမ်းနေပါမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ)

အကျိုးအမြတ် များတဲ့ အလုပ်တွေ ကိုယ့်ဆီ တည့်တည့် ဝင်လာနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် အာရုံမစိုက် သတိမထားလို့ လွဲချော်တတ်ပါတယ်။ မျက်စိရှင်၊ လက်မြန်ဖို့ လိုအပ်နေပါတယ်။ ငွေကြေးက အဆင်ပြေပေမယ့် လက်ဖွာလွန်းတော့ ရ၊ ကုန် ဖြစ်နေပါမယ်။ နှလုံးသားရေးမှာ နားလည်မှု တည်ဆောက်ဖို့ ခက်ခဲတတ်ပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ)

စိတ်ညစ်၊ အာရုံ များလွန်းလို့ အလုပ်ထဲ စိတ်မပါဘဲ စူးစိုက်မှု အားနည်းတတ်ပါတယ်။ ကိုယ်တိုင်က ဇာတာ အညံ့ဘက် ရောက်နေလို့ တချို့ကိစ္စတွေမှာ ပူးပေါင်းလုပ်ကိုင် အကြံဥာဏ်ယူပါ။ ငွေကြေးကလည်း ရစရာ ပေးစရာတွေ ဂျန့်ဖြစ်တတ်ပြီး ကျပ်သွားနိုင်ပါတယ်။ အချစ်ရေးမှာတော့ နားလည်နွေးထွေးမှု ပိုရှိလာပါမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ)

အလုပ်မှာ ရန်လို၊ ပြဿနာ ရှာသူတွေနဲ့ ထိပ်တိုက်တိုးတတ်ပါတယ်။ လုပ်ငန်းတူချင်း ယှဉ်ပြိုင်မှု၊ စိန်ခေါ်မှုတွေ အားကြီးလာနိုင်ပါတယ်။ ဒါပေမယ့် အခြေအနေအရပ်ရပ်ကို ကျော်လွှားနိုင်မှာပါ။ ငွေကြေးကံ အားနည်းချက် ရှိနေပါတယ်။ သိပ်မစွန့်စားပါနဲ့ဦး။ အချစ်ရေးမှာ ပဋိပက္ခတွေ သေးရာက ကြီးသွားတတ်လို့ ဆင်ခြင်ရပါမယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ)

အလုပ်တွေက ကောင်းချင်ပေမယ့် မျှော်လင့်သလို မဖြစ်တာ၊ အချိန်ကိုက် မဖြစ်ဘဲ ကြန့်ကြာနေတာ အစရှိတဲ့ အခက်အခဲလေးတွေတော့ ဖြစ်နေပါမယ်။ ဥပဒေဘောင်ပြင်က အလုပ်တွေ ရှောင်ပါ။ ဝင်ငွေ ကောင်းပေမယ့် ရသင့်သလောက် မရသေးပါဘူး။ နှလုံးသားရေးမှာ သာယာချမ်းမြေ့တဲ့ ကာလလေးကို ဖြတ်သန်းရပါလိမ့်မယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ)

တစ်ယောက်တည်း လုပ်ကိုင်တာထက် အများနဲ့ စပ်တူရှယ်ယာ ပူးပေါင်းလုပ်တာက ဒီအပတ်မှာ ပိုကောင်းပြီး ပိုအကျိုးအမြတ် ခိုင်မာနိုင်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းမှာ အခက်အခဲတွေ ဝန်းရံနေတတ်ပါတယ်။ ငွေကြေးကံ မတည်ငြိမ်ဘဲ ဖြစ်နေပါမယ်။ အချစ်ရေးကို ကြည့်ရင် သည်းခံမှုနဲ့ နားလည်နိုင်စွမ်းတွေ လိုအပ်နေတုန်းပါပဲ။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ)

လူလိမ်လူကောက် သတိထားရမယ့် ကာလပါ။ ကလိန်ကကျစ်တွေ၊ စာချုပ်စာတမ်းအတုတွေ၊ ဂျင်းသိပ်ထားတဲ့ ကတိစကားတွေနဲ့ ကြုံတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်နဲ့ အငြင်းပွားတတ်ပါတယ်။ ငွေကြေးမှာ မျှော်လင့်သလို မဖြစ်ဘဲ ခက်ခဲသွားတတ်ပါတယ်။ နှလုံးသားရေး ခံစားမှုပိုင်းမှာတော့ ပျော်ရွှင်ကြည်နူးစရာတွေ ရှိနေဦးမှာပါ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ)

ဘာလုပ်လုပ် ဖြစ်မြောက် အောင်မြင်လွယ်တဲ့ သီတင်းပတ် ဖြစ်ပါတယ်။ ကံစမ်းဥာဏ်စမ်းကိစ္စတွေလည်း ပေါက်မြောက် အဆင်ပြေနိုင်ပါတယ်။ လုပ်ငန်းမှာ အဆက်အသွယ်တွေ ရလာပါမယ်။ ငွေကြေးပိုင်းမှာလည်း အိုကေနေမှာပါ။ နှလုံးသားရေးမှာလည်း နားလည်မှု ပိုပေးနိုင်ပြီး အဆက်အသွယ်တွေ ခိုင်မြဲနေပါလိမ့်မယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ)

အလုပ်အကိုင်မှာ အတင်းအားစိုက် ကြိုးစားရတာ၊ အချိန်နဲ့ တပြေးညီ တွန်းလုပ်ရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရလဒ်က အကောင်းကို ဦးတည်နေလို့ ကြိုးစားရကျိုး နပ်ပါလိမ့်မယ်။ ငွေကြေး အဆင်မပြေမှုတွေက ဆက်ရှိနိုင်ပေမယ့် ပြန်ပြေလည်သွားမှာပါ။ အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် ပိုနီးစပ်သွားဖို့ ရှိပါတယ်။

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)