၂၀၂၀ မှာ ကံထူးကံကောင်းမယ့် ရာသီဖွားများ

၂၀၂၀ ပြည့်နှစ်ထဲမှာ ဘယ်ရာသီဖွားတွေက ကံ အကောင်းဆုံး ဖြစ်လာမလဲ၊ ဘယ်လို ကံကောင်းမှုတွေ ကြုံရမလဲဆိုတာ တွက်ချက် အဖြေရှာကြည့်ရအောင်..။ တကယ်လို့ ပထမ နှစ်ဝက်ထဲ မထူးခြားသေးဘူးဆိုရင် ဒုတိယနှစ်ဝက်မှာ ထူးခြားကံကောင်းပါစေလို့ ဆန္ဒပြုပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

၂၀၂၀ ထဲမှာ ရွှံ့ကိုင်ရင်တောင် ရွှေ ဖြစ်မယ့်သူကတော့ ကန်ရာသီဖွားတွေပါပဲ။ မမျှော်လင့်တဲ့ ကံကောင်းခြင်းနဲ့ အံ့အားသင့်စရာ အောင်မြင်မှုတွေ ရရှိမယ်။ နှစ်စပိုင်းကာလတွေမှာ အခက်အခဲလေးတွေ ပေါ်လာတတ်ပေမယ့် နောက်ပိုင်းမှာ ထူးခြားထင်ရှားစွာ တိုးတက်အောင်မြင်ပါလိမ့်မယ်။ သိပ်စဉ်းစားလွန်းတဲ့၊ တွေဝေလွန်းတတ်တဲ့ စရိုက်ကို ခဏမေ့ထားပြီး လုပ်ချင်တာကို ပြတ်ပြတ်သားသားသာ လုပ်ချလိုက်ပါ။ ကံတရားက ကိုယ့်ဘက်မှာပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)

ယူရေးနပ်စ်နဲ့ ကြာသပတေး ဂြိုဟ်တွေ ဆက်သွယ်ထားတဲ့ ၂၀၂၀ ဟာ ပြိဿရာသီဖွားတွေအဖို့ ကိုယ့်ဘဝပါ ပြောင်းလဲသွားလောက်တဲ့ အဖြစ်အပျက်တွေ စတင် ဖြစ်တည်လာနိုင်ပါတယ်။ နေရာသစ်၊ ဘဝပုံသဏ္ဍာန်သစ် စတဲ့ အသစ်တွေချည်း ကြုံလာတတ်လို့ စိတ်လှုပ်ရှားစရာတွေလည်း ဖြစ်လာမှာပါ။ ဒါပေမယ့် အခြေအနေတွေ အားလုံးက အကောင်းဘက်ကို ဦးတည်နေမှာမို့ ဒီတစ်နှစ်ကလည်း ကံကောင်းအောင်မြင်မယ့် နှစ် ဖြစ်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တာတွေကို အထမြောက်အောင် အကောင်အထည်ဖော်နိုင်မယ့် ၂၀၂၀ ပြည့်နှစ်ပါပဲ။ အရင်နှစ်က ကိုယ့်အပေါ် လွှမ်းမိုးခြယ်လှယ်ထားတဲ့ အဖြစ်အပျက်၊ အခြေအနေတိုင်းကနေ လွတ်မြောက်နိုင်ပြီး စိတ်ကူးအိပ်မက်တွေအတိုင်း လုပ်ပြလာနိုင်ပါလိမ့်မယ်။ ကိုယ့်ကံတရားက ကိုယ့်လက်ထဲမှာပဲ ရှိနေတာ ဖြစ်လို့ အကောင်းဆုံး ရေးခြယ်ဖို့က ကိုယ့်တာဝန်ပါ။ ဒီနှစ် ၂၀၂၀ မှာ အလုပ်ရော အရည်အချင်းပါ မြင့်မားလာပါမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ)

နက်ပကျွန်းနဲ့ ကြာသပတေး ဂြိုဟ်နှစ်လုံးရဲ့ ဆက်သွယ်မှုအရ ၂၀၂၀ ဟာ မိန်ရာသီဖွားတွေအတွက် ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။ ကံတရားက ကိုယ့်ဘက်မှာ အခိုင်အမာ ရပ်တည်လာပြီမို့ ဖြစ်ချင်တဲ့ စိတ်ကူးနဲ့ မျှော်လင့်ချက်တွေကို အရယူ ဖော်ဆောင်ကြည့်နိုင်ပါတယ်။ စိတ်လှုပ်ရှားရင်ခုန်စရာ အဖြစ်အပျက်တွေနဲ့အတူ မေ့မရတဲ့ နေ့စွဲတွေကိုလည်း ၂၀၂၀ ထဲမှာ ကြုံရပါမယ်။ အပြောင်းအလဲတွေ ဖြစ်လာရင် ကြိုဆိုထားလိုက်ပါ။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)

ကိုယ့်ရာသီခွင်ထဲမှာ မူလသခင် စနေဂြိုဟ်နဲ့ ကံကောင်းခြင်းဂြိုဟ် ကြာသပတေးတို့ အတူတကွ ရပ်တည်လာလို့ ၂၀၂၀ ဟာ မကာရရာသီဖွားတွေအတွက် ကံထူးကံပွင့်ဦးမယ့် နှစ်တစ်နှစ် ဖြစ်လာပါတယ်။ ပြောစရာက တစ်ခု ရှိပါတယ်။ ဒါကတော့ စနေရဲ့ သဘာဝအတိုင်း ဘယ်အရာကိုမှ အချိုအချောင် မပေးတဲ့ သဘော ရှိတဲ့အတွက် ကိုယ့်ဘက်က ကြိုးစားအားထုတ်မှု လိုပါလိမ့်မယ်။ ကိုယ်စိုက်ပျိုးသမျှကို ကိုယ်တိုင် ရိတ်သိမ်းနိုင်မယ့်နှစ်ပါပဲ။

အထက်ပါ ရာသီဖွားတွေကတော့ ၂၀၂၀ ပြည့်နှစ်ထဲမှာ လုပ်ကိုင်သမျှ အဆင်ပြေ အပေါက်အလမ်း တည့်ပြီး အောင်မြင်မှုလမ်းပေါ် အလွယ်တကူ ရောက်ရှိမယ့်သူတွေ ဖြစ်ပြီး ကုသိုလ်ကံအခွင့်ပေးချိန်မှာ ကိုယ်ဖြစ်ချင်ရာ အိပ်မက်တွေဆီ အရောက်လှမ်းနိုင်၊ ယူနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)