၂၁ ရာစု၏ အချိန်အကြာဆုံး လကြတ်မှုနှင့် ဟောကိန်း

ဒီနေ့ ဝါဆိုလပြည့်ညမှာပဲ ၂၁ ရာစုရဲ့ အချိန်အကြာဆုံး လကြတ်မှုကိုလည်း မြင်တွေ့ရမှာမို့ လကြတ်တာနဲ့ ပတ်သက်တဲ့ ဗေဒင်သုတတွေနဲ့ နောက်ဆက်တွဲ ဖြစ်တန်ခြေ ဟောကိန်းတွေကို သာမန်လူတွေ နားလည် သဘောပေါက်၊ ဖတ်ရှုနိုင်အောင်လို့ အရှင်းဆုံး တင်ပြလိုက်ပါတယ်။

လကြတ် (သို့) လငပုပ်ဖမ်းမယ့် အချိန်

မြန်မာစံတော်ချိန် ည ၁၁း၄၅ ခန့်မှာ လကြတ်တာ စတင်ပြီး မနက် ၃ နာရီဝန်းကျင်မှာ လမျက်နှာပြင် လုံးဝ အမှောင်ဖုံးတာကို မြင်ရပါမယ်။ အဲဒီနောက် တဖြည်းဖြည်းနဲ့ အမှောင်ရိပ် ပြန်ပျောက်လာပြီး နောင်နေ့ ၂၈ ရက် မနက် ၆ နာရီဝန်းကျင်မှာ လကြတ်ခြင်း ပြီးဆုံးပါလိမ့်မယ်။

လကြတ်တာကို မြင်ရမယ့် နိုင်ငံတွေကတော့

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသ၊ သြစတြေးလျ၊ ရုရှား၊ အာဖရိက၊ ဥရောပနဲ့ အမေရိက အလယ်ပိုင်းတွေမှာ လကြတ်မှုဖြစ်စဉ်ကို မြင်တွေ့ရပါမယ်။

လကြတ်ရင် ဘာဖြစ်တတ်သလဲ

နေကြတ်လကြတ်တွေက နှစ်စဉ် ဖြစ်ပွားလေ့ရှိတာကြောင့် နေလကြတ်တိုင်း ထူးခြားမယ်လို့ ပြော မရပါဘူး။ ဒါပေမယ့် နက္ခတ္တဗေဒကျမ်းတွေအရ နေကြတ်၊ လကြတ်ကို အပြည့်အဝ မြင်ရတဲ့ တိုင်းပြည်တွေနဲ့ နေလ ကြတ်တာက တိုင်းပြည်ဇာတာရဲ့ အဓိကပွိုင့်တွေကို တခြားဂြိုဟ်ကြီးတွေနဲ့အတူ မြင်ယှဉ် ဆက်သွယ်လာရင် နေလကြတ်ပြီး ၆ လအတွင်း ထင်ရှားတဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်မယ် ဆိုတဲ့ အယူအဆ ရှိပါတယ်။

ဒီနေ့ လကြတ်မှုဖြစ်စဉ်မှာ စစ်နတ်ဘုရားလို့ ခေါ်ကြတဲ့ အင်္ဂါဂြိုဟ်က ပါဝင်ပတ်သက်နေတာမို့ စစ်မက်ဘေး၊ မီးဘေးနဲ့ ပေါက်ကွဲမှုအန္တရာယ်တွေ ကမ္ဘာမှာ ပိုဖြစ်လာနိုင်ပြီး လကြတ်တဲ့ ရာသီခွင်အရ မြန်မာပြည်မှာလည်း အနည်းနဲ့အများ ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ အထူးသဖြင့် အင်္ဂါရဲ့ ပရိယာယ်တွေ ဖြစ်တဲ့ စစ်ဘက်၊ စက်မှု၊ လက်နက် စတာတွေနဲ့ ပတ်သက်လုပ်ကိုင်သူတွေ သတိထားရမှာ ဖြစ်ပါတယ်။

ဘယ်ရာသီဖွားတွေကို အများဆုံး ဂယက်ရိုက်နိုင်သလဲ

ပုံမှန်အားဖြင့် နေကြတ်လကြတ်တာတွေက ရာသီဖွားအားလုံးအပေါ် လွှမ်းမိုးမှု ရှိပေမယ့် ဒီနေ့ လကြတ်ရာမှာ သိဟ်ရာသီ၊ ကုမ်ရာသီ၊ ဗြိစ္ဆာရာသီနဲ့ ပြိဿရာသီတွေကို အများဆုံး လွှမ်းမိုးမှု ဖြစ်လာပါလိမ့်မယ်။ ဒီရာသီဖွား ၄ ခုမှာ လာမယ့် ၆ လအတွင်း ပုံမှန်ထက် ထူးခြားတဲ့ ဘဝလှိုင်းအတက်အကျတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဘယ်လို ယတြာချေနိုင်မလဲ

နေလကြတ်တာတွေက သမာရိုးကျ နက္ခတ္တဗေဒဖြစ်စဉ်တွေ ဆိုပေမယ့် အခုလို လကြတ်ချိန်မှာ ပြုလုပ်အပ်တဲ့ မြန်မာ့ရိုးရာယတြာနည်းစနစ်တွေ ရှိပါတယ်။ ဒီထဲမှာမှ ကုသိုလ်လည်းရ၊ ထိရောက်မှုလည်း ရှိတဲ့ နမောတေ အမည်ရှိ ဂါထာတစ်ခုကို အများ ရွတ်ဖတ် ပူဇော်နိုင်အောင် တင်ပြပေးပါမယ်။ ဒီဂါထာကို လကြတ်နေစဉ်မှာ ကိုယ်တတ်နိုင်သလောက် ထုံမွှမ်းရွတ်ဆိုရမှာ ဖြစ်ပါတယ်။

နမောတေ ဂါထာ

နမော တေ ဗုဒ္ဓ ၀ီရတ္ထု၊ ၀ိပ္ပမုတ္တော သိ သဗ္ဗဓိ၊ သမ္ဗာဓပ္ပဋိပန္နော သ္မိ၊ တဿ မေ သရဏံ ဘ၀။ တထာဂတံ အရဟနံ္တ၊ စန္ဒိမာ သရဏံဂတော ရာဟုစန္ဒံ ပမုဉ္စဿု၊ ဗုဒ္ဓါ လောကာ နုကမ္ပကာ။

ပါဠိအနက် –

ဝီရ၊ လုံ့လ ကြီးမားတော်မူသော။ ဗုဒ္ဓ၊ ရှင်တော်မြတ်ဘုရား။ တေ၊ သုံးဘုံကျော်ကြား ရှင်တော်မြတ်ဘုရားအား။ နမော၊ ကာယ၀စီ မနောချီလျက် နှစ်သက်မြတ်နိုး ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။ တွံ၊ ဘေးရန်ကင်းငြား ရှင်တော်မြတ်ဘုရားသည်။ သဗ္ဗဓိ၊ အလုံးစုံသော အနှောင်အဖွဲ့မှ။ ၀ိပ္ပမုတ္တော၊ ပါရမီတန်ခိုးနှင့် ပယ်နှိမ်ချိုးသဖြင့် လွယ်လင့်တကူ လွတ်မြောက်တော်မူသည်။ အသိ၊ ဖြစ်ပေ၏။ တွံ၊ ရှင်တော်မြတ်ဘုရားသည်။ တဿမေ၊ ထိုဘုရား တပည့်တော်၏။ သရဏံ၊ ဘေးရန်ကင်းပ ချမ်းသာရကြောင်း မြတ်သော မှီခိုရာသည်။ ဘ၀၊ ကရုဏာမိုး သွန်းကာဖြိုးလျက် နှစ်သက်ကြည်ဖြူ ဖြစ်တော်မူပါ အရှင်ဘုရား။

ရာဟု=အိုရာဟုအသူရိန်။စန္ဒိမာ=လနတ်သားသည်။အရဟန္တံ=ပူဇော်အထူးကိုခံတော်မူထိုက်သော။ တထာဂတံ=မြတ်စွာဘုရားကို။သရဏံ=မှီခိုအားထားကိုးစားစရာဟူပြီးမှီဝဲဆည်းကပ် သိမှတ်ပါ၏။စန္ဒံ=လဗိမာန် ကို။ပမုဉ္စဿု=လွတ်လိုက်ပါလော့။ဗုဒ္ဓါ=ဘုရားရှင်တို့မည်သည်။လောကာနုကမ္ပကာ=လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါဟူသမျှကို သနားသမှုကြောင့်ကြပြု၍ ဂရုစိုက်တော်မူကြပေ၏။။ရာဟု=ရာဟုအသူရိန်နတ်။တွံ=သင်သည်။ စန္ဒံ=လဗိမာန်ကို။ပမုဉ္စ=လွတ်လိုက်ပါလော့။

ဗေဒင်သုတ ပရိတ်သတ်များနဲ့ ၇ ရက်သားသမီးအပေါင်း ဘေးရန်ကင်းကွာ၊ လိုရာဆန္ဒ ပြည့်ဝကြပါစေ

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)