(၃) ကြွင်းဖွားတွေရဲ့ သဘာဝနဲ့ အားသာချက်၊ အားနည်းချက်များ

မွေးဖွားတဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့စားလို့ (၃) ကြွင်းရင် ဖတ်ကြည့်နိုင်ပါတယ်။ ဒီမဟာဘုတ် (၃) ကြွင်းဖွားတွေဟာ  ဘဝခရီးတစ်လျှောက်လုံးမှာ ယုံကြည်မှုကို လက်ကိုင်ပြု လျှောက်လှမ်းကြသူတွေ ဖြစ်ပါတယ်။ သူတို့ ယုံကြည်ရာကိုသာ စွဲမြဲစွာ ယုံကြည်ပြီး အခြား အရာတွေကို လျစ်လျူရှုပစ်လိုက်ကြသူတွေပါပဲ။ အဖြူရောင်ကို အထင်ကြီးမိရင် အဖြူရောင်ကိုပဲ ကိုးကွယ်တယ်။ အနက်ရောင်ကို လေးစားမိရင် အနက်ရောင်ကိုပဲ ကြည်ညိုတယ်။ ကျန်တာတွေ လာမပြောနဲ့ ဟင့်အင်းပါပဲ။

ထိုကဲ့သို့သော (မှတစ်ပါး ..အခြားမရှိ) သည့် စိတ်အခြေအနေမျိုးဖြင့် ဘဝခရီးကို ဖြတ်သန်းလေ့ ရှိကြသူများ ဖြစ်သလို သူတို့ဟာ ဘယ်တော့ပဲ ဖြစ်ဖြစ် အတော်ဆုံး ၊ အကောင်းဆုံး ၊ အမြတ်ဆုံး အရာတွေကိုသာ သဘောကျတတ်သူတွေ ဖြစ်တယ်။ သူတို့အထင်ကြီးမိ လေးစားအားကျမိပြီဆိုရင် ဒါမှမဟုတ် အကောင်းမြင်မိသွားပြီဆိုရင် ဒါမှဒါ ပဲဆိုသလိုမျိုး သည်းသည်းမည်းမည်း နှစ်သက်မိတတ်သလို သူတို့ အထင်သေးမိ နှာခေါင်းရှုံ့မိသွားပြီဆိုမှဖြင့် ဘာပြောပြော ၊ ဘာကြုံကြုံ အဲဒီ့အကြောင်းအရာကို ဘယ်သောအခါမှ အကောင်းမြင်ကြည့်လို့ မရတော့ပါဘူး။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သူတို့က အသိဥာဏ်ဆိုတာကို အလေးထားမြတ်နိုးတတ်သလို ၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် နံပါတ်တစ် ဖြစ်နေတာတွေကိုလည်း သဘောကျတတ်သူများ ဖြစ်ပါတယ်။ သုံးတွေ ၊ လေးတွေ၊ ငါးတွေ ဘယ်လောက်တွေ့တွေ့ အာရုံ မညွတ်မိပေမယ့် တစ်ကို တွေ့လိုက်ရင်တော့  စိတ်နှလုံး သဘောခွေ့ ပီတိမွေ့စိတ်က ငယ်ထိပ် တက်လာတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သူတို့ဟာ မူလပင်ကိုယ်စွမ်းရည် တောက်ပနေသော မည်သူ့ကို မဆို သဘောကျတတ်သောစိတ် ရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ အားကျတတ်တဲ့ ပုဂ္ဂိုလ်တွေဟာ တီထွင်ဖန်တီးနိုင်သူတွေ၊ ပင်ကိုယ် စွမ်းရည် ထက်မြက်သူတွေ၊ သူမတူအောင် ပင်ကိုယ်ထက်မြက်နေသူတွေ ဖြစ်နေတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အလားတူပါပဲ ဆုတံဆိပ်တွေ၊ ရာထူးတွေ၊ ဂုဏ်ထူးဆောင် အမှတ်တံဆိပ်တွေကို နှစ်သက်မြတ်နိုးတတ်သော စိတ်သဘာဝ ရှိကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ  သူတို့ ကိုယ်တိုင်ကလည်း အထင်ကြီးမိရာကို အလွန် အသိမှတ်ပြုတတ်သလို  ၊ သူတို့ကို အသိမှတ်ပြုခံရခြင်းကိုလည်း အလွန် အင်မတန် သဘောခွေ့တတ်ကြသူတွေပါ။  ချီးကျူးစကားတွေကိုသာ ကြားခွင့်ရမယ်ဆိုရင် မြှောက်ပြောနေမှန်း သိနေရင်တောင် ချိုမြိန်သာယာ ညွှတ်နူးပစ်လိုက်ဖို့ အဆင်သင့် အမြဲ ရှိနေတတ်သူတွေပါ။ ဒီစိတ်အခြေခံ သဘာဝတွေ ကြောင့်ပဲ အိမ်တစ်အိမ်မှာ ဆုတံဆိပ်တွေကို မှန်ဘောင်ထဲထည့်ပြီး တင်ထား ၊ ချိတ်ထားပြီး ၊ အမြဲ ဖုန်သုတ်အရောင်လက်နေစေတတ်တဲ့သူတွေဟာ (၃) ကြွင်းဖွားတွေပဲ ဖြစ်လာပါတယ်။

အချို့သော (၃) ကြွင်းဖွားတွေဟာ ကျန်းမာရေးဆိုင်ရာ အလေးပေးစိတ် လွန်ကဲပြီး ဘာလုံးဝမစားဘူး၊ ဘယ်အရာ လုံးဝ ရှောင်မယ် ၊ ဘယ်လို လုံးဝ မလုပ်ဘူး စသည်ဖြင့် သံမဏိစည်းကမ်းတွေ ကိုယ်တိုင်ချမှတ် ထားကြတာကို တွေ့ရပါတယ်။ အချို့သော (၃) ကြွင်းဖွားတွေကလည်း စည်းကမ်းသည်သာ နံပါတ်တစ် ဆိုတဲ့ မူဝါဒနဲ့ တစ်ဘဝလုံးကို ကိုယ်ပိုင်စည်းကမ်းတွေ သတ်မှတ်ပြီး ဘယ်သူပြောပြော အလျှော့အတင်းမရှိတဲ့ စိတ်နဲ့ နေထိုင်သွားတတ်ကြပြန်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၃) ကြွင်းဖွားများရဲ့ မူလစွမ်းရည်တစ်မျိုးကတော့ အလွန်သည်းခံနိုင်သော အစွမ်းပါပဲ။  အမြဲတမ်း ရန်လိုနေတတ်သော (၃) ကြွင်းဖွား ဇာတာရှင်အချို့မှာတောင် သူတို့ စိတ်ရှည် သည်းခံနိုင်သော နေရာမျိုးတွေမှာတော့ သူမတူအောင် သည်းခံ စိတ်ရှည်နိုင်ကြတာကို တွေ့ရှိရပါတယ်။ အကြွင်းဖွား အားလုံးထဲမှာ ဇွဲအကောင်းဆုံး အကြွင်းဖွားဟာ (၃) ကြွင်းဖွားတွေပါပဲ။ မလျော့တမ်းစိတ်နဲ့ ဘယ်လောက်ကြာကြာ အနိုင်တိုက်မယ် ဆိုတဲ့ စိတ်သဘာဝ အခြေခံမျိုးရှိကြပြီး သူတို့ရဲ့ ကံပေး လက်နက်ကလည်း ဇွဲသတ္တိပဲ ဖြစ်ပါတယ်။ ထိုဇွဲသတ္တိကိုမှ ထုတ်သုံးရကောင်းမှန်း မသိခဲ့သော (၃) ကြွင်းဖွားများဟာ ဘဝကို လက်နက်မပါဘု တိုက်ပွဲဆင်နေတာနဲ့ အတူတူပါပဲ။

(၃) ကြွင်းဖွားတွေဟာ မိမိတို့ကို ပြစ်တင်ကဲ့ရဲ့လာခြင်းကို တစ်ခြားသူများထက် ပိုမို ရွံမုန်းလေ့ ရှိတတ်ကြပါတယ်။ (၃) ကြွင်းဖွားတွေဟာ အသိမှတ်ပြုခံလိုစိတ်လည်း အပြည့်အဝ ရှိကြတာမို့ သူတို့ကို  မသိကျိုးကျွံ ပြုတာခံရတာလောက် အနေရဆိုးတာ မရှိပါဘူး။ ဒီအသိမှတ်ပြုခံလိုစိတ်ကြောင့်ပဲ တစ်ခါတစ်လေမှာ သူတို့ကို ထုတ်ကြွားတတ်သူ၊ ကိုယ့်ကိုယ်ဖော်ညွှန်းလိုမှု များသူ ၊ ကိုယ့်ဂုဏ် ကိုယ်ဖော်သူ အဖြစ် တစ်ခြားသူတွေက အမြင်ကပ်ခြင်းကို ခံရလေ့ရှိကြပါတယ်။

နေလနှစ်ပါး တောက်ပသော (၃) ကြွင်းဖွားတွေဟာ အလင်းရောင်ဇာတာရှင်များ လို့တောင် ခေါ်ဆိုနိုင်ပါတယ်။ အမိအဖတို့ကို လုပ်ကိုင်ကျွေးမွေး ကျေးဇူးဆပ်ခွင့်ကိုလည်း အခြားအကြွင်းဖွားများထက် ပိုမိုရရှိတတ်သူများ ပါပဲ။ အကြီးအကဲ ကံ ကောင်းခြင်း၊ အမိအဖဆရာသမားတို့မှ စောင့်ရှောက်မှုကို ခံယူရတတ်ခြင်း စတဲ့ ကံအကျိုးပေး ကောင်း ရှိကြသူများ ဖြစ်ပါတယ်။ အားလုံးပဲ ချမ်းမြေ့ပျော်ရွှင်ကြပါစေ- ဆရာစိုးမိုးထွန်း (ခေါ် ဆရာ ဝေသာလီမောင်ဖုန်း ၀09789333791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)