(၄) ကြွင်းဖွားတွေရဲ့ သဘာဝနဲ့ အားသာချက်၊ အားနည်းချက်များ

မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့ စားလို့ (၄) ကြွင်းရင် ဒီယေဘုယျအဟောတွေကို ဖတ်ရှုနိုင်ပါတယ်။  ဘဝမှာ  လွတ်လပ်မှုကို အမြတ်တနိုး တန်ဖိုးအထားဆုံး အကြွင်းဖွားတွေကို ပြပါဆိုရင် (၄) ကြွင်းဖွားတွေကို ပြရမှာပဲ ဖြစ်ပါတယ်။ အလှအပနဲ့  စိတ်ကြည်လင် ချမ်းမြေ့စရာတွေနောက် ကောက်ကောက် ပါအောင် လိုက်ပါ လိုသော စိတ်သဘာဝ ရှိကြသူများဟာလည်း (၄) ကြွင်းဖွားတွေပဲ ဖြစ်ပါတယ်။ ချုပ်ခြယ်မှုခံရမှာ ၊ စိတ်ဖိစီးမှု ခံရမှာတွေကို တစ်ခြားအကြွင်းဖွားတွေထက် ပိုမိုကြောက်ရွံ့တတ်ပြီး. မျက်နှာလွှဲ ကျောခိုင်းထားလေ့ရှိတတ်ကြ သူမျးလည်း ဖြစ်ပါတယ်။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၄) ကြွင်းဖွားတွေဟာ ဘ၀မှာ မိခင် ၊ အစ်မ ၊ အဖွား ၊ အဒေါ် စတဲ့ အမျိုးသမီးအကြီးအကဲတွေ အပေါ် ပိုမို တွယ်တာတတ်ကြပြီး မိသားစုနဲ့ ချစ်ခင်တွယ်တာမိသူတွေအပေါ်မှာလည်း အလေးထား မြတ်နိုးတတ်သူတွေပါ။ အားနည်းချက်တစ်ခုကတော့ စိတ်မပြတ်သားမှုနဲ့ အစဉ်အမြဲ ဒွိဟများနေရတတ်မှုတို့ပဲ ဖြစ်ပါတယ်။ အကြောင်းအရာ ကဏ္ဍများစွာမှာ  မြွေမသေတုတ်မကျိုး လုပ်ကိုင်ထားတတ်သူများဟာလည်း (၄) ကြွင်းဖွားတွေပါပဲ။

(၄) ကြွင်းဖွားတွေဟာ ဆရာသမားတွေ၊ ပညာရပ်တွေနဲ့ ပတ်သက်လာရင် နှမြောတွန့်တိုတတ်ကြ သူများလည်း ဖြစ်ပါတယ်။ ကြွယ်ဝချမ်းသာလာရင်လည်း တကယ် ချမ်းသာသလောက်ကို သူများ အသိ မခံချင်ကြပါဘူး။ ဖုံးထားကွယ်ထားတတ်လေ့ ရှိကြပါတယ်။ သူတို့က  ပညာရပ်အမျိုးမျိုးကို စုဆောင်း သိုမှီးထားရတာကို ဝါသနာ ထုံတတ်ကြသလို သူတို့တွေအတတ်ပညာ သင်ကြားရာမှာလည်း တစ်စတစ်စ ပွားယူတဲ့နည်းနဲ့ သင်ယူဆည်းပူးလေ့ ရှိတတ်ကြပါတယ်။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၄) ကြွင်းဖွားများဟာ ရေမှာ ပျော်ရွှင်ရခြင်း၊ ရေနှင့် နီးစပ်သော နေရာဌာနများမှာ နေထိုင်ရခြင်း၊ ပျော်ပါးရခြင်း ၊ ယာဉ်ကားများကို သဘောကျတတ်ခြင်း၊ ခရီးသွားလာလှုပ်ရှားနေရခြင်းကို သာယာပျော်မွေ့နေတတ်ခြင်း ၊ အနုပညာကဏ္ဍများနဲ့ ဓါတ်ပုံရိုက်ကူးခြင်း၊ ရုပ်သံ ဗွီဒီယို ရိုက်ကူးခြင်းတွေကို နှစ်လိုတတ်ကြပါတယ်။ ဥပမာအားဖြင့် ဓါတ်ပုံရိုက်မယ်ဟေ့ ဆိုရင် ရှေ့ဆုံးက ထွက်လာတတ်တာ (၄) ကြွင်းဖွားတွေပါပဲ။

(၄) ကြွင်းဖွားများဟာ ရန်သူကို အနိုင်တိုက်ခိုက်ရာမှာ လက်ဦးအောင် စတင် ရန်စ စစ်ထိုးတဲ့နည်းကို သုံးလေ့ရှိတတ်ကြပါတယ်။ အချုပ်အခြယ် ခံရခြင်းကို မုန်းတီးကြသလောက် လွတ်လပ်စွာ နေထိုင်ရခြင်းကိုလည်း မြတ်နိုးတန်ဖိုးထားတတ်ကြသူတွေ ဖြစ်ပါတယ်။ (၄) ကြွင်းဖွားများဟာ သားသမီးကံ အားနည်းကြပါတယ်။ သားသမီးနဲ့ ပတ်သက်လို့ စိတ်တိုင်းကျရမှု နည်းပါးတတ်ကြပြီး ဘဝမှာ သားသမီး မြေးမြစ်ဆိုင်ရာ သောကပူပန်မှု ရှိတတ်ကြသူများပါပဲ။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၄) ကြွင်းဖွားတွေရဲ့ အကောင်းဆုံး စွမ်းရည်တွေကတော့ အုပ်ချုပ်မှုစွမ်းရင် မြင့်မားခြင်း၊ ခေါင်းဆောင်နေရာမှ အရည်အသွေးပြည့် လှုပ်ရှားလုပ်ဆောင်နိုင်ခြင်း ၊ ပထမဆုံး စူးစမ်းရှာဖွေနိုင်ခြင်း  ၊ တီထွင်ဆန်းသစ်မှု လမ်းသစ် အစအပျိုးနိုင်ခြင်းများ ပဲ ဖြစ်ပါတယ်။ ခက်တာက ဒီစွမ်းရည်တွေကို ထိထိမိမိ အသုံးချနိုင်စွမ်း ရှိဖို့ လိုအပ်တာပါပဲ။ တစ်ချို့ဆို ကိုယ့်မှာ ဒီလိုစွမ်းရည်မျိုး ရှိလို့ ရှိမှန်းတောင် မသိကြဘဲ ဇဝေဇ၀ါနဲ့ပဲ ရပ်တည်နေတတ်ကြပါတယ်။ အကျဉ်းအကျပ် ကြုံချိန်မျိုးလောက်မှသာ စွမ်းရည်က အလိုလို ပေါ်ပေါက်လာတာမျိုးသာ အများဆုံးတွေ့ရှိရပါတယ်။ အားလုံးပဲ ချမ်းမြေ့ပျော်ရွှင်ကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789333791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)