ကြယ်တာရာတွေ ပြောတဲ့ ဓာတ်စာ

နက္ခတ်ဗေဒင်အရ ရာသီဖွားအလိုက် ဖြစ်ပွားတတ်တဲ့ ရောဂါ၊ ဝေဒနာ၊ ခံစားချက်တွေနဲ့အတူ ဒါတွေကို ကုစားနိုင်မယ့် မှီဝဲ စားသုံးသင့်တဲ့ ဓာတ်စာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးအတွက် အသုံးတည့်မယ်လို့လည်း မျှော်လင့်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ) – ဒီရာသီဖွားတွေက ခေါင်းကိုက်၊ ခေါင်းခဲ ဆိုတဲ့ ဦးခေါင်းပြဿနာတွေ ဖြစ်လွယ်တတ်ပါတယ်။ ခန္ဓာကိုယ် ထဲမှာ ဆားဓာတ် ကျသွားတာနဲ့ တစ်ခါတည်း ခြေပစ် လက်ပစ် ခွေခေါက် သွားတတ်ပါတယ်။ ဒီတော့ သူတို့ အတွက် တရုတ်ဆီးသီး၊ ငှက်ပျောသီး၊ သဖန်းသီး၊ ပန်းဂေါ်ဖီ၊ ပဲအမျိုးမျိုး၊ သခွားသီး၊ ဖရုံသီး၊ ဆန်ညို၊ သစ်ကြားသီး၊ နွားကလေးအသားတွေ သုံးဆောင်ပေးရပါမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ)  – ပြိဿတွေက သိပ်ကို စိတ်ဖိစီးလေးလံလာတာနဲ့ အားပါးတရ ပွင့်ကန် ပေါက်ကွဲတတ်ပါတယ်။ ဒါ့ကြောင့်မို့ အခွံမာသီး၊ ဥအမျိုးမျိုး၊ ပင်လယ်စာ၊ ဆလတ်ရွက် စိမ်းသုပ်၊ စတော်ဘယ်ရီသီးချဉ်နဲ့ စားတော်ပဲတွေကို သုံးဆောင် ပေးပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)


မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ) – ဒီရာသီဖွားတွေက ဘယ်လို စိတ်ညစ်၊ စိတ်ရှုပ်တာကိုမျိုးမှ ကြာကြာ လက်ခံထားသူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ အရက်နဲ့ မူးယစ်ဆေးတွေကို တခြား ရာသီဖွားထက် စွဲလန်းလွယ်တတ်တဲ့အတွက် ပိုသတိထား ရှောင်သင့်ပါတယ်။ ဒီအရာတွေက မေထုန်ရာသီကို ကောင်းကောင်း ဒုက္ခပေးနိုင်လို့ပါပဲ။ စားသင့် တာတွေက ရှောက်ခါးသီး၊ ကညွှတ်၊ မက်မန်း၊ ပန်းသီး၊ လိမ္မော်သီး၊ မက်မွန်သီး၊ ဆီးသီး၊ နို့၊ ထောပတ်နဲ့ ဒိန်ခဲတွေ ဖြစ်ပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ)  – ကရကဋ်တွေက အလွယ်တကူ စိတ်လှုပ်ရှားထိခိုက်လွယ်တာကြောင့် အဲဒါကို သတိထားပါ။ နောက်တစ်ခုက အလွန်အကျွံ စားသောက်တာမျိုး ရှောင်ရပါမယ်။ စပျစ်သီး၊လိမ္မော်သီး၊ ဖရဲသီး၊ ဘလူး ဘယ်ရီသီး၊ ဆလတ်ရွက်၊ တရုတ်နံနံ၊ ငါးအမျိုးမျိုးကို စားသုံးပေးပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ) – သိဟ်ရာသီ ခြင်္သေ့မျိုးတွေက အဆီအဆိမ့် နည်းတဲ့ အစားအသောက်ကိုပဲ စားသုံးသင့်ပါတယ်။ မက်မန်း၊ ဂျုံ၊ စွန်ပလွံ၊ သစ်ကြားသီး၊ စပျစ်သီးခြောက်၊ မုန်လာဥနီ၊ ရှောက်၊ သံပုရာ၊ မက်မွန်၊ သစ်တော်သီး၊ သဖန်းသီး၊ အမဲသား၊ သိုးသား၊ ပင်လယ်စာနဲ့ ကညွှတ်တွေကို သုံးဆောင်ပေးပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)


ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ)  – ဒီရာသီသမားတွေက ထစ်ခနဲဆို စိုးရိမ်ဖို့ ပြင်နေပြီး စိုးရိမ်ပြီဆိုတာနဲ့ အစာမကြေ တန်းဖြစ်တတ်ပါတယ်။ ဂျုံကြမ်း၊ ပေါင်မုန့်၊ ဖရဲသီး၊ သခွားသီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ဒိန်ခဲနဲ့ ဥအမျိုးမျိုးကို စားသုံး ပေးရပါမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) –
ဒီရာသီသမားတွေအနေနဲ့ အစားအသောက် နည်းနည်း လျှော့ဖို့ အကြံပေးချင်ပါတယ်။ စားသင့်ဝါးသင့် တာတွေက စတော်ဘယ်ရီသီး၊ မုန်လာဥနီ၊ ပြောင်းဖူး၊ မုန်လာဥဝါ၊ စပျစ်သီးခြောက်၊ ဥအမျိုးမျိုး၊ ပင်လယ်စာ၊ အဆီဓာတ် နည်းတဲ့ ဒိန်ခဲ။ ဒိန်ချဉ်တွေ ဖြစ်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ)  – ဒီရာသီဖွားတွေကတော့ စိတ်ပင်ပန်းမှုကို ရင်ဆိုင်ရတတ်သလို ကူးစက်ရောဂါတွေလည်း ဖြစ်လွယ်တာမို့ ဒိန်ချဉ်၊ ဒိန်ခဲ၊ နို့၊ ဂေါ်ဖီထုပ်၊ သစ်ကြားသီး၊ မက်မွန်သီး၊ နာနတ်သီးနဲ့ ဆီးသီးခြောက်တွေကို စားသုံးပေးသင့်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)


ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ)  –
တင်တွေ၊ ပေါင်လုံးတွေ ထွားကျိုင်းတတ်တဲ့ ဒီရာသီဖွားတွေအနေနဲ့ အရက်သောက်တတ်ရင် လျှော့ သောက်ပြီး အဆီဓာတ်ပါ အစားအစာတွေ လျှော့စား သင့်ပါတယ်။ ဓာတ်စာအနေနဲ့က လိမ္မော်သီး၊ ဆီးသီး၊ စတော်ဘယ်ရီ၊ အာလူး၊ ခရမ်းချဉ်၊ ယာဂု၊ ဥအမျိုးမျိုး၊ ဂျုံ၊ မလိုင်ထုတ်ပြီး နွားနို့၊ ငါးနဲ့ ဒိန်ချဉ် တွေကို စားသောက် သင့်ပါတယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) – ဒီရာသီဖွားတွေက ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးရပါမယ်။ ပန်း ဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ သံပုရာသီး၊ ဂေါ်ဖီထုပ်၊ စားတော်ပဲ၊ အာလူး၊ ဆန်ညို၊ ယာဂု၊ ဥအမျိုးမျိုး၊ ငါး၊ ဒိန်ခဲ၊ ထောပတ်နို့နဲ့ ဒိန်ချဉ်တွေကို စားသောက်ပေးပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ)  – ကုမ်တွေက သွေးပေါင်တိုးတာမျိုး ဖြစ်တတ်ပါတယ်။ မက်မွန်၊ သစ်တော်သီး၊ သံပုရာ၊ စွန်ပလွံသီး၊ ဂေါ်ဖီထုပ်၊ စတော်ဘယ်ရီ၊ ပြောင်းဖူး၊ တရုတ်နံနံ၊ ငရုတ်ကောင်း၊ မုန်လာဥ၊ ခရမ်းချဉ်၊ ပဲနီပဲဝါလေး၊ ဆန်ညို၊ ကြက်၊ တူနာငါး၊ ပုစွန်ထုပ်ကြီးတွေ စားသောက်ကြည့်ပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ)  –နှာစေး၊ အအေးမိ၊ ဖျားနာလွယ်ပြီး ကူးစက်ရောဂါဆို ထိပ်ဆုံးက အကူးခံရတတ်သူတွေမို့ သိုးသား၊ ကြက်သား၊ ကမာ၊ ဂျုံ၊ ပဲ၊ လိမ္မော်၊ မုန်လာဥနီ၊ ဆလတ်ရွက်၊ ကြက်သွန်နီ၊ ပန်းသီး၊ စွန်ပလွံသီး၊ တရုတ် ဆီးသီး၊ စပျစ်သီး၊ ရှောက်သံပုရာ၊ မက်မွန်သီးနဲ့ ဆီးသီးခြောက်တွေကို ဓာတ်စာအဖြစ် သုံးဆောင်ပေးပါ။

၁၂ ရာသီခွင်ဖွားအားလုံး ကျန်းမာခြင်းဆုလာဘ်နဲ့ ပြည့်စုံနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)