ကြာသာပတေးနေ့ဖွားတို့ ကံဇာတာ (၁၃၈၃)

ကြာသာပတေးနေ့ဖွားများအတွက် သည်တစ်နှစ်သည်  ပညာရေး ၊ အမွေအနှစ်၊ ခရီးကံတို့မှာ အားသာချက် ရလွယ်သောကာလ ဖြစ်ပြီး….နေရာထိုင်ခင်း ၊ အလုပ်သမား ၊ တူ/တူမ တို့နှင့် ပတ်သက်သော ကံပိုင်းဆိုင်ရာတို့မှာတော့ အားနည်းချက် ပေါ်ပေါက်လွယ်သောကာလ ဖြစ်ပါလိမ့်မယ်။

အထူးသဖြင့် အားနည်းသည့်ကဏ္ဍထဲမှာ ကံကြွေးဝဋ်ကြွေး ပြန်ပေးဆပ်ရသကဲ့သို့ မျက်မှောက်ဘ၀မှာတင် မိမိတို့ပြုခဲ့ဖူးသော မကောင်းမှုကံ အကျိုးပေးကို ၊ မိမိတို့ကိုယ်တိုင်ပြန်ခံစားရသကဲ့သို့…မိမိအမှားကို မိမိ ပြန်ပေးဆပ်ရသည့်ကံမျိုး ပေါ်လွယ်တတ်ပါတယ်။

ထို့အတူ ..အားသာချက်များအဖြစ် ကြာသာပတေးနေ့ဖွားတွေသည် သည်တစ်နှစ်မှာ ….စန်းအားအကောင်းဆုံး နေ့နံအမျိုးအစား ဖြစ်လာပါတယ်။ မျက်နှာပွင့်လန်းခြင်း၊ ဖိတ်ကြားခံရခြင်း၊ မျက်နှာကောင်းရလွယ်ခြင်း များ ရလွယ်သော နှစ်မျိုးပါပဲ။

အချို့သော ကြာသာပတေးနေ့ဖွားများ မိမိတို့ကိုယ်တိုင် အခမ်းအနား ပွဲလမ်းသဘင်များ ကျင်းပခွင့်ရရှိသလို…၊ ယင်းအချိန်ကာလနှင့် မရှေးမနှောင်းမှာပဲ ကံကောင်းမှုလည်း ပိုမိုရရှိလာကြပါလိမ့်မယ်။

အများစုသော ကြာသာပတေးနေ့ဖွားများအဖို့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာစရာလေးတွေ ပေါ်ပေါက်လွယ်သောကာလမျိုးပါပဲ။ ၁၅၀၀ မှ မဟုတ် ၅၂၈ နဲ့ပဲ ဖြစ်ဖြစ် စိတ်ကြည်နူးချမ်းမြေ့စရာ ကြုံလွယ်တတ်ကြချိန်မျိုးလို့ ဆိုရပါမယ်။

၁၅၀၀ အပိုင်းမှာတော့ သည်တစ်နှစ်မှာ ကြာသပတေးတွေသည် အင်္ဂါနေ့ဖွား ဆန့်ကျင်ဘက်လိင်တွေကို မမျှော်လင့်ဘဲ …စွဲစွဲလမ်းလမ်းနှစ်သက်မိလာစေနိုင်ပါတယ်။ အဲဒီ့လို နှစ်သက်မိလာတော့မယ့်အချိန်မှာ မိမိတို့ကိုယ်တိုင် အနီရောင်တွေကို ထူးထူးခြားခြား နှစ်လိုစိတ် ဖြစ်လာတတ်ပါတယ်။

(စကားချပ်) ဆိုတော့ …အင်္ဂါနေ့ဖွား အပျိုကြီး၊ လူပျိုကြီးတွေ ဒီနှစ်ထဲမှာ ကြာသာပတေးလေးတွေကို ကြံစည်လို့ ပိုမိုလွယ်ကူပြီး စွံနိုင်ဖို့ လမ်းများပါကြောင်း။

ဒီနှစ်မှာ ကြာသာပတေးနေ့ဖွားတွေသည် မတင်မကျ ၊ မသဲမကွဲ ၊ ဟိုလိုလို သည်လိုလို အခြေအနေတွေ များစွာ ကြုံနေရတတ်ပါတယ်။ ထို့အတူ ခါတိုင်း တည်တည်ငြိမ်ငြိမ် ကြာသာပတေးနေ့ဖွားတွေသော်မှ အခုနှစ် နည်းနည်း ဂဏှာမငြိသလိုမျိုး တည်ငြိမ်မှု အားနည်းလာတတ်ချိန် ဆိုပါတော့။

ဒီနှစ်ထဲမှာ နေရာထိုင်ခင်း စတင်အခြေချခြင်းမျိုး မပြုသင့်လှပါ။ ကြာသာပတေးနေ့ဖွားတွေ သည်တစ်နှစ်မှာ စတင် အခြေချခြင်း၊ နေရာထိုင်ခင်းတည်ဆောက်ခြင်း ပြုမယ်ဆိုရင် ထိုနေရာမှာ တည်မြဲစွာ မနေရတတ်သော ကံ ဆိုက်တတ်ပါတယ်။ နေရာထိုင်ခင်း ပြုပြင်ခြင်း၊ ပြန်လည်မွန်းမံခြင်းများကိုတော့ ပြုလုပ်သင့်ချိန်လို့ ဆိုရပါမယ်။

ကြာသာပတေးနေ့ဖွားတွေ သည်နှစ်တစ်နှစ်လုံးအတွက် အထူးပြု အကြံပေးရမယ်သာဆိုရင် … အနက်ရောင်သည် တစ်နှစ်လုံး ရှောင်နိုင်သမျှ ရှောင်သင့်လှပြီး ဆန့်ကျင်ဘက် ဖြစ်သော အဖြူရောင် ကတော့ တစ်နှစ်တာကာလပတ်လုံး အဆောင်သင့်ဆုံး အရောင်ဖြစ်ပါလိမ့်မယ်။

အများစုသော ကြာသာပတေးနေ့ဖွားများအဖို့ သည်တစ်နှစ်သည် ကံဇာတာ အကောင်းဘက်မှာ ပိုမို ရပ်တည်နိုင်မယ့် နှစ်မျိုးပါပဲ။ အကယ်၍ ကံဆိုးသူမောင်ရှင် ဖြစ်ပြီး ကိုယ့်မှာ အခက်အခဲတွေ များနေလို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပိုပိုပြီး ကံကောင်းချင်လို့ပဲ ဖြစ်ဖြစ် ဒီတစ်နှစ်မှာ အဆောင်သဘောမျိုး ဆောင်လိုတယ်ဆိုရင်တော့…

အပတ်စဉ် ကြာသာပတေးနေ့ နံနက်ပိုင်း (၆နာရီတိတိကနေ ၇း၃၀ အတွင်းမှာ) သကြားလုံးလေးနှစ်လုံးနဲ့ ကံကော် သို့မဟုတ် ကြံညွန့်လေး နှစ်ညွန့်ကို ပိုက်ဆံအိတ်ကလေးထဲမှာ ထည့်ဆောင်ထားသင့်လှပါတယ်။

အားလုံးသော ကြာသာပတေးနေ့ဖွားများ …စိတ်ရွင်လန်း ချမ်းမြေ့ပြီး ဘေးဆီးရန်ကွာချမ်းသာခြင်းရှိကြပါစေ။

ခင်မင်ခြင်းဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)