ဂြိုဟ်ပူးဂြိုဟ်ယှဉ်နဲ့ (၁၂) ရာသီခွင်ဟောကိန်း

အနောက်တိုင်းသာယနစနစ်နက္ခတ်ဗေဒင်အရ စနေနဲ့ကြာသပတေးဂြိုဟ်ကြီးနှစ်လုံးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ နေ့တုန်းက ကုမ်ရာသီခွင်ထဲမှာ အတူတကွ ပူးယှဉ်ခဲ့ပါတယ်။ နက္ခတ္တပညာအရ ဂြိုဟ်တွေ ပူးယှဉ်တယ်ဆိုတာ ကမ္ဘာကနေ လှမ်းကြည့်တဲ့အခါ တစ်တန်းတည်း ဖြစ်နေတာကို ဆိုလိုပါတယ်။ စနေနဲ့ ကြာသပတေး ဂြိုဟ်နှစ်လုံးဟာ အနှစ် ၂၀ ကြာမှာ ပူးယှဉ်နေကျ ဆိုပေမယ့် ဒီတခါကတော့ နှစ်ပေါင်း ၄၀၀ နီးပါးအတွင်းမှာ ထပ်တူထပ်မျှ တိကျစွာ ပူးယှဉ်မှု ဖြစ်တဲ့အတွက် သမိုင်းဝင်တဲ့ ဂြိုဟ်ပူးဂြိုဟ်ယှဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

ထူးခြားတဲ့ ဒီဖြစ်စဉ်ကနေ (၁၂) ရာသီခွင်ဖွားတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်သလဲဆိုတာကို အဖြေရှာ ဟောကိန်းထုတ်ပေးလိုက်ပါတယ်။ ဒီဟောကိန်းတွေဟာ အနည်းဆုံး လပိုင်းကနေ နှစ်ပိုင်းအထိ အကျိုးသက်ရောက်နိုင်တဲ့အတွက် သတိပြု မှတ်သားထားဖို့ လိုပါလိမ့်မယ်။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ)  – မိတ်ဆွေတွေကြား ချစ်ကြည်ရင်းနှီးမှုတွေ တိုးပွားလာမယ်။ ခင်မင်မှုတွေ နက်ရှိုင်းပြီးတော့ တစ်ဦးနဲ့တစ်ဦးကြား အရင်ကထက် နားလည်စာနာမှု ပေးနိုင်လိမ့်မယ်။ အပေါင်းအသင်း၊ အစုအဖွဲ့တွေနဲ့ ပျော်စရာတွေ ဖြစ်လာမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ) – အသက်မွေးဝမ်းကျောင်း၊ အလုပ်အကိုင်နဲ့ ပတ်သက်လို့ တခါမှကို မမျှော်လင့်ထားတဲ့ အပြောင်းအလဲကြီးတွေနဲ့ ရင်ဆိုင်ရကိန်း ရှိတယ်။ အလုပ်ကိစ္စ၊ စီးပွားရေးနယ်ပယ်မှာ မကြုံဖူး၊ မစမ်းဖူးတာတွေကို ထိတွေ့ခွင့် ရလာမယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ) – ဘဝနဲ့ချီ ထူးခြားတဲ့ အတွေးသစ်အမြင်သစ်တွေ ရရှိလာမယ်။ ဘာသာရေး၊ စရဏ၊ အဓိဋ္ဌာန်တွေ ကျင့်ရင် ထူးခြားပေါက်မြောက်တတ်တယ်။ အသိဉာဏ်ပညာ၊ အဆင့်မြင့်အတတ်ပညာတွေ ဆည်းပူးခွင့် ရရှိမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ) – တပါးသူတွေအပေါ် မှီခိုနေရတဲ့ အဖြစ်မျိုး ရှိရင် တဖြည်းဖြည်းနဲ့ ကိုယ့်ခြေထောက်ပေါ် ပြန်ရပ်တည်လာနိုင်မယ်။ အမွေကိစ္စတွေ ထူးခြားလာတတ်တယ်။ ငွေကြေးအရ အမှီအခိုကင်းကင်းနဲ့လွတ်လပ်စွာ ရပ်တည်နိုင်မယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ) – အချစ်ရေး၊ မေတ္တာရေးမှာ အတော်ကြာ အနည်ထိုင်နေတဲ့ ၊ မဖြေရှင်းနိုင်ခဲ့တဲ့ ကိစ္စတွေကို ရှင်းလင်းရမယ်။ တစ်ဦးနဲ့ တစ်ဦးကြား လျှို့ဝှက်ချက်ရယ်လို့ မထားဘဲ အမှန်တရားကို မျက်နှာချင်းဆိုင်ရမယ့် ကာလ ဖြစ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ) – တာဝန်ယူစရာ ဝန်ထုပ်ဝန်ပိုးတွေ အတွက် အသင့်ပြင်ဆင်ရပါတော့မယ်။ ဝန်ထမ်းဆိုရင် အခွင့်အလမ်းတွေ ရလာဖို့ရှိနေပြီး တာဝန်တွေလည်း ပူးတွဲပါလာလိမ့်မယ်။ လုပ်ရိုးလုပ်စဉ်တွေ ပြောင်းလဲပြီး အသစ်တွေ စရမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ) – စိတ်ကူးအိုင်ဒီယာ အသစ်အဆန်းတွေ ပေါ်လာတတ်ပေမယ့် လက်တွေ့ အကောင်အထည် ဖော်တဲ့အပိုင်းမှာက ခက်ခဲမှု ရှိတတ်တယ်။ အပျော်အပါးနဲ့နှလုံးသားရေးကိစ္စတွေမှာလည်း ရင်ခုန်လှုပ်ရှားချင်စရာတွေ များလာမယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) – မိသားစုဘဝ၊ အိုးအိမ်နေရာ ကိစ္စတွေမှာ ခိုင်မာတည်တံ့ ငြိမ်းချမ်းရေးအတွက် ကြိုးစားရလိမ့်မယ်။ ပြင်ဆင်စရာနဲ့ တည်ထောင်စရာတွေကို ရုပ်လုံးဖော် ဖန်တီးလာနိုင်မယ်။ မိသားစုထဲ မပြေလည်မှုတွေကို ဖြေရှင်းသွားနိုင်မယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) – တခြားလူတွေနဲ့ ခံစားချက်တွေ၊ အမြင်တွေ ဖလှယ်တဲ့အခါမှာ၊ လူမှုကွန်ရက်ပေါ်ကိုယ့်အမြင်တွေ ရေးတဲ့အခါမှာ အပြန်အလှန် နားလည်မှုရဖို့ ခက်လိမ့်မယ်။ ကိုယ်က ဒါကို ရည်ရွယ်ပေမယ့် သူများက နားလည်မှု လွဲလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)  အရင်က ထမ်းထားရတဲ့ တာဝန်တွေ၊ ခံစားချက်တွေ ပြေလည်သက်သာခွင့် ရလာမယ်။ ငွေရေးကြေးရေးကံပါ ကောင်းလာတတ်တယ်။ သေသေချာချာ စီမံလုပ်ကိုင်တတ်ရင် ငွေကြေးကံကောင်းပြီး ပွပေါက်တိုးလိမ့်မယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ) – ဘဝအနေအထား၊ အတွေးအခေါ် အယူအဆတွေ လုံးဝကြီး ပြောင်းလဲလာနိုင်တယ်။ ရုတ်ချည်း မဟုတ်တောင် တဖြည်းဖြည်းနဲ့ ပြောင်းလဲမယ်။ ဗရုသုက္ခအခြေအနေတွေလည်း ဖြစ်ပွားတတ်လို့ သတိပြုရလိမ့်မယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ) – စိတ်ထဲမှာ ဖြစ်နေတဲ့ ယုံမှားသံသယတွေ၊ တလွဲအယူအဆတွေ ကင်းစင်လာလိမ့်မယ်။ ဘာသာရေးအသိတရား နဲ့ လေးနက်တဲ့ ဆင်ခြင်တွေးခေါ်မှုတွေ ဖြစ်တည်လာမယ်။ ငွေအသုံးအစွဲနဲ့ ပတ်သက်လို့လည်း ဂရုစိုက်ရမယ်။

(၁၂) ရာသီခွင်အားလုံး အေးချမ်းသာယာမှု ရှိကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)