ကြုံဖူးကြသလား Déjà vu

တကယ်လို့ ခင်ဗျားဟာ တခါမှ မရောက်ဖူးတဲ့ နေရာသစ်တစ်ခုကို ရောက်သွားတယ် ဆိုပါစို့။ အဲလိုအချိန်မှာ ဒီနေရာကို ခင်ဗျား အရင်က ရောက်ခဲ့ဖူးသလိုလို ခံစားရရင် ဒီစာကို ဆက်ဖတ်နိုင်ပါတယ်။ ဒါတင်မကပါဘူး။ ကိုယ်တခါမှ မကြုံဖူးတဲ့ အဖြစ်အပျက်တစ်ခုထဲ ရောက်နေရင်း ဒီလိုမျိုး အရင်က ဖြစ်ခဲ့ဖူးသလိုလို ခံစားရရင် ဒီစာကို ဆက်ဖတ်ကြည့်ပါ..။ သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။

ဒီဖြစ်စဉ်ကို Déjà vu လို့ ခေါ်ပါတယ်။ ပြင်သစ်နာမည်ပါ။ အင်္ဂလိပ်လိုကတော့ “Already Seen” လို့ အဓိပ္ပါယ် ထွက်ပါတယ်။ ဒီလို ဖြစ်စဉ်ဟာ လူတစ်ရာမှာ ၇၀ လောက် ဖြစ်နေကျမို့လို့ သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး။ Déjà vu နဲ့ ပတ်သက်လို့ ရှုထောင့်အမျိုးမျိုးကနေ သုံးသပ်တင်ပြထားတာတွေကို ဗေဒင်သုတစာဖတ်သူတွေ သိသင့်တယ်လို့ ယူဆတဲ့အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

စိတ်နယ်လွန်လောက၊ ဂမ္ဘီရဆန်ဆန် ရှုထောင့်တွေက သုံးသပ်တာကတော့ Déjà vu ဖြစ်တာဟာ အတိတ်ဘဝ သွားလာလှုပ်ရှားမှုနဲ့ ခပ်ဆင်ဆင် (သို့မဟုတ်) ပုံစံတူ ဖြစ်လာလို့ ဘဝဟောင်းတွေကို ပြန်မြင်ယောင်လာတာလို့ ဆိုပါတယ်။ ဒီအမြင်ကို ဆေးပညာနဲ့ သိပ္ပံပညာရှုထောင့်တွေကတော့ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဆေးပညာအရ Déjà vu ဟာ ဦးနှောက်မှတ်ဥာဏ်ရဲ့ ကစဥ့်ကလျားဖြစ်စဉ်လို့ သတ်မှတ်ပါတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့ မြင်တာကြားတာကို သိတဲ့ အသိစိတ်ကြားမှာ အချိန် နည်းနည်း နောက်ကျသွားတာလို့ ဆိုပါတယ်။ တချို့ကလည်း ဒါဟာ ခဏတာအတွင်း သတိလစ်ခြင်းလို့ ယူဆပါတယ်။ ဥပမာ .ဒီပတ်ဝန်းကျင် ဒီနေရာ ဒီပုံစံ ငါကြုံဖူးခဲ့သလား ပြန်စဉ်းစားနေချိန်မှာ တကယ့် ပြင်ပလောကနဲ့ အဆက်ပြတ်သွားလို့ပါပဲ။

စိတ်ပညာရှင်တွေကတော့ Déjà vu ဖြစ်စဉ်ဟာ စိတ်ပိုင်းဆိုင်ရာ မှားယွင်းမှုတစ်ခုလို့ သတ်မှတ်ကြပြီး ဖြစ်စဉ်ကို ဦးနှောက်က လုံးဝ မသိ၊ မခြုံငုံနိုင်ချိန်လေးမှာ အာရုံခံစားမှု မှားသွားတာလို့လည်း ဆိုကြပါတယ်။ စိတ်ပူပန်စရာ၊ အတွေးများပြီး ကစဥ့်ကလျား ဖြစ်နေချိန်မျိုးမှာ ဒီလို ဖြစ်စဉ် ကြုံရတတ်တယ်၊ တချို့ကလည်း ကိုယ့်ဆန္ဒတွေ ပြည့်ဝသွားချိန်၊ စိတ်ကူးတွေ သိပ်မြူးနေချိန်မှာ ဒီလို ဖြစ်တတ်တယ်လို့ အယူအဆတွေ ရှိကြပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

Déjà vu ဟာ ကိုယ့်တစ်ယောက်တည်း ကွက်ပြီး ဖြစ်တတ်တာ မဟုတ်ဘဲ လူအများစုမှာလည်း ဖြစ်တတ်တာမို့ သိပ်စိတ်ပူစရာ မရှိပါဘူး။ ဒါပေမယ့် ပညာရှင်အသီသီးက ရှုထောင့်မျိုးစုံက သုံးသပ်ထားတဲ့အထဲမှာ Déjà vu ဟာ Time slipping လို အချိန်လွဲချော်မှုဖြစ်စဉ် ၊ Parallel Universe လို အပြိုင်စကြာဝဠာက ကိုယ့်လိုပုံစံတူရဲ့ ဖြစ်တည်မှုနဲ့ ရောယှက်နေမယ်ဆိုရင်တော့ စိတ်ဝင်စားစရာ ကောင်းမှာ အမှန်ပါပဲဗျာ။ Déjà vu အကြောင်းကို ဒီနာမည်နဲ့ပဲ မင်းသားကြီး ဒန်ဇယ်ဝါရှင်တန်က ဦးဆောင်ပါဝင် ရိုက်ကူးခဲ့တဲ့ ဟောလိဝုဒ်ဇာတ်ကားတစ်ကားရဲ့ ပိုစတာနဲ့ အဆုံးသတ်လိုက်ပါတယ်။

စာဖတ်သူအပေါင်း သုတစုံလင် ပြည့်စုံရွှင်လန်းကြပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)