Valentine’s Day မှာ အလန်းဆုံး ဖြစ်နေမယ့် ရာသီဖွား ၃ ခု

ဗေဒင်ပညာမှာ အချစ်ရေးကို သောကြာနတ်သမီး ဗီးနပ်စ်က လွှမ်းမိုးခြယ်လှယ်ပါတယ်။ ဒီနှစ်မှာ ဖေဖော်ဝါရီ ၁၄ မတိုင်ခင်မှာ အဲဒီဗီးနပ်စ်ဂြိုဟ်ဟာ သူ့အတွက် အင်အားကြီးမားစေတဲ့ မိန်ရာသီမှာ ရပ်တည်နေပြီး အာကာသ လောကရဲ့ အရှင်သခင် ဖြစ်တဲ့ တနင်္ဂနွေ နေမင်းနဲ့လည်း နီးကပ်စွာ ပူးယှဉ်နေပါတယ်။

အဲဒီ ဂြိုဟ်ပူးယှဉ်ပုံအရ ချစ်သူများနေ့မှာ ရာသီဖွား ၃ ခုက သူတပါးထက် ထူးခြားတဲ့ ခံစားချက်တွေ ဖြစ်တည် ပြင်းထန်လာနိုင်ပါတယ်။ နက္ခတ်ဗေဒင်မှာ ရာသီဖွား ၁၂ ခု ရှိရာက ဘယ်ရာသီဖွား ၃ ခုက သူများထက် ထူးပြီး အရူးအမူး ခံစားမှုတွေ ဖြစ်လာမလဲ၊ ကိုယ်ရော အဲဒီရာသီဖွားထဲမှာ ပါနေမလား လေ့လာကြည့်ရအောင်ပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

ဒီနှစ် ချစ်သူများနေ့မှာ အထူးခြားဆုံး အတွေ့အကြုံ ခံစားချက်တွေကို ရရှိလာမှာက မိန်ရာသီဖွားတွေပါပဲ၊ နဂို မူလစရိုက်ကိုက ခံစားချက်ကို ရှေ့တန်းတင်တတ်တဲ့ မိန်ရာသီဖွားအဖို့ ဒီနှစ် ဗေလင်တိုင်းမှာ စိတ်ကူးအိပ်မက် မျှော်လင့်ချက်တွေ ပြည့်ဝလာမယ်။ နီးစပ်သူတွေနဲ့ ပတ်သက်ခွင့် ရမယ်။ ချစ်သူ ရှိနှင့်ပြီသားတွေလည်း သိပ်ကို စိတ်ချမ်းသာစရာ ပျော်ရွှင်စရာ အဖြစ်အပျက်တွေ ကြုံလာရတတ်ပါတယ်။

ကုံရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)

အချစ်နဲ့ ပတ်သက်လို့ ဆွဲဆောင်အားတွေ ပြင်းလာသလို ကြည်နူးပျော်ရွှင်ဖွယ် အချိန်တွေကိုလည်း ရရှိနိုင်တာ ကုံရာသီဖွားတွေပါ။ မိန်ရာသီဖွားတွေနဲ့ မတူညီတာက လက်တွဲဖက် ချစ်သူသစ် ရရှိတာ၊ ရေရှည် ခိုင်မြဲလာမယ့် Relationship တစ်ခု တည်ဆောက်နိုင်တာတွေပါပဲ။ ချစ်သူများနေ့ အလွန်မှာ ကုံရာသီဖွားတွေအဖို့ အချစ်သစ် ပေါ်တာလာတာမျိုးနဲ့ တခြား ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ခံစားရတာမျိုး ရှိလာနိုင်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

ကိုယ့်အတ္တတွေကို ဘေးခဏ ချထားပြီး ချစ်သူအပေါ် အလေးထား ဆက်ဆံနိုင်မယ်ဆို ဗေလင်တိုင်းဒေးက သိဟ်ရာသီဖွားတွေ စိတ်ကျေနပ် ပျော်ရွှင်စရာတွေကို သယ်ယူလာမှာ ဖြစ်ပါတယ်။ သိဟ်ရာသီတွေရဲ့ စရိုက်က ငါမှငါ ငါသာ ရှေ့က သွားမယ်ဆိုတာလေး ရှိတတ်တော့ ဒီစရိုက်ကို ခဏ ခေါင်းထဲ ထုတ်ပြီး ချစ်သူအတွက်သာ ဦးစားပေးကြည့်လိုက်ပါ။ နွေးထွေးတဲ့ ဆက်ဆံရေးနဲ့ မြတ်နိုးဖွယ် အတွေ့အကြုံတွေ ရရှိလာမှာ သေချာပါတယ်။

အားလုံးကို အနှစ်ချုပ် ပြောရရင် ဒီနှစ် ချစ်သူများနေ့မှာ အကောင်းဆုံး ဖြတ်သန်းမှုတွေကို ရရှိမှာက ဒီရာသီဖွား ၃ ခု ဖြစ်ပြီး တခြားရာသီဖွားတွေထက် ထူးကဲ ဆန်းကြယ်တဲ့ စိတ်ခံစားချက်တွေ အတွေ့အကြုံတွေကို ရရှိကြမှာ ဖြစ်ပါတယ်။

ကိုယ်ရော ကိုယ့်ချစ်သူရော ဒါမှမဟုတ် ကိုယ့် Crash လေးရော ဒီရာသီဖွား ၃ ခုထဲမှာများ ပါနေသလား၊ ပါနေရင်တော့ ကိုယ့်ဘက်က လှုပ်ရှားစရာ ရှိတာတွေ စလိုက်ပါ။ ချစ်သူများနေ့မှာ တည်ရှိမယ့် ကောင်းကင် ဇာတာခွင်က ကိုယ့်ဘက်မှာ ရပ်တည်ပေးပါလိမ့်မယ်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)