ကျန်းမာသက်ရှည်စေသော ရှေးယတြာ

ရှေးဆရာသခင်ကြီးများ ထားရစ်ခဲ့သော မြန်မာ့လက်ဆန်းဗေဒင်ပညာအစီအရင်ကောင်းများထဲမှ အသက်အာယု ရှည်စေသော ယတြာအစီအမံတစ်ခုကို ပညာလိုလားသူများအဖို့ လက်တွေ့ အသုံးချနိုင်စေရန် ဖော်ပြပါမည်။

အာရောဂျံပရမံလာဘံ ဟူသော ဘုရားရှင် ဟောကြားခဲ့သော တရားတော်အတိုင်း ကျန်းမာခြင်းသည် အကြီးမားဆုံး ဆုလာဘ်တစ်ခုပင် ဖြစ်ပါသည်။ ယခုဖော်ပြပေးမည့် ကုသိုလ်ယတြာကို တစ်နှစ်လျှင် တစ်ကြိမ်ခန့် အနည်းဆုံး လုပ်ဆောင်ရန် သင့်မြတ်ပေသည်။

ယတြာကို ဆောင်ရွက်ရန်အတွက် အသက်မှန်ကို ဦးစွာ တွက်ယူရပါမည်။ ဥပမာ အသက် ၁၅ ပြည့်ပြီးသူက ၁၆ နှစ် ယူပြီး တွက်ချက်ဆောင်ရွက်ရမည်။ မြန်မာ့ဗေဒင်ပညာတွင် ပြည့်ပြီးသား အသက်ထက် တစ်နှစ် ပိုယူခြင်းကို အသက်မှန် တွက်စစ်ခြင်းဟု ခေါ်ဆိုကြပေသည်။

ယတြာနည်းလမ်းမှာ –

မိမိရောက်ဆဲအသက်မှန်ကို (၄) ဖြင့် မြှောက်ပါ။ ရလာသောရလဒ်ကို တံခွန်အရေအတွက်အဖြစ် မှတ်သားပါ။ ၎င်းတံခွန်အရေအတွက်ကို (၃) ဖြင့် မြှောက်ပါက ပန်းပွင့်အရေအတွက်ရမည်။

၎င်းပန်းပွင့်အရေအတွက်ကို (၉) ဖြင့် မြှောက်ပါက ပေါက်ပေါက်အရေအတွက်ဖြစ်သည်။ အထက်ပါပစ္စည်းများကို လှူဖွယ်များအဖြစ် မှတ်သားပါ။

နောက်တစ်ခုမှာ လှူရမည့်ဘုရားစေတီ ဖြစ်သည်။ ဘုရားစေတီဘွဲ့အမည်ကို သိရန်မှာ မိမိရောက်ဆဲ အသက်ကိုပင် (၇) ဖြင့် စားပြီး အကြွင်းနံတူသော ဘုရားကို အထက်တွင်ပြဆိုခဲ့သောလှူဖွယ်များအား အရေအတွက် အတိအကျ လှူရပေမည်။

အကြွင်းအလိုက် လှူရမည့်ဘုရားမှာ
-၁ခုကြွင်း – ဖောင်တော်ဉီး၊ ရွှေတောင်ဉီး စသည်
-၂ခုကြွင်း – ရွှေတိဂုံ၊ ကိုးထပ်ကြီး ..စသည်
– ၃ကြွင်း – သဗ္ဗညု ၊ ရွှေတန်ဆာ …စသည်
– ၄ကြွင်း – ရွှေသာလျောင်း၊ ရွှေမင်းဝံ၊ ချမ်းသာရ …စသည်
– ၅ကြွင်း – ဆုတောင်းပြည့်၊ မယ်မလု၊ ရွှေဘန်းပွင့်.. စသည်
– ၆ကြွင်း – ရွှေဘုံသာ ၊ မဟာကံထူးသာ … စသည်
– ဝကြွင်း – ကျိုက်ထီးရိုး၊ ဆံတော်ရှင် စသည်…

အထက်ပါအဆိုင်း အကြွင်းအလိုက် ရလာသော နေ့နံအလိုက်ဘုရားစေတီတွင် ပထမအသက်ဖြင့် တွက်ချက်ထားသောလှူဖွယ်များကို လှူဒါန်းပြီးဆုတောင်းရမည်။

ဉပမာအားဖြင့် အသက် ၁၅နှစ် ပြည့်ပြီး အသက် ၁၆ နှစ်အတွင်း စတင်ဝင်ရောက်သူတစ်ဦးအတွက် ဆောင်ရွက်မည်ဆိုပါစို့။ အသက် ၁၆ ကို ၄ဖြင့် မြှောက်ပါက ၆၄ လုံးရမည်။ တံခွန် ၆၄ လုံးယူရမည်။

၎င်း ၆၄ကို ၃ဖြင့် မြှောက် ရလ်ကို ၁၉၂ ကို ပန်းပွင့် လှူရမည်။ ၎င်း ၁၉၂ ကို ၃ဖြင့်မြှောက်သော် ၅၇၆ ရမည်။ ၎င်းရဒ်ကို ပေါက်ပေါက်ပွင့်အရေအတွက် လှူဒါန်းရမည်။
ထို့နောက် ရောက်ဆဲအသက် ၁၆ ကို ၇ဖြင့် စားသော် ၂ ကြွင်းခြင်းကြောင့် ရွှေတိဂုံ၊ ကိုးထပ်ကြီး စသော ဘုရားစေတီများတွင် လှူဒါန်းရမည် ဖြစ်သည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်) 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)