ခရီးမသွားအပ်သောနေ့နှင့်အချိန်အခါ

မြန်မာ့အင်္ဂဝိဇ္ဇာပညာရပ်ကြီးတွင် နေ့ဖွားအလိုက် ခရီးမသွားအပ်သော နေ့နှင့်အချိန် တစ်ခုရှိပါသည်။ ၎င်းအချိန်တွင် သွားမိပါက ဘေးရန်များခြင်း အန္တရာယ်ဖြစ်တတ်ခြင်းများ စိတ်အနှောင့်အယှက် ဖြစ်ရတတ်ခြင်းများကြုံရတတ်ကြောင်း အင်္ဂဝိဇ္ဇာကျမ်းရင်းတွင် အတိအလင်းဖွင့်ဆိုထားချက်ရှိသည်။

မူလဆိုထားချက်မှာ ဉသြမြည်သံအချိန်မှန် ဧကန်မသွားရာ ဟု တနင်္ဂနွေနေ့ဖွားတစ်ဉီးအား အခြေတည်ပြီး သာဓကပြခဲ့ပေသည်။

ကျမ်းရင်း၏ ဆိုလိုချက်မှာ တနင်္ဂနွေနေ့ဖွားတစ်ဉီးသည် တနင်္ဂနွေနေ့၌ ၎င်း၏ ပဉ္စပွတ်အခါဖြစ်သော ကြာသပတေးအခါတွင် ဆပွတ်အရပ်မြောက်အရပ်သို့ ခရီးမသွားအပ် ဟုဖွင့်ဆိုထားခြင်း ဖြစ်သည်။

ထို့ကြောင့် အထူးသဖြင့် မိမိမွေးနေ့နှင့်တိုက်ဆိုင်သောနေ့ ၁း၃၀ မှ ၃း၀၀ အတွင်းတွင် သက်ဆိုင်ရာ ဆပွတ်အရပ်သို့ မသွားအပ်ဟု မှတ်ယူနိုင်ပါသည်။ ဗေဒင်ပညာနှင့် စိမ်းသူများအဖို့ နေ့ဖွားအလိုက် အသင့်တွက်ချက်ဖော်ပြပေးပါမည်။

တနင်္ဂနွေနေ့ဖွားများ – တနင်္ဂနွေနေ့ ၁ နာရီခွဲမှ ၃ နာရီအတွင်း မြောက်အရပ်သို့ ခရီးမသွားကောင်းပါ။
တနင်္လာနေ့ဖွားများ – တနင်္လာနေ့ ၁ နာရီခွဲမှ ၃ နာရီအတွင်း အနောက်တောင်အရပ်သို့ ခရီး မသွားကောင်းပါ။
အင်္ဂါနေ့ဖွားများ – အင်္ဂါနေ့ ၁ နာရီခွဲမှ ၃ နာရီအတွင်း အရှေ့မြောက်အရပ်သို့ ခရီးမသွားအပ်ပါချေ။
ဗုဒ္ဓဟူးနေ့ဖွားများ – ဗုဒ္ဓဟူးနေ့ ၁ နာရီခွဲမှ ၃ နာရီအတွင်း အရှေ့အရပ်သို့ စတင် ခရီး မသွားကောင်းပါချေ။
ကြာသပတေးနေ့ဖွားများ – ကြာသပတေးနေ့ ၁ နာရီခွဲမှ ၃ နာရီအတွင်း အရှေ့တောင်အရပ် သို့ ခရီး စတင် မသွားကောင်းပါချေ။
သောကြာနေ့ဖွားများ – သောကြာနေ့ ၁ နာရီခွဲမှ ၃ နာရီအတွင်း တောင်အရပ်သို့ ခရီး စတင်မသွား ကောင်းပါချေ။
စနေနေ့ဖွားများ – စနေနေ့ ၁ နာရီခွဲမှ ၃ နာရီအတွင်း အနောက်အရပ်သို့ ခရီး စတင်မသွား ကောင်းပါ ။

အင်္ဂဝိဇ္ဇာပညာရပ်ကြီးအရ မိမိမွေးနေ့တွင် ၁း၃၀ မှ ၃း၀၀ အတွင်း သက်ဆိုင်ရာ အရပ်ဒေသသို့ ခရီး စတင်သွားမိပါက အထက်တွင် ပြောခဲ့သလို ဘေးဒုက္ခများတတ်ကြောင်း ဖွင့်ဆိုပြထားပါသည်။

အကယ်၍ မဖြစ်မနေ အချိန်လည်းရွေးမရ သွားရမည့်အခါမျိုးတွင် အရပ်ထောင့်မလွတ်ကင်းသော အခါမျိုးတွင် သက်ဆိုင်ရာအရပ်ဒေသသို့ မသွားမီ အခြားအရပ်ဒေသတစ်ခုခုသို့ အရင်သွားပြီးမှ အရပ်ထောင့် လွတ်အောင် တစ်ဆင့် ထပ်မံသွားသင့်ခြင်းသည် ယတြာမည်ပေသည်။

ဉပမာ – တနင်္ဂနွေနေ့ဖွားတစ်ဉီးသည် တနင်္ဂနွေ ၁ နာရီခွဲမှ ၃ နာရီအတွင်း မြောက်အရပ်သို့ မဖြစ်မနေ သွားရမည်ဆိုပါဆို့..။

ဉီးစွာ မြောက်အရပ်သို့ တန်းမသွားဘဲ အရှေ့အရပ်တစ်နေရာသို့ အရင်သွားပြီးမှ သွားလိုသော နေရာသို့ သွားရပေမည်။ ထိုအခါ မြောက်အရပ် မဟုတ်တော့ဘဲ အနောက်မြောက်ဘက်သို့ သွားခြင်း ပြန်ဖြစ်သွားပါလိမ့်မည်။

ထိုအခါ အညံ့လွတ်မြောက်မှု ရပေမည်။ ဖြစ်နိုင်လျှင်တော့ ၎င်းအချိန်များတွင် သက်ဆိုင်ရာ အရပ်သို့ မသွားခြင်းသည် အသင့်ဆုံးဖြစ်သည်။ မဖြစ်မနေ သွားရမည်ဆိုပါမှ မျက်နှာလွဲပြောင်းခြင်းဉပဒေသကို အသုံးချအပ်ပေသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)