ဓာတ်ကြီးလေးပါးယတြာ

ကံဇာတာညိုးမှိန်နေသူများ၊ လုပ်ငန်းစီးပွားပျက်ယွင်းနေသူများ၊ ဘဝတက်လမ်း ပျောက်ဆုံးနေသူများ ၊ ကြံစည်သမျှ ပျက်ယွင်းနေသူများ ၊ အသက်ရှင်သန်မှုအတွက် ခက်ခဲနေသူများ၊ မိသားစုလူမှုရေး စိတ်ပင်ပန်းစရာ များနေသူများအတွက် ရှေးဆရာသခင်များ လမ်းညွန်ပြသပေးခဲ့သော ဓာတ်ကြီးလေးပါး ယတြာကို ဖော်ပြလိုက်ပါသည်။

ဤဓာတ်ကြီးလေးပါးယတြာကို ဆောင်ရွက်ခြင်းဖြင့် ပိတ်ဆို့နေသော ကံဇာတာ ပြန်လည်ထွန်းတောက်လာခြင်း၊ ဖြစ်ပေါ်နေသော အညံ့များ ကင်းစင်၍ လိုရာပြည့်ခြင်း၊ လုပ်ငန်းတိုးတက်ခြင်း၊ လူမှုရေးအရှုပ်အထွေးပြဿနာ ကင်းခြင်းဟူသော ကောင်းကျိုးတရားများ ဖြစ်ထွန်းလာပါလိမ့်မည်။

ဓာတ်ကြီးလေးပါးယတြာတွင် အဆင့် ၂ ဆင့် ရှိပါသည်။ ညောင်ပင်တွင် ဆောင်ရွက်ရမည့် ဓာတ်ကြီးလေးပါး ယတြာသည် ပထမအဆင့်ဖြစ်သည်။ မိမိနေအိမ်ဘုရားတွင် ဆောင်ရွက်ရမည်က ဒုတိယအဆင့် ဖြစ်သည်။

ဦးစွာ နေ့သားအလိုက် ဓာတ်ကြီးလေးပါးယတြာ ဆောင်ရွက်ရမည့်နေ့မှာ အောက်ပါအတိုင်း ဖြစ်သည်။

တနင်္ဂနွေနေ့ဖွား – စနေနေ့
တနင်္လာနေ့ဖွား – ကြာသပတေးနေ့
အင်္ဂါနေ့ဖွား – ဗုဒ္ဓဟူးနေ့
ဗုဒ္ဓဟူးနေ့ဖွား – သောကြာနေ့
ကြာသပတေးနေ့ဖွား – တနင်္လာနေ့
သောကြာနေ့ဖွား – ဗုဒ္ဓဟူးနေ့
စနေနေ့ဖွား – တနင်္ဂနွေနေ့
အဆိုပါ သတ်မှတ်ရက်များတွင် မနက် ၉း၀၀ မှ ၁၀း၀၀ အတွင်း ဆောင်ရွက်ရပေမည်။

ပထမအဆင့်အစီအရင်
ညောင်ပင်တစ်ပင်၏ ခြေရင်းတွင် နေ့သားအလိုက် သတ်မှတ်ရက် မနက် ၉း၀၀ မှ ၁၀း၀၀ အတွင်း
– ပထဝီဓာတ်အရ – သဲ ခွက် ၂၀ -ခင်းပါ ။
– အာပေါဓာတ်အရ – ညောင်ပင်ခြေရင်းကို ရေ ၁၂ခွက် သွန်းလောင်းပါ။
– ဝါယောဓာတ်အရ သဲပေါ်တွင် ယပ်အဖြူ ၆ လက် စိုက်ထူပါ။
– တေဇောဓာတ်အရ ဖယောင်းတိုင် အနီ ၄တိုင် ထွန်းညှိပါ။

ညောင်ပင်ခြေရင်းတွင် ယင်းကဲ့သို့ စနစ်တကျ စိတ်တိုင်းကျ ဆောင်ရွက်ပြီး မိမိတွင် ဖြစ်နေသောအခက်အခဲများ ပြေပျောက်ရန် ဆုတောင်းပါ။ ညောင်ပင်စောင့်ရုက္ခစိုးကို မေတ္တာပို့သပါ။ ဒါဆို ပထမအဆင့် ပြီးမြောက်ပါပြီ။

ဒုတိယအဆင့်
သတ်မှတ်ရက် မနက် ၉း၀၀ မှ ၁၀း၀၀ အတွင်း နေအိမ်ရှိကိုးကွယ်ပူဇော်ရာဘုရားတွင် ဓာတ်ကြီးလေးပါး ဆွမ်းကပ်လှူရပေမည်။
နေအိမ်ရှိဘုရားစဉ်တွင် ခုံတစ်လုံး ချပြီး…
– ပထဝီဓာတ်အတွက် ဆွမ်းပွဲ ၂၀ (သစ်သီး/ဟင်းလျာ အဆင်ပြေသလို ကပ်နိုင်သည်)
– တေဇောဓာတ်အတွက် ဖယောင်းတိုင် အနီ ၄ တိုင်
– အာပေါဓာတ်အတွက် သောက်တော်ရေ ၁၂ခွက်
– ဝါယော ဓာတ်အတွက် ယပ်အဖြူ ၆ လက်ကို ဘုရား အမှူးရှိသော သံဃာတော်များကို ရည်စူး၍ ဆက်ကပ် လှူဒါန်းပြီး လိုရာဆန္ဒပြု ဆုတောင်းပါ။

ပထအဆင့်နှင့်ဒုတိယအဆင့်သည် တစ်ချိန်တည်း တစ်ရက်တည်းဖြစ်ပေရာ အချိန်ရပါက တစ်ရက်တည်း အပြီး ဆောင်ရွက်နိုင်သလို ပထမအပတ်တွင် ပထမအဆင့်ကို လုပ်ဆောင်ပြီး ဒုတိယအပတ်တွင်မှ ဒုတိယအဆင့်ကို ဆောင်ရွက်နိုင်ပါသည်။

ဤကဲ့သို့ ဓာတ်ကြီးလေးပါးယတြာကို စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် ပျက်နေသောဓာတ်များ ပြန်လည် ကောင်းမွန်လာပြီး ကံဇာတာ ပြန်လည်ထွန်းတောက်လာခြင်း၊ လုပ်ကိုင်ကြံစည်သမျှ ပြန်အဆင်ပြေခြင်း၊ လုပ်ငန်းစီးပွားတိုးတက်အောင်မြင်ခြင်း၊ ရပိုင်ခွင့်များ ပြန်လည်ရရှိလာခြင်း အကျိုးခံစားရမည်ဖြစ်ပေသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)