နိုင်ငံခြားခရီးများ အဆင်ပြေချောမွေ့စေမယ့်ယတြာ

ယခုကာလအတွင်း နိုင်ငံရပ်ခြား ရပ်ဝေးသို့ သွားရောက်၍ စီးပွားအလုပ်ရှာခြင်း၊ အဆင့်မြင့်ပညာများ ဆည်းပူးခြင်းတို့ကို ပိုမိုပြုလုပ်လာကြသည်။

နိုင်ငံရပ်ခြား ပတ်စ်ပို့၊ ဗီဇာ ကိစ္စမှအစ လုပ်ဆောင်ရာတွင် အခက်အခဲ မရှိဘဲ ခရီးသွားလမ်းလာလမ်း ဘေးရန်ကင်းရှင်း၍ အကြံအစည်အောင်မြင်စေရန်အတွက် မြန်မာ့ရိုးရာ လောကီအစီအရင်ကောင်း တစ်ခုကို ဖော်ပြပေးပါမည်။

ပထမဦးစွာ မည်သူမဆို ဦးစွာလုပ်ဆောင်ရမည်မှာ…

-မွေးနေ့ မနက်တွင် တရော်ကင်ပွန်းနှင့်ခေါင်းလျော်ပြီး ကိုးနဝင်းစေတီ (ကိုးတောင်ပြည့်စေတီ) တစ်ဆူ၏ မွေးနံထောင့်တွင် ရွှေထီးအသေး ၉-လက် လှူပါ။ အလင်းတိုင် အမွှေးတိုင် ၉တိုင်စီ လှူဒါန်းပါ။

-ပြီးလျှင် မိမိမွေးနေ့ ညနေပိုင်းတွင်ရဟန်းသံဃာတစ်ပါးပါးကို ဖိနပ်လှူဒါန်းပါ။

အထက်ပါရှေးဦးပြုရမည့် ယတြာ ၂ခုကို ဦးစွာပြုလုပ်ပြီးပါက အသက်ပိုင်းယတြာကို ဆက်လုပ် ဆောင်ရွက်ရပါမည်။ အထက်ပါ ရှေးဦးယတြာ ၂ခုသည် ၁ကြိမ်သာ ဆောင်ရွက်လျှင် လုံလောက်ပါသည်။

ဒုတိယပိုင်းအနေဖြင့် မိမိလက်ရှိရောက်ဆဲအသက်မှန်ကို သိရပါမည်။ အသက်မှန်ဆိုသည်မှာ ပြီးပြီးသား အသက်ကို တစ်နှစ် တိုးယူရပါသည်။ ၃၀ ပြည့်ပြီးပါက ၃၁ နှစ်ယူရမည်။ ၃၅ ပြည့်ပြီးသူက ၃၆နှစ်ယူရမည်။

ထို့နောက် အသက်မှန်ကို ၇-ဖြင့် စားပြီးပါက အကြွင်းအလိုက် ဆောင်ရွက်ရန်မှာ…

(၁) ကြွင်းသူများသည် တနင်္ဂနွေနေ့ မနက် ၆း၀၀ မှ ရး၀၀ အတွင်း အိမ်ဘုရားတွင်  အုန်းစိမ်းရည် ၁ခွက်၊ ဆွမ်းဖြူပေါ်တွင် မြေပဲ ၁၉စေ့ ဖြူးထားသော ဆွမ်း ၁ပွဲ ကပ်လှူပြီး လိုရာဆုတောင်းပါ။

(၂) ကြွင်းသူများသည် တနင်္လာနေ့ မနက် ၆း၀၀ မှ ရး၀၀ အတွင်း အိမ်ဘုရားတွင်  ကျောက်ကျော ၁ ခွက်၊ သစ်သီးဆွမ်း ၁ပွဲလှူဒါန်းပြီး လိုရာဆုတောင်းပါ။

(၃) ကြွင်းသူများသည် အင်္ဂါနေ့ မနက် ၆း၀၀ မှ ရး၀၀ အတွင်း အိမ်ဘုရားတွင် ဇီးဖျော်ရည် ၁ခွက်၊ နာနတ်သီးဆွမ်း ၁ပွဲ ကပ်လှူပြီး လိုရာဆုတောင်းပါ။

(၄) ကြွင်းသူများသည် ဗုဒ္ဓဟူးနေ့ မနက် ၆း၀၀ မှ ရး၀၀ အတွင်း အိမ်ဘုရားတွင် လက်ဖက်ရည် ၁ခွက် ၊ အုန်းဆွမ်းတစ်ပွဲ ကပ်လှူပြီး လိုရာဆုတောင်းပါ။

(၅) ကြွင်းသူများသည် ကြာသပတေးနေ့ မနက် ၆း၀၀ မှ ရး၀၀ အတွင်း အိမ်ဘုရားတွင် ပန်းသီး ဖျော်ရည် ၁ ခွက်၊ ကြာဇံကြော် ၁ပွဲ ကပ်လှူပြီး လိုရာဆုတောင်းပါ။

(၆) ကြွင်းသူများသည် သောကြာနေ့ မနက် ၆း၀၀ မှ ရး၀၀ အတွင်း အိမ်ဘုရားတွင် သရက်သီး ဖျော်ရည် ၁ ခွက်၊ ဇီးယိုဆွမ်း၁ပွဲ ကပ်လှူပြီး ဆုတောင်းပါ။

(၇) ကြွင်းသူများသည် စနေနေ့ မနက် ၆း၀၀ မှ ရး၀၀ အတွင်း အိမ်ဘုရားတွင် နွားနို့ ၁ခွက်၊ လမုန့် ဆွမ်း ၁ပွဲကပ်လှူပြီး လိုရာဆုတောင်းပါ။

အထက်ပါ အသက်ပိုင်းယတြာများကို အနည်းဆုံး ၃ ကြိမ်မှ ၉ ကြိမ်အထိ ဆောင်ရွက်နိုင်သည်။

ထိုသို့ သက်ဆိုင်ရာ အကြွင်းအလိုက် ဘုရားမှာ ပူဇော်ဆုတောင်းပြီးနောက် မိမိသွားရောက်မည့်နိုင်ငံ၏ နိုင်ငံစောင့်နတ်များအား မေတ္တာပို့ အမျှပေးဝေရပါမည်။

ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရပ်ခြားနှင့်ပက်သက်သော ခရီးကိစ္စများ အဆင်ပြေချောမွေ့ခြင်း သွားလမ်းသာ၍ အကြံအစည်အောင်မြင်ခြင်းများ ဖြစ်ထွန်းပေမည်။

ကိုယ်စိတ်နှစ်ပါးချမ်း မြေ့ပါစေ

ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)