ဗုဒ္ဓဟူး/ရာဟုဖွားများအတွက် မြန်မာနှစ် ၁၃၈၆ ခုနှစ် ကံဇာတာ

ဗုဒ္ဓဟူး နဲ့ ရာဟု ဖွားတို့သည်…တူသယောင်ယောင်နဲ့ ကွဲလွဲသော အကျိုးပေးကံတွေ ရှိကြပါတယ်။ ဒါကြောင့် …လက်ဝင်ပေမယ့် ..ရသလောက်တော့ …ကြိုးစားခွဲခြားပြီး ရေးပေးသွားပါ့မယ်ခင်ဗျာ။

ဒီနှစ်မှာ ဗုဒ္ဓဟူး/ရာဟု ဖွား ဇာတာရှင်တွေသည်….စွမ်းဆောင်ရည် ပေါ်လွင်လာမယ့် အနေအထား ရရှိလာပါတယ်။ နောက်ကွယ်ကနေ နေချင်သူအချို့တောင်….မနေသာပဲ ရှေ့ထွက်ပြီး စွမ်းဆောင်ရည် ပြကြရမယ့်နှစ်မျိုးပါပဲ။

အလုပ်အကိုင် နှင့် စီးပွားရေး

အကျိုးစီးပွား အင်မတန် ရှာရဖွေရ လွယ်ကူလာစေတတ်တဲ့ နှစ်မျိုးပါ။ ပညာပဲရှာရှာ..၊ စီးပွားပဲရှာရှာ ၊ လောကီအကျိုးစီးပွား၊ လောကုတ္တရာအကျိုးစီးပွား ဘာပဲရှာရှာ …ရလွယ်…နီးစပ်သော နှစ်မျိုး ဖြစ်ပါတယ်။  ဗုဒ္ဓဟူးနေ့ဖွားများအနေနဲ့…နီးစပ်ရာ ..အနီးအနားမှ မိတ်ေ်ဆွများ နဲ့ ဆက်နွယ်ပြီး အကျိုးစီးပွား ဖြစ်ထွန်းလွယ်ကူပါမယ်။

ရာဟုဖွားများအနေနဲ့ကတော့….တစ်ကြိမ်နဲ့ ကြိုးစားလို့ မရခဲ့သေးသည့် အချို့သော ကဏ္ဍများကို ဒီတစ်နှစ်ထဲမှာ ပြန်လည်ကြိုးစားရယူနိုင်ခြင်း ရှိလာတတ်ပါတယ်။ တနည်းအားဖြင့် ..ပြန်လည် ကြိုးစားအားထုတ် အောင်မြင်နိုင်သော ကံအခြေအနေ ရောက်ရှိနေချိန်ပါ။

ကိုယ်ပိုင်စွမ်းရည် တက်လာသည့်အခြေအနေနဲ့ ..အကျိုးစီးပွား ရှာလာဖွေလွယ် ကံကောင်းလွယ်တတ်သော အခြေအနေ နှစ်ရပ် မှာ….မူလဇာတာ နဲ့ ရောက်ဆဲအသက်ပိုင်း အရ…အားသာချက်သာ ရှိနေမယ်ဆိုရင် သည်တစ်နှစ်သည်…ဗုဒ္ဓဟူး/ရာဟုတို့အတွက်..တန်ဖိုးအလွန်ရှိနိုင်တဲ့ နှစ်မျိုးပါပဲ။

သို့သော်….. စပ်တူအစုစပ် ရင်းနှီးမြုပ်နှံမှု ပြုမယ်ဆိုရင်တော့ အတော့်အတော်လေးကို ဂရုစိုက်ပြီးမှ …..ပြုပါခင်ဗျာ။ အစုရှယ်ယာကဏ္ဍတွေမှာ ဆိုးကျိုးပေးနိုင်သော နှစ်မျိုးဖြစ်လို့ပါပဲ။

ချစ်မှုရေးရာ နှင့် အိမ်ထောင်ရေး

လူပျိုအပျိုများအဖို့ ဖူးစာရေးနတ် မျက်နှာသာ ပေးတတ်ချိန်ပါ။ မိမိစိတ်ကူးယဉ်ထားတဲ့ …ဖူးစာဖက်မျိုးကို ကံတရားက ဖေးမပေး ..တွေ့ဆုံပေးလာတတ်သောကာလမို့….အချို့သော ဗုဒ္ဓဟူး/ရာဟု တို့အတွက် သည်တစ်နှစ်ကတော့….အချောအလှ..အယဉ် ..ငယ်ငယ်ချောချော (သို့) စိတ်တိုင်းကျ ..ဖူးစာဖက်မျိုးနဲ့ အတွဲလေးချိတ်မိနိုင်ပါတယ်။

ဗုဒ္ဓဟူးနေ့ဖွားများအဖို့….အကြောင်းအမျိုးမျိုးကြောင့် မပြတ်မသားနဲ့ ဝေးနေရတဲ့ ချစ်သူရည်းစားမျိုး ရှိခဲ့ရင်…ဒီတစ်နှစ်မှာ ပြန်ဆက်ရ လွယ်ကူပါလိမ့်မယ်။ ရာဟုဖွားတွေကတော့ မထင်မှတ်ပဲ ကောက်ရသလို ပေါ်လာမယ့် ကိုယ်ထင်ထားတာထက်…အဆင်ပြေနေမယ့် …အချစ်ရေးကဏ္ဍမျိုး ကြုံလွယ်တတ်ချိန်ကာလပါ။

အိမ်ထောင်သည် အမျိုးသား ရာဟုဖွား ဖြစ်မယ်ဆိုရင်တော့…သည်တစ်နှစ်အဖို့……မစလိုက်မိပါစေနဲ့။ စလိုက်မိတာနဲ့….နံပါတ် 2 က ….ဂျိတ်ကနဲ ချိတ်သွားတတ်ပါကြောင်း…။

ပညာရေး

အများစု ကောင်းမွန်ကြမယ့် နှစ်မျိုးပါ။  ဗုဒ္ဓဟူးနေ့ဖွားများ..ပညာရေး တစ်ပိုင်းတစ်စ ဖြစ်နေသူအချို့… ဆက်လက်တက်ခွင့် သင်ယူခွင့်ပါ ရရှိတတ်ကြပါတယ်။ ရာဟုဖွားများ…မထင်မှတ်ဘဲ သင်တန်းတစ်ခု (သိပ်အလိုအပ်ကြီး မဟုတ်သော်လည်း) တက်ခွင့်ရပါမယ်။

သို့သော်…ပညာရေးမှာ အရမ်းရည်စူးထားတာတစ်ချို့ လွဲချော်သွားတတ်ပါတယ်။ ကိုယ်ဘယ်လိုင်း မှန်းထားတယ်..ဘယ်လိုပန်းတိုင်ကို ..စသည်ဖြင့် ကျိန်းသေ ရည်မှန်းထားသည်များ….လွဲချော်တတ်သော ကာလပါ။

ကျန်းမာရေး

နဂိုအခံ အတက်ရောဂါ၊ မူးမေ့တတ်ခြင်း၊ အပြင်းဖျား၊ ငှက်ဖျား နှင့် အူရောင်ငန်းဖျား၊ အဆုတ်နာ၊ ခြင်ဆီအားနည်းခြင်းဆိုင်ရာ ဝေဒနာများ ကဲ့သို့ ဝေဒနာမျိုး ခံစားဖူးသူများ …သည်တစ်နှစ် ပိုမို သတိပြုရပါမယ်ခင်ဗျာ။

ကံမကောင်းရင် တစ်ကျော့ပြန်လည်လာတတ်သော နှစ်မျိုး ဖြစ်လို့ပါပဲ။ နေရင်းထိုင်ရင်း..အုံးလွဲသွားသလိုလို..၊ ခါးမျက်သွားသလိုလို၊ အမှတ်မဲ့ ထသွားထိုင်လျောင်း အဆင်မပြေ ရာကနေ…ဟိုအကြောကပ်၊ သည်အကြောတင်လည်း ဖြစ်လွယ်နေသော ကာလတစ်ခုပါ။

အထွေထွေ သုံးသပ်ချက်

နေရင်းထိုင်ရင်းကိုပဲ…စိတ်မြန်လာမယ့်၊ တစ်ခုခု ထလုပ်ချင်သလို ဖြစ်နေမယ့် နှစ်မျိုးပါပဲ။ ကိုယ်လုပ်နိုင်တယ်.. ဆိုတာလည်း ကိုယ့်ကိုယ်ကို ယုံကြည်လာပါမယ်။ စွမ်းအင်ထုတ်လို့ သိပ်ကောင်းတဲ့နှစ်မျိုးပါ။

ကိုယ်သွားရာ လမ်းဖြစ်နေတတ်ပါတယ်။ ရှေ့တန်းတိုက်စစ်မှုးနေရာမျိုးကနေ…..အရာရာကို ထိပ်ဆုံးတွန်းထိုးဖောက်ထွက်နေရမယ့် နေရာမျိုးမှာ…..နေကြရတတ်ချိန်ပါ။ အရည်အသွေးကို မဖုံးပစ်ပါနဲ့။ ပေါ်လွင်သည်ထက် ပေါ်လွင်အောင်ထားပြီး အသုံးချသင့်ပါတယ်။ အရည်အသွေးနဲ့ထပ်တူ..အကျိုးစီးပွားလည်း ကျယ်ပြန့်လာနိုင်လို့ပါပဲ။

အမုန်းခံရမယ့်ကာလပါ။ ရန်သူ ပိုမိုပေါလာပါမယ်။ ကိုယ့်ကိုမြင်လိုက်တာနဲ့…ပုခုံးချင်း ယှဉ်မယ်ဆိုတာချည်းပဲ …လူတော်တော်များများမှာ ဖြစ်နေတတ်ပါတယ်။

ကိုယ်ရောက်နေတဲ့နေရာက စစ်မြေပြင်ကြီးတစ်ခုလို…ဖြစ်နေတတ်ပါတယ်။  ဗုဒ္ဓဟူးနေ့ဖွားတွေအဖို့ အရှက်မရအောင် ဂရုစိုက်ရပါမယ်။ မိမိတို့ ဂုဏ်သိက္ခာ နဲ့ ကျက်သရေမင်္ဂလာကို ချိုးဖောက်တိုက်ခိုက် ခံရလာတတ်ပါတယ်။  ရန်သူဟောင်း…ရန်စဟောင်းတွေ…ရှိခဲ့ရင် ပိုမိုသတိပြုရမယ့်နှစ်မျိုးပါ။

ရာဟုဖွားတွေအနေနဲ့…မိမိတို့ပိုင်ဆိုင်ထားသော …စက်ပစ္စည်းအချို့ ပျက်ဆီးဆုံးရှုံးမှု ဖြစ်လွယ်သော ကာလ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဟူးရော ရာဟုတွေရော အတွက်ပါ သည်တစ်နှစ်သည် …အကျိုးစီးပွားကို တွန်းတွန်းတိုက်တိုက် ပိုရှာကြသင့်သည့် နှစ်မျိုးပါ။ ၇နှစ်မှ တစ်ခါ…ရနိုင်သည့် အခွင့်အခါမျိုး လို့လည်း ဆိုနိုင်ပါတယ်။

ဆောင်အပ်/ရှောင်အပ်

အဓိကကတော့ ရန်သူပါပဲ။ အေးအေးဆေးဆေးနေချင်ပါတယ်ဆိုစေဦး..နေရခက်မယ့်ကာလမျိုးပါ။ အရှေ့တောင်အရပ်နဲ့ အနီရဲရဲအရောင်တို့ကို သတိပြု သွားလာခြင်း၊ သုံးစွဲခြင်း ပြုအပ်သောကာလပါ။

နံ့သာရောင်၊ အစိမ်းရောင်၊ အဖြူ နဲ့ ဝါညိုရောင်တို့ကတော့ အကျိုးပြုနိုင်သော အရောင်များ ဖြစ်ကြပြီး…..၊ အနောက်စူးစူးနဲ့ အရှေ့အရပ်တို့သည် အကျိုးပြုအရပ်တွေဖြစ်ပါတယ်။

အလုပ်အကိုင် ရှာဖွေနေသူများ ..တောင်အရပ်ကနေ အလုပ်အကိုင် ရလွယ်တတ်ပါတယ်။ သည်တစ်နှစ် အကျိုးပေးဂဏန်းတွေကတော့….၅၊၄၊၈ တို့ပဲ ဖြစ်ကြပါတယ်။ ကောင်းမြတ်သော ၁၃၈၆ခုနှစ် တွင် …ဗုဒ္ဓဟူး ရာဟု ဖွားများ အားလုံး ကျန်းမာချမ်းသာ အောင်မြင်ခြင်း ရှိကြပါစေသတည်း။

လေးစားစွာဖြင့်

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း
09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)