မရဏဖွား စနေသားသမီးများအကြောင်း

မြန်မာမွေးသက္ကရာဇ်ကို ၇ နဲ့ စားလို့ (၄) ကြွင်းမယ်၊ စနေသားသမီးလည်း ဖြစ်တယ်ဆိုရင် အောက်ဖော်ပြပါ စနေ၊ မရဏဖွား အကြောင်းကို ဖတ်ကြည့်နိုင်ပါတယ်။

စနေမရဏဖွား တွေကိုတော့ လောကရဲ့အကျိုးတော်ဆောင် ပရဟိတ သမားတွေလို့တောင် တင်စားပြောဆိုရမယ် ထင်ပါတယ်။ သူတို့သည် ကိုယ်ကျိုးစွန့် အနစ်နာခံရသည့်ကံ နဲ့ ယှဉ်တွဲ မွေးဖွားလာကြသူတွေလည်း ဖြစ်ကြပါတယ်။

အထူးသဖြင့် သူတို့ယုံကြည်လေးစားတဲ့ ဆရာသမားတွေ၊ အမျိုးသားအကြီးအကဲတွေ ၊ မိတ်ဆွေတွေအတွက် အနစ်နာခံပေးဆပ်ပေးဖို့ အဆင်သင့်ဖြစ်နေတတ်သူတွေလို့ ဆိုရပါမယ်။

သူတို့ရဲ့ ဘဝခရီးအစဟာ မလွယ်ကူခဲ့ရတတ်ပါ။ အထူးသဖြင့် အသက် ၁၁နှစ်အဝင် ကနေ အသက် ၂၉နှစ် ကြား ကာလများသည် … ဘ၀ လောကဓံရိုက်ချက်တွေ နဲ့ လှုပ်ရှားရုန်းကန်နေခဲ့ရတဲ့ ကာလများ ဖြစ်နေတတ်ပါတယ်။

အသက် ၃၀ အဝင်က စလို့ အသက် ၄၁နှစ် အတွင်းမှာတော့ သူတို့ရဲ့ စွမ်းဆောင်နိုင်မှု နဲ့ အရည်အသွေးဟာ ထင်ရှားပေါ်လွင်လာခဲ့ပါပြီ။ သူတို့ဘဝကို ရပ်တည်နိုင်သွားပြီလို့ ပြောလို့ရတဲ့အချိန်ကာလတွေပါပဲ။

အသက် ၄၁ ပြည့်ပြီး ၄၂အဝင် သောကြာဂြိုဟ်အိပ် ကနဦးအစ ကာလတွေမှာတော့ …..သူတို့ဘဝရဲ့ ဒုတိယ အကြိမ်မြောက် ကြီးမားတဲ့အချိုးအကွေ့ကာလ တစ်ခု ဖြစ်လာပြန်ပါတယ်။ ဘဝမှာ ကြီးမားတဲ့ စွန့်စားမှုတွေကို အဲဒီ့ကာလမှာ ကြုံကြိုက်ကြရပါတော့တယ်။

သောကြာဂြိုဟ်အိပ်ကာလ သည် အသက် ၄၂ အဝင် မှ … အသက် ၆၂နှစ် အထိ ကာလ ဖြစ်ပြီး ထိုကာလတွေမှာတော့ သူတို့တွေဟာ ကောင်းသောနေရာထိုင်ခင်း ရရှိခြင်း၊ ကောင်းသောအထောက်အပံ့များ ရရှိခြင်း…၊ ကောင်းသောအခြေချမှုများ လုပ်ဆောင်နိုင်လာခြင်း ကံတွေကိုလည်း ကြုံတွေ့ကြရပါမယ်။

ဒီကာလတွေမှာ အချို့သော စနေမရဏဖွားတွေသည် မြေယာ အဆောက်အဦးများမှ အကျိုးကျေးဇူး ရရှိတတ်ကြတာကိုလည်း များစွာ တွေ့ရှိရပါတယ်။ ကမ္ဘာပေါ်မှာ စနေမရဏဖွားတွေ များစွာရှိကြပါလိမ့်မယ်။

မှည့်ခေါ်ထားသော အမည်တွေအရ ကံပိုင်းဆိုင်ရာတွေ တစ်ထပ်တည်းကျ တူညီနိုင်မှာ မဟုတ်သော်လည်းဘဲ အခြေခံ ကံလမ်းကြောင်းဖြစ်တဲ့ ဒီကံလမ်းကြောင်းတွေကလည်း ….စနေမရဏဖွားတွေအတွက် မသိထားလို့မဖြစ်တဲ့ ဘဝအစိတ်အပိုင်းတွေပဲ ဖြစ်ကြပါလိမ့်မယ်။

အားလုံးသော စနေမရဏဖွား အပေါင်း …ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျား။

လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း – 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)