ယုံမှ ကြည်တဲ့ ယုံကြည်မှုအကြောင်း

တခါတုန်းက တိဗက်မှာ မိလာရေပလို့ အမည်ရတဲ့ လောကီပညာရှင် ဂုရုကြီးတစ်ပါး ရှိတယ်။ မိလာရေပဟာ ဆရာတစ်ဆူ ဖြစ်မလာခင်က ဆရာတစ်ယောက်ဆီမှာ တပည့်ခံရတယ်။

သူ့ရဲ့ ဆရာက အမှန်တော့ ဘာမှ တန်ခိုး ရှိတာ မဟုတ်ဘူး။ သူက ရှိတယ် ထင်ပြီး တပည့်ခံတာ။ သူ့လိုပဲ အဲဒီဆရာကို အထင်ကြီးပြီး တပည့် ခံနေတဲ့ တခြားတပည့်တွေလည်း အများကြီးပဲ။ သူက အဲဒီ တပည့်တွေထဲမှာ ဆရာ့အပေါ် အယုံကြည်ဆုံး၊ ဆရာ့ရဲ့ ဝေယျာဝစ္စတွေကိုလည်း အလုပ်ဆုံး တပည့်ပေါ့။

အဲဒီတော့ တခြားတပည့်တွေက သူ့ကို မျက်စိနောက်ပြီး ချောက်တွန်းကြတယ်။ တနေ့တော့ တပည့်အုပ်စုဟာ တောင်စောင်းတစ်ခုကို ဖြတ်ပြီး ခရီးသွားကြတယ်။ အဲဒီထဲမှာ မိလာရေပလည်း ပါတယ်။ တောင်ချောက်တစ်ခု ရောက်တော့ တပည့်တစ်ယောက်က မိလာရေပကို “ဟေ့ .. မိလာရေပ၊ မင်းက ဆရာကို သိပ်ယုံကြည်သူပဲ၊ ဘာလို့ တောင်ကြောအတိုင်း အပင်ပန်းခံ လျှောက်နေမှာလဲ၊ ဆရာကို တ, ပြီး ခုန်ချလိုက်ပေါ့။ တို့ဆရာက တန်ခိုး ပြည့်ဝတယ်ဆိုတာ မင်း ယုံတယ်မှလား၊ ခုန်ချကွာ” လို့ ပြောတယ်။

အဲဒီမှာ မိလာရေပကလည်း မစဉ်းစားတော့ဘဲ “ဆရာသခင် ကယ်ပါ” လို့ တ, ပြီး ချောက်အမြင့်ကြီးအောက် ခုန်ချလိုက်တယ်။ အဲဒီမှာ ကျန်တဲ့ တပည့်တွေက မိလာရေပအရူးတော့ ချောက်ထဲမှာ အရိုးအသား တခြားစီ ဖြစ်နေပြီ ထင်ပြီး အောက်ထဲ ဆင်းကြည့်ကြတယ်။ အဲလို ဆင်းကြည့်ကြတော့ မိလာရေပဟာ ဘာမှ မဖြစ်ဘူး။ တင်ပလ္လင်ခွေ ထိုင်နေတယ်။ တခြားတပည့်တွေကို သူ တွေ့တော့ လှမ်းနှုတ်ဆက်ပြီး “ဒို့ဆရာက တကယ့်ကို စွမ်းတယ်” လို့တောင် ပြောလိုက်သေးတယ်။

နောက်တခါကျ အိမ်တစ်လုံး မီးလောင်တယ်။ အဲဒီအိမ်ထဲမှာ မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက် ပိတ်မိနေတယ်။ ဘယ်သူမှ သေမှာစိုးလို့ ဝင်မကယ်ရဲဘူး။ အဲဒီမှာလည်း တပည့်တစ်ယောက်က ဆရာကို မင်း ယုံရင် ဝင်ကယ်ဆိုပြီး မြှောက်ပေးပြန်တယ်။ မိလာရေပကလည်း မဆိုင်းမတွဘဲ “ဆရာ ကယ်ပါ” ဆိုပြီးတော့ မီးထဲ ပြေးဝင်ပြီး ခုနက သားအမိကို ကယ်လိုက်နိုင်ခဲ့တယ်။ မီးပွားလေးတစ်ခုတောင် သူ့အပေါ် မကျခဲ့ဘူး။ အဲဒီအခါမှာလည်း မိလာရေပက “ဒို့ ဆရာကြီးက တကယ်စွမ်းတာပါ” လို့ ပြောပြန်တယ်။

အဲဒီလိုနဲ့ တနေ့ကျတော့ ဆရာရော တပည့်တွေပါ မြစ်ကြီးတစ်ခုကို ဖြတ်ကူးဖို့ ဖြစ်လာတယ်။ အဲဒီမှာလည်း တပည့်တစ်ယောက်က “လှေက သိပ်ကျပ်လို့ မင်း မစီးတော့နဲ့၊ ဆရာကိုသာ တ,ပြီး ရေပေါ် လမ်းလျှောက် သွားလိုက်ပါ” လို့ ချွန်လိုက်ပြန်တယ်။ မိလာရေပကလည်း “ကောင်းပြီ၊ ဒီလိုပဲ လုပ်ရတာပေါ့” ဆိုပြီး ဆရာကို တ, ပြီး ရေပေါ်မှာ လမ်းလျှောက်သွားတယ်။ လှေပေါ်က လူတွေလည်း တအံ့တသြ ဖြစ်ကုန်တယ်။

အဲဒီမှာ ဆရာ ကိုယ်တိုင်လည်း ပါတော့ ဆရာလုပ်သူက စိတ်ကြီး ဝင်လာတယ်။ ဒီလောက် ရူးပေါပေါ နိုင်လှတဲ့ မိလာရေပတောင် ရေပေါ် လမ်းလျှောက်နိုင်ရင် ငါကိုယ်တိုင်က ဘာလို့ မလျှောက်နိုင်ရမှာလဲ ဆိုပြီး ရေထဲ ဆင်း လမ်းလျှောက်တော့တယ်။ ဆရာဖြစ်သူက မြစ်ထဲ ဆင်းလိုက်တာနဲ့ တခါတည်း စုန်းစုန်းမြုပ်သွားလိုက်တာမှ ပေါ်ကိုမလာတော့ဘူး။ တိဗက်လောကီပညာသမိုင်းမှာလည်း အဲဒီဆရာအကြောင်းကို မပြောကြတော့ဘူး။

တကယ်တမ်း ပြောကြတာက မိလာရေပ အကြောင်းပဲ။ အဲဒီ မိလာရေပဟာ ဘာကိုပဲ အထူးတဆန်း လုပ်လုပ်၊ သူ့လောက် တန်ခိုးအစွမ်း မရှိလို့ ရေနစ်ပြီး မြစ်အောက် ရောက်သွားတဲ့ သူ့ဆရာကို တ, တပြီး လုပ်တော့တာပဲ။ တသက်လုံး ဒီတိုင်းပဲ ပညာစွမ်းတွေ ပြသွားခဲ့တယ်။

ဆိုလိုတာက ဗေဒင်ယတြာအစီအရင် အတတ်ပညာတွေကို လိုက်စားတာပဲ ဖြစ်ဖြစ်၊ ကျင့်သုံးတဲ့အခါ ဖြစ်ဖြစ် ယုံကြည်မှုဟာ အရေးအပါဆုံးနေရာကနေ အသုံးတော်ခံပါတယ်။ ဗေဒင်မေးသူ ဖြစ်စေ၊ ဗေဒင်ပညာရှင် ဖြစ်စေ ပညာအပေါ် ထားရှိအပ်တဲ့ လေးနက် ယုံကြည်မှုတစ်ခုကို တည်ဆောက်ယူနိုင်ပါမှ လောကီအစီအရင်တွေမှာ ထိရောက်ထူးခြား၊ ထင်ရှားထက်မြက်မှာ ဖြစ်တယ်လို့ ယုံကြည်စွာ ပြောပြပါရစေဗျာ။

ကိုးကား – ဆရာကြီးမင်းသိင်္ခရဲ့ မနောမယကိုပီတာစာအုပ်ပါ ပုံပြင်တစ်ခုကို ပြန်လည် ကိုးကားထားပါတယ်

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)