အရေးပေါ်ငွေကြေးကိစ္စများအတွက် ယတြာအစီအရင်
တစ်ခါတစ်ရံ ဘဝတွင် ငွေကြေးရဖို့အတွက် အလောတကြီး လိုအပ်သောအခါမျိုး ရှိတတ်ပါသည်။ ထိုအခါမျိုးတွင် ထွက်ပေါက်တစ်ခု ရပြီး ငွေကြေးအဆင်ပြေစေရန်အတွက် လုပ်ဆောင်ရမည့် အနောက်တိုင်းယတြာ အစီအရင် တစ်ခုကို ဖော်ပြပေးပါမည်။
လိုအပ်တဲ့ပစ္စည်းများ
– အစိမ်းရောင်ဖယောင်းတိုင်တစ်တိုင်
– အစိမ်းရောင်သစ်ရွက်တစ်ခု
– ဆော့ပင်တစ်ခု
လုပ်ဆောင်ရမည့်အဆင့်များ
မိမနေအိမ် ဘုရားခန်း ၊ မိမိအိပ်ရာဘေး စသဖြင့် အဆင်ပြေစေသောနေရာတွင် လုပ်ဆောင်နိုင်ပါသည်။
ကိုယ့်အနီးနားမှာရှိသော သစ်ပင်တစ်ပင်မှ အရွက်တစ်ရွက်ကို ခူးပါ။ (ဗာဒံရွက် ပိတောက် စသော စာရေး၍ ရသော အရွက်မျိုး ဖြစ်ရမည်)
ထိုသစ်ရွက်ပေါ်တွင် မိမိလိုအပ်သော ဖြစ်နိုင်သော ငွေကြေးပမာဏကို ဆော့ပင်ဖြင့် ရေးရပါမည်။ ဥပမာ- ၁၀၀၀၀ဝိ/၂၀၀၀၀ဝိ စသည်ဖြင့် )
ထိုကဲ့သို့ ရေးပြီး ၎င်းအရွက်ကို ကြွေပန်းကန်တွင် ကပ်ပါ။ ၎င်းသစ်ရွက်ပေါ်တွင် အစိမ်းရောင်ဖယောင်းတိုင်ကို ထွန်းပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ထွန်းပြီးနောက် သစ်ရွက်တွင် ရေးထားသော မိမိရလိုသည့် ငွေကြေးပမာဏအတိုင်း မကြာခင် ရလိုကြောင်း ဆုတောင်းပါ။ အမှန်တကယ် ရနေပြီဟုလည်း အာရုံပြုပါ။ မိမိ စိတ်ကူးအာရုံထဲတွင် လိုအပ်သော ငွေပမာဏ လျင်မြန်စွာ ရရှိသွားပြီဟု ယုံကြည်စွာ ပုံဖော်အာရုံပြုရန် လိုပါသည်။
ပြီးလျှင် ဖယောင်းတိုင်ကို လက်ဖြင့် (သို့) အအုပ်တစ်ခုခုဖြင့် မီးငြိမ်းလိုက်ပါ။
ဖယောင်းတိုင်ကို ဖယ်ပြီး အောက်ခံထားသော သစ်ရွက်ကို မြေကြီးတွင်းတူး၍ မြုပ်လိုက်ပါ။ စကြဝဠာ၏ စွမ်းအင်များမှ မိမိလိုလားအပ်သော ငွေများ ရရှိအောင် ဆောင်ရွက်ပေးနေပြီဟု အာရုံပြုပါ။
အဆိုပါယတြာနည်းလမ်းကို လဆန်းပိုင်းနှင့်တိုက်ဆိုင်သော မည်သည့်ရက်တွင်မဆို လုပ်ဆောင်နိုင်ပါသည်။ အရေးပေါ် ငွေကြေးအခက်အခဲများကို ထိုအစီအရင်ဖြင့် ဖြေရှင်းကူညီနိုင်ပါလိမ့်မည်။ လူတိုင်း လုပ်နိုင်သော လွယ်ကူသည့် အစီအရင် ဖြစ်ပြီး ယုံကြည်လေးနက်စွာ လုပ်ဆောင်ခြင်းဖြင့် လိုရာဆန္ဒ ပြည့်စုံနိုင်ပါသည်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)