စီးပွားဉစ္စာ တိုးတက်စေသော ရှင်သီဝလိရုပ်ပွားတော် ထုလုပ်ကိုးကွယ်နည်း

ရှင်သီဝလိရဟန္တာအရှင်သူမြတ်ကြီးသည် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာသနာတော်တွင် လာဘ်လာဘအရာတွင် ဧတဒဂ်ရတော်မူသော ကိုယ်တော်မြတ်ကြီးဖြစ်ပါသည်။

ရှင်သီဝလိကိုယ်တော်မြတ်ကြီးအား စနစ်တကျ ကိုးကွယ်ထုလုပ်ပူဇော်ခြင်းဖြင့် စီးပွားဉစ္စာ တိုးတက်ခြင်း ၊ အလှူကြီး ပေးရတတ်ခြင်း၊ လာဘ်လာဘ ပွင့်လန်းခြင်း အကျိုးများ ခံစားရပေမည်။

မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာရပ်အရ နေ့ဖွားအလိုက် နေ့နံသားဖြင့် ရှင်သီဝလိ ကိုယ်တော်မြတ်ကြီး ထုလုပ်ကိုးကွယ်ပူဇော်နည်းကို ဖော်ပြပေးပါမည်။

မိမိမွေးနေ့နှင့်တိုက်ဆိုင်သော လဆန်းပိုင်းနေ့တွင် ရှင်သီဝလိရုပ်ပွားတော်ကို နေ့ဖွားအလိုက် နံသင့်သားဖြင့် ထုလုပ်ပြီး မိမိမွေးနေ့ မနက် ၉ နာရီမှ ၁၀ နာရီအတွင်း နေအိမ်တွင် ပူဇော်ရန် ပင့်ဆောင်သင့်ပေသည်။

နေ့ဖွားအလိုက် ထုလုပ်ရန်အသားများမှာ
*တနင်္ဂနွေနေ့ဖွားများ – ကံ့ကော်သား
*တနင်္လာနေ့ဖွားများ – ဇီးသား
*အင်္ဂါနေ့ဖွားများ – လင်းလွန်းသား
* ဗုဒ္ဓဟူးနေ့ဖွားများ – ပျဉ်းမသား
*ကြာသပတေးနေ့ဖွားများ – သီဟိုဠ်သား
*သောကြာနေ့ဖွားများ – ဒန်းသား
*စနေနေ့ဖွားများ – အင်သား

နေ့သားအလိုက် သတ်မှတ်ထားသော အသားဖြင့် လဆန်းရက်နှင့် မိမိမွေးနေ့ နှင့် တိုက်ဆိုင်သော နေ့တွင် ပန်းပုဆရာထံ အပ်နှံပါ။ အပ်နှံပြီး မိမိမွေးနေ့ မနက် ၉ နာရီမှ ၁၀ နာရီအတွင်း နေအိမ်တွင် ကိုးကွယ်ပူဇော်ရမည်။

နေ့စဉ် ရှင်သီဝလိ (၁၀) ဂါထာကို အနည်းဆုံးတစ်ခေါက် ရွတ်ဖတ်ပူဇော်ပြီး ပန်း ရေချမ်း ဆီမီး ဆွမ်းများ ကပ်လှူပါ။ ၎င်းကဲ့သို့ ရှင်သီဝလိရဟန္တာကိုယ်တော်မြတ်ကြီးကို ထုလုပ်ကိုးကွယ် ပူဇော်ခြင်းဖြင့် လောကီ လောကုတ် နှစ်ဖြာသောအကျိုးများ လျှင်မြန်စွာ ခံစားရရှိပေမည်။

(မှတ်ချက် – ရှင်သီဝလိ ၁၀ ဂါထာ မသိသေးသူများအတွက် အောက်ဖော်ပြပါ ဂါထာတော်ဖိုင်ကို ပူးတွဲဖော်ပြလိုက်ပါသည်)

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)