စနေဂြိုဟ်သွား ဖောက်ပြန်မှုနှင့် အကြံပြု ဟောဆိုချက်များ

နက္ခတ်ဗေဒင်ပညာမှာ ကမ္ဘာနဲ့ အဝေးဆုံးလည်း ဖြစ်သလို နေကို လှည့်ပတ်ရာမှာ အနှေးဆုံးလည်း ဖြစ်တဲ့ စနေဂြိုဟ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ကနေ စက်တင်ဘာလ ၁၈ ရက်အထိ နောက်ပြန် (ဝကြ) အဖြစ် တည်ရှိနေမှာ ဖြစ်ပါတယ်။ တနည်း ပြောရရင် ဂြိုဟ်သွားမမှန်ဘဲ ဖောက်ပြန်နေတယ်လို့ ဆိုရမှာပါ။

ဂြိုဟ်တွေထဲမှာ လူသားတွေ ကြောက်ရလန့်ရ ဖြုံကြတဲ့ စနေဂြိုဟ်ကြီး အသွားမမှန် ဖောက်ပြန်လာတဲ့အခါ ဘာတွေ ဖြစ်မလဲ ဆိုတဲ့ ခန့်မှန်းဟောကိန်းတွေကို အများအကျိုးအတွက် ရှာဖွေစုဆောင်း တင်ပြပေးလိုပါတယ်။

စနေဂြိုဟ်ဟာ ဓနုရာသီထဲမှာ နောက်ပြန်သွားနေတာကြောင့် ရာဟု၊ကိတ်ဝင်ရိုးနဲ့ ငြိနေမှာ ဖြစ်သလို စစ်ဘုရင် အင်္ဂါဂြိုဟ်နဲ့လည်း ဧပြီ-ဇွန်ကာလထဲမှာ အမြင်အယှဉ် ဆက်သွယ်နေမှာ ဖြစ်ပါတယ်။ ဒီလို ပါပဂြိုဟ်တွေချည်း စုစည်း မြင်ယှဉ်လာတဲ့အတွက်လည်း စနေဂြိုဟ် အသွားမမှန်တဲ့ ရက်ပေါင်း ၁၄၂ ရက်အတွင်းမှာ သဘာဝဘေးတွေ၊ မထင်မှတ်တဲ့ ပေါက်ကွဲမှုတွေ၊ မတော်တဆ ဘေးဆိုးတွေ၊ လက်နက်ခဲယမ်းကြောင့် သေကြေပျက်စီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ နက္ခတ်ဗေဒင်ပညာအရ ယူဆကြပါတယ်။

ရာသီခွင်မှာ စနေဂြိုဟ်ဟာ အလုပ်အကိုင်နဲ့ ငွေရေးကြေးရေးအမြတ်အစွန်းတွေကို ကိုယ်စားပြုနေတဲ့အတွက် ငွေကြေးစီးပွားနဲ့ လုပ်ငန်းရေးရာတွေမှာ အလျင်စလို မလုပ်ဘဲ ခေါင်းအေးအေးထား စဉ်းစားသုံးသပ်ပြီးတော့မှ ဆုံးဖြတ် ဆောင်ရွက်သင့်ပါတယ်။ အသွားနှေး စနေဂြိုဟ်ရဲ့ နောက်ပြန်လှည့်ကာလမျိုးမှာ အလောတကြီးနဲ့ စွန့်စားလုပ်ကိုင်တာမျိုးတွေကို သတိပြုရပါလိမ့်မယ်။  (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မွေးလရာသီဖွားအလိုက် ကြည့်ရင်တော့ မိဿ၊ တူ၊ ကုမ်၊ မိန် ရာသီဖွားက အကောင်းဘက်က ကြုံရတတ်ပြီး ပြိဿ၊ မေထုန်၊ ကန်၊ မကာရတွေက အညံ့ ဖြစ်တတ်ပါတယ်။ ကျန်ရာသီဖွားတွေက သိပ်မထူးခြားလှပါဘူး။ ယေဘုယျအားဖြင့်တော့ စနေဂြိုဟ်သွားနှုန်း မမှန်ချိန်မှာ ဘာလုပ်လုပ် အရာရာတိုင်းက နှောင့်နှေးကြန့်ကြာ လေးကန်နေတတ်ပြီး မျှော်လင့်သလို မဖြစ်တာ၊ ကျန်းမာရေး အားနည်းတာ၊ စိတ်ပျက်ဝမ်းနည်းစရာချည်း ကြုံရတာတွေ ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတာ၊ ဆိုးတာ ကြိုသိထားရင် ပြင်ဆင်ချိန် ရပြီး အသင့် ရင်ဆိုင်နိုင်မှာ အသေချာပါပဲဗျာ။

၁၂ ရာသီဖွားအားလုံး အဆင်ပြေ သာယာကြပါစေ

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)