မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား – မိသားစုအရေးနှင့် လုပ်ငန်းစီးပွားကိစ္စကြားတွင် ဘေးကျပ်နံကျပ် ဖြစ်လာလိမ့်မည်။ အလုပ်များ ရှုပ်ထွေးများပြားလာနိုင်သလို မိသားစုထဲတွင်လည်း ပြဿနာကြီးငယ်တချို့ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် လုပ်ငန်းအပေါ် အာရုံစူးစိုက်မှု နည်းပြီး အလုပ်ပျက်အကိုင်ပျက် ထိခိုက်မှုများ ဖြစ်လာမည်။

လုပ်ငန်းခွင်ထဲတွင် အချင်းချင်း အမြင်မကြည်လင်စရာများလည်း ဖြစ်ပွားတတ်သည်။ ငွေကြေးကိစ္စတွင် ရှာရဖွေရခက်သလောက် ထွက်စရာကလည်း ကြံဖန် များလာလိမ့်မည်။ မလိုအပ်သော အသုံးအစွဲများ၊ ဖြုန်းတီးမှုများကို သတိပြုရမည်။

မေတ္တာရေးရာ – အချစ်ရေးကံဇာတာ ပုံမှန်သာ ရှိနေနိုင်ပြီး လလယ်ပိုင်းရက်များတွင် အချင်းချင်း စိတ်တိုင်းမကျ ပေါက်ကွဲချင်စရာများ ဖြစ်ပေါ်လာတတ်သည်။ နှစ်ဦးကြားတွင် သူတပါးက ဝင်စွက်လာနိုင်သလို ကိုယ်ကလည်း ဆတ်ဆတ်ထိမခံအောင် ဖြစ်နေ၍ မပြေမလည် ဖြစ်တတ်သည်။ စိတ်ရှည်သည်းခံမှုကို အမြဲလက်ကိုင်ပြုရမည်။

အခြားကဏ္ဍများ – ဒူးနာ၊ သွားနာခြင်း၊ ကိုယ်တစ်ခြမ်း နာကျင်ကိုက်ခဲခြင်း စသည့် ကျန်းမာရေးပြဿနာများနှင့် ကြုံရတတ်သည်။ နေထိုင်မကောင်း ဖြစ်ပါက ကြိတ်မကုသင့်ဘဲ နားလည်တတ်ကျွမ်းသူများနှင့်သာ ပြသရမည်။ ယခုလတွင် မိသားစုအိမ်တွင်းရေးပြဿနာက အဓိက ဖြစ်လာနိုင်သည်။ မိခင်ကျန်းမာရေး ကျဆင်းတတ်သည်။ အကြောင်းပေါင်းစုံဖြင့် ငွေကုန်ကြေးကျ များတတ်သည်။ မတတ်သာ၍ လုပ်ရသောအပြောင်းအလဲများ ရှိမည်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)