အကျပ်အတည်းအပေါင်းမှ လွတ်မြောက်စေနိုင်သော ကျင့်စဉ်

စီးပွားရေးအကျပ်အတည်းတွေ၊ လူမှုရေးပြဿနာတွေကြောင့် ဘေးကျပ်နံကျပ်အခြေအနေကို ရောက်လာခဲ့ရင် ဒီကျင့်စဉ်ကို အဓိဌာန် ဝင်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီကျင့်စဉ်မှာ အဓိကကျတဲ့ နမောတေဂါထာတော်ဟာ မြန်မာ့လောကီပညာမှာ ဘယ်လို အကျပ်အတည်းမျိုးကမဆို ဖောက်ထွက် အောင်မြင်စေတတ်တဲ့ အစွမ်းသတ္တိ ရှိတာကြောင့် ဂမ္ဘီရအတတ်ကို လိုက်စားသူတိုင်း လက်စွဲအဖြစ် အသုံးပြုလေ့ရှိပါတယ်။

အမှုအခင်းနဲ့ ရင်ဆိုင်နေရသူတွေ၊ အချုပ်အနှောင် ကျနေသူတွေလည်း ကိုယ့်ဘက်ကသာ မှန်ကန်တယ်ဆိုရင် ဒီဂါထာကို အဓိဌာန်ဝင်ပြီး အကြိမ်ကြိမ် ရွတ်ဖတ်ပွားများဖို့ ပညာရှင်တွေက မှာထားပါတယ်။ ဒီဂါထာတော်ရဲ့ သမိုင်းကို အများ နားလည်လွယ်အောင် အတိုချုံးပြောရရင် …

နေနတ်သား၊ လနတ်သားတွေကို ရာဟုအသူရိန်နတ်မင်းက ဖမ်းစားတဲ့အခါ အဲဒီနတ်သားတွေက ဘုရားရှင်ရဲ့ အလုံးစုံမှ လွတ်မြောက်မှု ဂုဏ်ရည်ကို ရည်မှန်းကန်တော့ပြီး တိုင်တည်လိုက်တဲ့အခါမှာ ရာဟုအသူရိန်လည်း နေနတ်သား၊ လနတ်သားတွေကို ချက်ချင်း ပြန်လွှတ်ပေးခဲ့ရပါတယ်။ ဒါကြောင့် ဒီဂါထာတော်ဟာ စီးပွားရေး လူမှုရေးအကျပ်အတည်းတွေ၊ အချုပ်အနှောင်ခံနေရသူတွေ အတွက် အထိရောက်ဆုံးဂါထာ ဖြစ်လာပါတယ်။

နမောတေ (အစချီတဲ့) ဂါထာ ဖြစ်လို့ နမောတေဂါထာလို့ အလွယ်မှတ်ထားကြပြီး ဂါထာတော် အပြည့်အစုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

အသံထွက်ပုံမှာ (နမောတေ ဗုဒ္ဓ ဝီရတ်ထု၊ ဝိတ်ပ မုတ်တော သိ ၊ သပ်ဗဓိ ၊ သမ်ဗာဒပတိ ပန်နောသမိန် တပ်သ မေ သရဏံ ဘဝ) ဖြစ်ပါတယ်။

ဂါထာတော် အနက်အဓိပ္ပါယ်ကတော့ (လုံ့လဝီရိယကြီးမားတော်မူသော မြတ်စွာဘုရားကို ရှိခိုးကန်တော့ပါ၏။ မြတ်စွာဘုရားသည် အလုံးစုံသော အနှောင်အဖွဲ့တို့မှ လွတ်မြောက်တော်မူပါ၏ ဘုရားတပည့်တော်မှာကား အကျဉ်းအကျပ်သို့ ရောက်ရှိနေပါ၏ အရှင်ဘုရားသည်သာ တပည့်တော်၏ မှီခိုအားထားရာ ဖြစ်တော်မူပါ)

နမောတေဂါထာနဲ့ အဓိဌာန်ဝင်ပုံကတော့ လဆန်းရက်အတွင်း ကိုယ့်မွေးနေ့ရက်မှာ စတင်ပြီး တစ်ရက်ကို ပုတီး အနည်းဆုံး (၁) ပတ်ကနေ (၃) ပတ်အထိ စိပ်ရပါမယ်။ မြတ်စွာဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီးတွေနဲ့ ပူဇော်ပြီး ခင်ပွန်းကြီး ၁၀ ပါးကို ဝန်ချတောင်းပန် ကန်တော့ပါ။ ငါးပါးသီလယူ ၊ မေတ္တာဘာဝနာ ပွားများပြီး ဒီဂါထာကို ပုတီးစိပ်နိုင်ပါတယ်။ ကိုယ်တတ်နိုင်သလို အဓိဌာန်ရက်ကို ၇ ရက် ၊ ၉ ရက် အစရှိသဖြင့် ဝင်နိုင်ပြီး ဖြစ်နေတဲ့ အကျပ်အတည်းတွေကနေ လွတ်မြောက်ရဖို့ ဆုတောင်းသွားရပါမယ်။

ဒီအဓိဌာန်နဲ့အတူ လုပ်ရမယ့်ကုသိုလ်တစ်ခုကတော့ ကြိုးနဲ့တုပ်နှောင်ခံထားရတဲ့ ကဏန်းတွေကို တတ်နိုင်သလို ဈေးကနေ ဝယ်ယူပြီး ရေထဲ ပြန်လွှတ်ပေးဖို့ ဖြစ်ပါတယ်။ ကဏန်း ရှာရခက်လွန်းရင်တော့ ငါးတွေ ၊ ငှက်တွေကို ပြန်လွှတ်ပေးတာမျိုး လုပ်နိုင်ပါတယ်။ ကိုယ့်အမှုကိစ္စ ကြီးရင် ကြီးသလို အကြိမ်ကြိမ် လုပ်ရပါမယ်။ ဇီဝိတဒါနကို ကိုယ်စားပြု လုပ်ပေးလို့လည်း ရပါတယ်။ ကျင့်စဉ် အဓိဌာန် ဝင်ရမှာတော့ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

နမောတေဂါထာတော် အဓိဌာန်တန်ခိုးနဲ့ အချုပ်အနှောင် အကျပ်အတည်းအမျိုးမျိုးကနေ လွတ်မြောက်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)