မဟာဘုတ်အကြွင်းအရ ဖြစ်ပွားတတ်သော ရောဂါဝေဒနာများ

မကြာခဏ ခေါင်းမူးမူးနေတတ်တဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ဇာတာကို တွက်ချက်ရာမှာ မဟာဘုတ် (၂) ကြွင်း ဖွား ဖြစ်နေတာ တွေ့ရပြီး လိပ်ခေါင်းဖြစ်လို့ ခွဲစိတ်ကုသရတဲ့အထိ ဖြစ်သွားသူ တစ်ဦးကလည်း မဟာဘုတ် (၁) ကြွင်းဖွား ဖြစ်နေတာ တွေ့ရတဲ့အခါ မဟာဘုတ်ဗေဒင်ပညာအရ အကြွင်းဖွားအလိုက် ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေအကြောင်းကို လူအများ ကြိုတင်သိရှိ သတိထားနိုင်အောင် တင်ပြစရာ ဖြစ်လာပါတယ်။

မဟာဘုတ်အကြွင်းဆိုတာ တခြားမဟုတ်ပါဘူး။ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး (၇) နဲ့ စားလို့ ရတဲ့ အကြွင်းကို ခေါ်တာပါ။ ဒီအကြွင်းရရင် ဒီရောဂါ ဖြစ်ကို ဖြစ်မယ်လို့ ယတိပြတ် မဆိုနိုင်ပေမယ့် အကြွင်းအလိုက် ဖြစ်တတ်တဲ့ ရောဂါဝေဒနာကို ကြိုသိရင် သတိထား ဆင်ခြင်နိုင်မှာ အသေချာပါပဲ။

မဟာဘုတ် (၁) ကြွင်းဖွားများ  – (၁) ကြွင်းဖွားတွေဟာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ဆိုင်ရာ ရောဂါဝေဒနာတွေကို ခံစားရတတ်ပါတယ်။ အစာအိမ်နဲ့ သည်းခြေ မကောင်းတာ၊ လေရောဂါ ထတာနဲ့ ဒူလာလိပ်ခေါင်းတွေလည်း သတိထားရပါမယ်။ အရေပြားမှာ ယားနာတွေ ဖြစ်လွယ်ပါတယ်။ ရင်ကျပ်ပန်းနာလည်း ဖြစ်ပွားနိုင်ပါတယ်။ လေစာတွေနဲ့အရက်ကို ရှောင်ပါ။

မဟာဘုတ် (၂) ကြွင်းဖွားများ – (၂) ကြွင်းဖွားတွေက အာရုံခံစားမှုပိုင်းတွေမှာ ရောဂါဝေဒနာ ဖြစ်တတ်ပါတယ်။ ဦးနှောက် အာရုံကြောတွေ မကောင်းတာ၊ နား၊ မျက်စိ မကောင်းတာ၊ ခေါင်းမူးတာ၊ မေ့တတ်တာတွေကိုလည်း သတိပြုရပါလိမ့်မယ်။ ဒါ့အပြင် အသည်းနဲ့ နှလုံးရောဂါကိုလည်း ခံစားရတတ်ပါတယ်။ မှတ်ဉာဏ်အားနည်းမှု ဖြစ်တတ်ပါတယ်။

မဟာဘုတ် (၃) ကြွင်းဖွားများ – (၃) ကြွင်းဖွားတွေက သွားနဲ့ ခံတွင်းပြဿနာတွေ အဖြစ် များတတ်ကြပါတယ်။ လေဖြတ်၊ လေဖြန်းတာ၊ လေထိုး လေအောင့်တာ စတဲ့ ဝေဒနာတွေလည်း ဖြစ်ပွားတတ်ပါတယ်။ ဆီး၊ မျက်စိနဲ့ အစာအိမ်ပိုင်းတွေကို ပိုသတိပြုပါ။ ခြေထောက်မှာ ဒဏ်ရာ ရလွယ်ပါတယ်။ ခရီးသွားလာရင်း ဘေး ဖြစ်တတ်ပါတယ်။ ခွဲစိတ်ကုသရတတ်ပါတယ်။

မဟာဘုတ် (၄) ကြွင်းဖွားများ – (၄) ကြွင်းဖွားတွေက မမျှော်လင့်ဘဲ မတော်တဆမှုတွေ ကြုံတွေ့ရတတ်ပါတယ်။ သွေးတိုး၊ နှလုံး၊ လေးဘက်နာ အကြောရောဂါတွေလည်း ခံစားရတတ်ပါတယ်။ ခွဲစိတ်ခံရတာ၊ သွေးလွန်၊ သားလျှောတာတွေ ဖြစ်တတ်ကြပြီး ခေါင်းကိုက်ခြင်းနဲ့ လေဖြတ်ခြင်းတွေကိုလည်း သတိပြုရပါမယ်။ နှလုံး အားနည်းချူချာမှု ဖြစ်တတ်ပါတယ်။

မဟာဘုတ် (၅) ကြွင်းဖွားများ – (၅) ကြွင်းဖွားတွေက ဦးခေါင်းပိုင်းဆိုင်ရာ ရောဂါဝေဒနာတွေ ဖြစ်တတ်ကြပါတယ်။ ခေါင်းမူး၊ သွေးတက်တာကို ခံစားရတတ်ပြီး အမျိုးသားဆိုရင် ဆီး၊ ကျောက်ကပ်၊ ဒူလာ၊ အမျိုးသမီးဆိုရင် သားအိမ်နဲ့ ပတ်သက်တာတွေကို ဂရုစိုက်ရပါမယ်။ ဒူးနာ၊ ခေါင်းကိုက် ဖြစ်တတ်ပါတယ်။ ငယ်တုန်းက ပေခဲ့သူတွေ ကြီးလာရင် ပိုခံရပါလိမ့်မယ်။

မဟာဘုတ် (၆) ကြွင်းဖွားများ – (၆) ကြွင်းဖွားတွေက အစာအိမ်၊ လေထိုးလေအောင့်နဲ့ ရင်ကြပ်တာတွေ ဖြစ်တတ်ကြသလို အကြောအချဉ်နဲ့ အဆစ်အမြစ်တွေမှာလည်း အားနည်းတတ်ပါတယ်။ အာရုံကြော မကောင်းတာ၊ နှလုံးသွေးကြော ကျဉ်းတာ၊ လေးဘက်နာတွေလည်း ဖြစ်ပွားတတ်ပါတယ်။ အစာမကြေ၊ သွေးအားနည်းတာတွေလည်း ဂရုစိုက်ရပါမယ်။

မဟာဘုတ် (ဝ) ကြွင်းဖွားများ – (ဝ) ကြွင်းတွေက ဆီး၊ မျက်စိ၊ အဆုတ်၊ အစာအိမ်ဆိုင်ရာ ရောဂါဝေဒနာတွေ ဖြစ်ပွားတတ်ပါတယ်။ ပြီးတော့ နှလုံး မကောင်းတာ၊ သွေးအားနည်း၊ ရင်တုန်တာ၊ စိတ်ခြောက်ခြားလို့ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ စိတ်စွဲလန်းမှု ဥပါဒန်ကြောင့်လည်း ပိုခံစားရတတ်ပါတယ်။ မတော်တဆမှုကြောင့် ခွဲစိတ်ကုသရတတ်ပါတယ်။

အကြွင်းဖွားအားလုံး အနာရောဂါဘေးကနေ ကင်းဝေးချမ်းသာရကြပါစေ  – ဧက

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)