၁၂ ရာသီဖွားများအတွက် ၂၀၁၈၊ အောက်တိုဘာလ ဟောစာတမ်း

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

လုပ်ငန်းမှာရော လူမှုရေးမှာပါ လူတစ်ဦးတစ်ယောက်ကြောင့် အပြောင်းအလဲတွေ ဖြစ်ပျက်လာနိုင်ပါတယ်။ အပျိုလူပျိုတွေရော အိမ်ထောင်သည်တွေမှာပါ နှလုံးသားရေးရာ ခံစားချက်တွေက အရင်ကထက်ကို ပိုပြီး ကြီးစိုးလာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အရာတိုင်းက ကိုယ့်ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ကောင်းဆိုးနှစ်တန် ဖြစ်လာမှာမို့ ဒီလထဲမှာ သေချာစဉ်းစားနိုင်ဖို့ လိုပါတယ်။ များသောအားဖြင့်တော့ ကံကောင်းနိုင်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

ဒီလထဲမှာ လှုပ်လှုပ်ရှားရှားနဲ့ သွားသွားလာလာတွေ များလာနိုင်ပါတယ်။ အရင်လတွေလို တစ်နေရာတည်းမှာ ငုတ်တုတ်လေး ထိုင်၊ အလုပ်တွေ ဖိလုပ်နေသလိုမျိုး မဟုတ်တော့ပါဘူး။ ဆုံးဖြတ်စရာနဲ့ ရှေ့တိုး လုပ်ရမှာတွေ များလာပါလိမ့်မယ်။ ချစ်ရေးချစ်ရာမှာတော့ ဝေ့လည်ကြောင်ပတ် လုပ်နေလို့ မရတော့ဘဲ သီတင်းကျွတ်အမီ ပြတ်ပြတ်သားသား လုပ်ချရတာ့မှာပါ။ အောင့်အီးမျိုသိပ်တာတွေ ဖွင့်ချလိုက်ရင် ပျော်စရာတွေ ရှိနေပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

အရာအားလုံးနီးပါး အကောင်းဘက် ရှိနေမယ့် လ ဆိုပေမယ့် ကျန်းမာရေးကိုတော့ လျစ်လျူရှုလို့ မရနိုင်ပါဘူး။ ဒီလထဲမှ ကိုယ့်ကျန်းမာရေးကို ဂရုတစိုက် စောင့်ကြည့်ပါ။ ဆေးခန်းပြစရာ ရှိရင် တခါတည်းသာ ပြထားလိုက်ပါ။ ကျန်းမာရေးသာ  ဂရုစိုက်ပေးရင် ကျန်တာ အားလုံး အိုကေပါပဲ။ အဲ .တစ်ချက်တော့ ရှိသေးတယ်။ လူမှုရေးမှာ အတုအယောင်တွေ၊ ဟန်ဆောင်ပန်ဆောင်တွေကို သတိထားဖို့ပါ။ နားယောင်မလွယ်ဖို့ သတိပေးထားပါရစေ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

အလုပ်နဲ့ စီးပွားရေးတွေထက် မိသားစုနဲ့ ကိုယ့်အိမ်လေးထဲကို တချက် ပြန်လှည့်ကြည့်ရပါမယ်။ သာယာချိုမြိန် ငါတို့အိမ် ဆိုတဲ့အတိုင်း မိသားစုနဲ့ ပျော်ရွှင်စရာအချိန်တွေ ဖြတ်သန်းရပါမယ်။ တစ်ကိုယ်တော် အထီးကျန် မနေဘဲ မိသားစုနဲ့ အချိန်ပေးလိုက်ပါ။ အပေါင်းအသင်းတွေရဲ့ ကူညီ စောင့်ရှောက်မှုတွေကိုလည်း ရရှိပါမယ်။ နှလုံးသားရေးမှာတော့ အတိတ်က အရိပ်ဟောင်းတွေ ပေါ်လာနိုင်သလို အချစ်သစ်လည်း တွေ့တတ်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

အလုပ်အကိုင်နဲ့ စီးပွားရေပိုင်းမှာ အသစ် စတင်ရတာတွေ ဖြစ်လာနိုင်ပါတယ်။ အခွင့်အလမ်းကောင်းတွေလည်း ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် အသစ်ဆိုတိုင်းလည်း အကောင်းချည်း မဟုတ်နိုင်တာမို့ အကောင်းနဲ့အဆိုးကို သေချာစိစစ်ပြီးမှ လုပ်စေချင်ပါတယ်။ ဒီနေရာမှာ သူတပါးအကြံဥာဏ်ထက် ကိုယ့်ဆုံးဖြတ်ချက်ပဲ အတည်ပြုပါ။ ဒီလထဲမှာ အလုပ်လည်း များသလို ပျော်စရာအချိန်တွေလည်း ရှိပါမယ်။ လွမ်းစရာတွေလည်း ပေါ်လာပါမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

ငွေရေးကြေးရေး အဆင်ပြေတာထက်ကို ပိုပြီး သာယာလာနိုင်ပါတယ်။ ဝင်ငွေလည်း ကောင်းသလို စုဆောင်းမှု ပိုများလာနိုင်လို့ စိတ်ချမ်းသာစရာတွေ ဖြစ်နေပါမယ်။ ဒါပေမယ့် အပေးအယူ အချေးအငှားတော့ သတိထားပါ။ ဒီလထဲမှာ ချစ်ရေးချစ်ရာတွေ ပေါ်လာနိုင်ပေမယ့် သိပ်အတည်ယူလို့ မဖြစ်သေးပါဘူး။ ဦးနှောက်နဲ့သာ တွဲပြီး စဉ်းစားလုပ်ပါ။ ညီအစ်ကိုမောင်နှမကိစ္စတွေလည်း ကိုယ်က ဝင်ပါ ကိုင်တွယ်ဖြေရှင်းရတာမျိုး ဖြစ်တတ်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

ဒီလထဲမှာ ဝင်ငွေ ကောင်းသလောက် အသုံးအဖြုန်းလည်း များလာတတ်ပါတယ်။ လုပ်ငန်းကနေ အမြတ်အစွန်း များလာနိုင်သလို ငွေရှာလို့လည်း သိပ်ကောင်းနေပါမယ်။ စွန့်စားမှု ဆန်တဲ့ စီးပွားရေးမှာလည်း ပါဝင် ပတ်သက် လုပ်ကိုင်ရတတ်ပါတယ်။ အစီအစဉ်တကျနဲပ သတိထား လုပ်ကိုင်တတ်ရင် အကျိုးအမြတ်က ကြီးနိုင်ပါတယ်။  နှလုံးသားရေးမှာ စိတ်လှုပ်ရှားစရာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ကြုံလာသမျှကို ရဲရဲသာ ရင်ဆိုင်လိုက်ပါနော။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

စီးပွားရေးအခွင့်အလမ်းကောင်းတွေ ပေါ်လာနိုင်ပါတယ်။ သြဇာရှိ အင်အားကြီးမားသူတွေနဲ့လည်း ဆက်သွယ်မှု ရလာတတ်ပြီး ကိုယ့်အတွက် အကျိုးရှိရာရှိကြောင်း ဖန်တီးနိုင်ပါမယ်။ ဒီလထဲမှာ ရည်မှန်းချက်စိတ်ကူးတွေကို ပြန်သုံးသပ်ရမှာ ဖြစ်ပြီး ဒီထက်ပိုကောင်းတဲ့ အကြံအစည်တွေကို ပုံဖော်ရပါမယ်။ ဒါပေမယ့် မိသားစုအတွက် အချိန်လည်း ပေးရပါမယ်။ ချစ်ရေးချစ်ရာမှာတော့ ကိုယ့်အတွင်းရေးတွေ လူသိရှင်ကြား ဖြစ်လာတတ်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

အပေါင်းအသင်းရောင်းရင်းတွေနဲ ဟေးလားဝါးလားအချိန်တွေကို ဖြတ်သန်းရတတ်ပါတယ်။ တစ်ယောက်တည်း ဥမနေတော့ဘဲ သူငယ်ချင်းတွေနဲ့ အချိန်ပေးရပါလိမ့်မယ်။ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာတွေကိုလည်း အမိအရ ပုံဖော် ကြိုးစားလာနိုင်ပါလိမ့်မယ်။ ငွေရေးကြေးရေးပိုင်းမှာ အယုံမလွယ်ဖို့ကိုတော့ ဒီလအတွက် မှာချင်ပါတယ်။ စီးပွားဘက်မှာတော့ ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်တိုးသွားဖို့ အချိန်အခါကောင်း ဖြစ်တာကို အသိပေးပါရစေ။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

အလုပ်အကိုင်ရော ငွေကြေးစီးပွားပိုင်းမှာပါ လက်မထောင်နိုင်မယ့် အောက်တိုဘာလပါ။ အသစ် စတင်ချင်တာ၊ အပြောင်းအလဲတွေ လုပ်ကြည့်ချင်တာဆိုရင် ဒီလထဲမှာ လုပ်ပစ်လိုက်ပါ။ ငွေကြေးပိုင်းမှာတော့ နည်းနည်းလေး သတိပြု လုပ်ပါ။ လုပ်ငန်းကိုင်ငန်းအတွက် အချိန်တွေ အများကြီး ပုံအောရတတ်ပြီး လုပ်သလောက်လည်း ပြန် အကျိုးပေးနိုင်ပါတယ်။ အချစ်ရေးမှာတော့ တစ်ဦးထက်ပိုတဲ့ သံယောဇဉ်လိုလိုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ကုံရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)

အလုပ်အတွက် အချိန်ပြည့် အာရုံစိုက်ရတတ်ပြီး နေရာပုံစံ စတဲ့ အပြောင်းအလဲမျိုးစုံလည်း ပေါ်လာနိုင်ပါတယ်။ အငြိမ်နေလို့ မရတော့ဘဲ သွားလာလှုပ်ရှားပြီး အင်တိုက်အားတိုက်နဲ့ လုပ်ကိုင်ရတတ်ပါတယ်။ ဒီလထဲမှာ ဘယ် ဆုံးဖြတ်ချက်ကိုမဆို မလွယ် မချလိုက်ဖို့ သတိပေးချင်ပါတယ်။ လူမှုရေးနဲ့ စီးပွားရေးမှာ ရောရောထွေးထွေးတွေ ဖြစ်ပျက်လာနိုင်ပါတယ်။ ချစ်စရာ တွေ့ရင် ချစ်လိုက်ပါ။ ပြီးရင် အလုပ်ဘက် ပြန်ဦးလှည့်ရမှာ အသေချာပါပဲဗျာ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

လုပ်ငန်းမှာ အေးရာအေးကြောင်း မနေရဘဲ လိုအပ်သလို စွန့်စားခန်းနဲ့ သည်းထိတ်ရင်ဖိုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့်  ကံတရားက ကိုယ့်ဘက်မှာ ရှိနေတာမို့ သူ့နည်းသူ့ဟန်နဲ့ အဆင်ပြေသွားမှာပါ။ ငါ လုပ်နိုင်ပါတယ်၊ ငါ လုပ်နိုင်မှာပါ ဆိုတဲ့ စိတ်ဓာတ်နဲ့သာ ဖြတ်သန်းပါ။ လူမှုရေးအရ ပတ်သက်ဖူးတွေက စီးပွားရေးမှာပါ အကူအညီ ပေးလာနိုင်ပါတယ်။ နှလုံးသားရေးမှာတော့ သုံးပွင့်မက လေးပွင့်ဆိုင်တွေ ဖြစ်တတ်လို့ ကြည့်ကျက်လုပ်ပါလို့။

ဗေဒင်သုတပရိတ်သတ်များ အဆင်ပြေပါစေ ရည်ရွယ်လျက်..

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)