၂၀၁၉ တရုတ်ရာသီခွင် ဟောကိန်း

တရုတ်ရိုးရာဝေဒပညာအရ ဖေဖော်ဝါရီ ၅ ရက်ကနေ စတင်ပြီး နောင်နှစ် ၂၀၂၀၊ ဇန်နဝါရီ ၂၄ ရက်နေ့အထိကို ဝက်နှစ်ရာသီရုပ်က စိုးမိုးထားပါတယ်။ များသောအားဖြင့် ဝက်နှစ်မှာ ကျား၊ ဆိတ်နဲ့ ယုန်နှစ်ဖွားတွေ အဆင်ပြေ သာယာတတ်ကြပေမယ့် မတူကွဲပြားတဲ့ တခြားရာသီခွင်ရုပ်တွေအတွက် ကောင်းကျိုးဆိုးပြစ်တွေ ရှိနေပါတယ်။ ဝက်နှစ်မှာ တခြားနှစ်ဖွားတွေ ဘယ်လိုကံကြမ္မာအတက်အကျ ရှိနေသလဲ ဆက်ဖတ်ကြည့်ရအောင်ပါ။

(ကြွက်နှစ်ဖွား- 1936, 1948, 1960, 1972, 1984, 1996, 2008) တွေအနေနဲ့ လက်ရှိ ၂၀၁၉ ၊ ဝက်နှစ်ထဲမှာ ကံကောင်း၊ အောင်မြင်၊ ပျော်ရွှင်ရကိန်း ရှိပါတယ်။ အလုပ်အကိုင်၊ စီးပွားရေး၊ ဥစ္စာဓန ပြောစရာမလိုအောင်ကို အဆင်ပြေပါလိမ့်မယ်။ အထူးသဖြင့် ကြွက်နှစ်ဖွား အမျိုးသမီးတွေက ပိုကံကောင်းပါမယ်။ ဧပြီ၊ ဇွန်၊ သြဂုတ်နဲ့ ၂၀၂၀၊ ဇန်နဝါရီလတွေမှာ ကံဇာတာ မြင့်မားတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

(နွားနှစ်ဖွား- 1937, 1949, 1961, 1973, 1985, 1997, 2009) တွေက ဒီနှစ် ၂၀၁၉ ထဲမှာ ခရီးတွေ အရမ်း သွားရပြီး အလုပ်တွေ သိပ်ရှုပ်လာပါလိမ့်မယ်။ ဒါပေမယ့် အလုပ်များ၊ တာဝန်ကြီးသလောက် အကျိုးအမြတ် ဖြစ်ထွန်းဖို့ ရှိနေပါတယ်။ စိတ်ကူးသစ်၊ အကြံအစည်သစ်တွေ အကောင်အထည် ဖော်နိုင်ပါမယ်။ အလုပ်တွေ များလွန်းလို့ မေလနဲ့ နိုဝင်ဘာလတွေမှာ ကျန်းမာရေး ညံ့တတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

(ကျားနှစ်ဖွား- 1938, 1950, 1962, 1974, 1986, 1998, 2010) တွေဟာ ဒီနှစ် ၂၀၁၉ ဝက်နှစ်မှာ ထောက်ပံ့ ကူညီသူတွေ၊ လူကောင်းသူကောင်းတွေနဲ့ ကြုံဆုံရပါမယ်။ နှလုံးသားရေးရာပိုင်းမှာ စိတ်ချမ်းသာ ပျော်ရွှင်စရာ ဖြစ်လာပြီး အိမ်ထောင်ရှင်ဆိုရင် သားသမီးကောင်းတွေ ရရှိတတ်ပါတယ်။ ဖေဖော်ဝါရီ၊ ဇွန်နဲ့ သြဂုတ်လတွေမှာ သိသာမြင်သာတဲ့ အောင်မြင်မှုတွေ ရရှိလာပါလိမ့်မယ်။

(ယုန်နှစ်ဖွား- 1939, 1951, 1963, 1975, 1987, 1999, 2011) တွေက ဒီနှစ်ထဲမှာ သည်းခံစိတ်ရှည်ပေးရမှာ ဖြစ်ပြီး ဘာပဲလုပ်လုပ် အနှောင့်အယှက် အတားအဆီးတွေက ရှေ့က ကာဆီးနေတတ်ပါတယ်။ လုပ်ငန်းပိုင်းမှာ အဆင်ပြေနေမှာ ဆိုပေမယ့် မတ်လနဲ့ အောက်တိုဘာလတွေမှာ အညံ့ ရှိလို့ ကြိုတင် သတိထားပြင်ဆင်ထားပါ။ တတ်နိုင်သမျှ အငြင်းအခုံတွေ မလုပ်မိအောင် ရှောင်ကျဉ်ပါ။

(နဂါးနှစ်ဖွား- 1928, 1940, 1952, 1964, 1976, 1988, 2000, 2012) တွေအတွက် ၂၀၁၉၊ ဝက်နှစ်ကတော့ ကံဇာတာ ဖြောင့်ဖြူးသာယာမယ့် နှစ်ပါပဲ။ လုပ်ငန်းစီးပွားကို ကြည့်မလား၊ နှလုံးသားရေး၊ အိမ်ထောင်ရေးတွေ ကြည့်မလား၊ အားလုံး အိုကေစိုပြေနေမှာပါ။ လက်ထပ်မင်္ဂလာပွဲ လုပ်တာ၊ ကလေးယူတာတွေအတွက်လည်း ဝက်နှစ်က အသင့်တော်ဆုံး ဖြစ်ပါတယ်။ အကူအညီတွေလည်း ရရှိပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

(မြွေနှစ်ဖွား- 1929, 1941, 1953, 1965, 1977, 1989, 2001) တွေအဖို့ ဒီနှစ်မှာ စီးပွားရေးကံ အတော်သင့် အဆင်ပြေမှာ ဆိုပေမယ့် ဘာပဲလုပ်လုပ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် လုပ်ကိုင်ရာမှာ သတိထားကြဖို့ အကြံပြုလိုပါတယ်။ မေ၊ သြဂုတ်၊ နိုဝင်ဘာနဲ့ ၂၀၂၀ ၊ ဇန်နဝါရီလတွေမှာ အခက်အခဲတချို့ ရှိလာတတ်ပါတယ်။ ဒီနှစ်ထဲမှာ အချိန်မှန် စားပြီး ပြည့်ပြည့်ဝ၀ အနားယူဖို့လည်း လိုအပ်ပါတယ်။(ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

(မြင်းနှစ်ဖွား- 1930, 1942, 1954, 1966, 1978, 1990, 2002) တွေက ဝက်နှစ်ထဲမှာ အလုပ်အကိုင်၊ စီးပွား အားလုံး တိုးတက်မြင့်မားလာနိုင်ပါတယ်။ စိတ်ချမ်းသာ ပျော်ရွှင်စရာ အဖြစ်အပျက်တွေကို ကြုံရတတ်ပါတယ်။ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု အပိုင်းတွေမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရရှိပါမယ်။ နှလုံးသားရေးမှာလည်း ကံကောင်းတတ်ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလမှာ ငြင်းခုံရန်ဖြစ်ရတတ်ပါတယ်။

(ဆိတ်နှစ်ဖွား- 1931, 1943, 1955, 1967, 1979, 1991) တွေအနေနဲ့ လုပ်ငန်းကိုင်ငန်း အပြောင်းအလဲတွေ ဖြစ်ပျက်လာပါလိမ့်မယ်။ အပြောင်းအလဲနဲ့အတူ အောင်မြင်မှုလည်း ပိုရလာမှာ ဆိုပေမယ့် ဘေးက ဝိုင်းကူပြီး ဖေးမမယ့်သူတွေ မရှိလို့ ကိုယ့်အားကိုယ်ကိုး ရုန်းကန်ရပါမယ်။ ဒီနှစ်ထဲမှာ ခရီး အသွားအလာတွေ ပိုများနိုင်ပြီး အပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်။ တစ်နှစ်ပတ်လုံး ကျန်းမာရေး ဂရုစိုက်ပါ။

(မျောက်နှစ်ဖွား- 1932, 1944, 1956, 1968, 1980, 1992, 2004) တွေကတော့ ဒီဝက်နှစ်မှာ အပြောင်းအလဲ သိပ်မရှိဘဲ အေးဆေးတည်ငြိမ်နေပါမယ်။ အခက်အခဲ ပြဿနာတွေ ပေါ်လာပေမယ့် ကျော်ဖြတ်သွားနိုင်မှာပါ။ ချစ်ရေးချစ်ရာ စန်းပွင့်လွန်းလို့ မလိုလားအပ်တဲ့ ပြဿနာလေးတွေ ရှိလာနိုင်ပါတယ်။ မိသားစုတွေ ကျန်းမာရေး အညံ့ ရှိပါမယ်။ ဖေဖော်ဝါရီ၊ ဧပြီ၊ သြဂုတ်၊ စက်တင်ဘာတွေမှာ ကံကောင်းပါလိမ့်မယ်။

(ကြက်နှစ်ဖွား- 1933, 1945, 1957, 1969, 1981, 1993, 2005) တွေက ဝက်နှစ်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာ သိပ်များလာနိုင်ပါတယ်။ ဒါပေမယ့် မနှစ်ကနဲ့စာရင် စီးပွားရေး ပိုကောင်းလာမှာ ဖြစ်ပြီး အထူးသဖြင့် မတ်လနဲ့ စက်တင်ဘာလတွေမှာ ကံကောင်းမှု ကြုံရပါမယ်။ မေလနဲ့ စက်တင်ဘာလတွေမှာတော့ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ သတိထား လုပ်ရမှာ ဖြစ်ပြီး အဆင်ခြင် ကင်းမဲ့ရင် ဆုံးရှုံးမှု ဖြစ်တတ်ပါတယ်။

(ခွေးနှစ်ဖွား- 1934, 1946, 1958, 1970, 1982, 1994, 2006) တွေအနေနဲ့ ဝက်နှစ်မှာ အညံ့ ရှိနေပေမယ့် လူကောင်း သူကောင်းတွေရဲ့ ကူညီမှုနဲ့ လွတ်မြောက်ပါလိမ့်မယ်။ ဒီနှစ်ထဲ ဘယ်ကို သွားသွား ခရီးစဉ်တိုင်းမှာ သတိထားပါ။ လုပ်ငန်းစီးပွား ကံကောင်းမှုကို ဇွန်လနဲ့ အောက်တိုဘာလတွေမှာ ကြုံတွေ့ရမှာ ဖြစ်ပြီး ငွေကြေး အပေးအယူကိစ္စတွေကိုတော့ သတိပြု လုပ်ဆောင်ရပါလိမ့်မယ်။

(ဝက်နှစ်ဖွား- 1935, 1947, 1959, 1971, 1983, 1995, 2007) တွေက ဝက်နှစ်မှာ ကံကောင်းလေ့ မရှိပါဘူး။ အခက်အခဲတွေတောင် ပိုများလာတတ်ပါတယ်။ ပုံမှန်အတိုင်း အေးအေး နေလို့ မရတော့ဘဲ သူများထက် ပိုပြီး ရုန်းကန်လှုပ်ရှားနိုင်မှ အဆင်ပြေရုံ ရှိပါလိမ့်မယ်။ စီးပွားရေး ငွေရေးကြေးရေး သိပ်မကောင်းလှပေမယ့် လူမှုရေး၊ အချစ်ရေးမှာတော့ စိတ်ချမ်းသာရပါလိမ့်မယ်။ ခရီးတွေလည်း အထွက် များနေပါမယ်။

၂၀၁၉ ဝက်နှစ်မှာ ရာသီဖွားအားလုံး ကံကောင်းကြပါစေလို့ ဆန္ဒပြုပါတယ်

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)