၂၀၂၃ ခုနှစ်မှာ မေတ္တာရေးကံဇာတာ ထူးခြားမယ့် ရာသီခွင်များ

အခုထိ အချစ်ကို ရှာဖွေနေဆဲ လူပျိုလူလွတ်တွေပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ချစ်သူရည်းစားနဲ့ တစ်သက်စာ ပေါင်းဖက်ဖို့ စီမံအားထုတ်နေသူတွေပဲဖြစ်ဖြစ် ဒီနှစ် ၂၀၂၃ မှာ အဲဒီလိုအင်ဆန္ဒတွေ၊ ဆုတောင်းတွေ ပြည့်ဝလာမလားဆိုတာ ရာသီခွင်ဗေဒင်အရ အဖြေရှာ ဟောကိန်း ထုတ်ပေးထားပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)
ကံကောင်းခြင်းတွေကို သယ်ဆောင်လာနေကျ ဂျူပီတာ (ခေါ်) ကြာသပတေးဂြိုဟ်ကြီးရဲ့အစီးအနင်းအရ ဒီနှစ် ၂၀၂၃ မှာ ပြိဿရာသီဖွားတွေ ချစ်ကံတွေ ကောင်းပြီး အချစ်စစ်နဲ့ နဖူးတွေ့၊ ဒူးတွေ့ ကြုံဆုံလာရတတ်ပါတယ်။ နှစ်စပိုင်းမှာ ကမောက်ကမ ၊ ဗရုတ်သုက္ခတွေ ဖြစ်ပြီးမှ နောက်ပိုင်းလတွေမှာ စိတ်ချမ်းသာရပါလိမ့်မယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)
နှစ်စကတည်းက ချစ်ရေးချစ်ရာကိစ္စတွေမှာ ဆုတောင်းလေးတွေ ပြည့်ဝတတ်ပါတယ်။ အချစ်ရေးကံ တည်ငြိမ်မှု ရှိပြီး အပြန်အလှန် နွေးထွေးနားလည်ပေးနိုင်သူနဲ့ လက်တွဲခွင့် ရတတ်ပါတယ်။ အစပိုင်းမှာ သဘောကွဲလွဲမှုတွေ များတတ်ပေမယ့် ကြာလေလေ ခိုင်မြဲလေလေ အချစ်ရေးမျိုးကို တည်ဆောက်ခွင့် ရလာနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)
နှလုံးသားရေးကံဇာတာက နှစ်လယ်လောက်မှသာ စပြီး ထင်ရှားပေါ်လွင် အားကောင်းလာနိုင်ပါတယ်။ ဒီနှစ်မှာ တစ်ကိုယ်တည်းသမားတွေအဖို့ လက်တွဲဖော်ကောင်း ရှာတွေ့တာ၊ လူအများကြားထဲမှာ ကိုယ်ပဲ အစွံထုတ်နိုင် ပွဲခံနိုင်တာတွေ ကြုံရတတ်ပါတယ်။ မနှစ်က စိတ်ပျက်ခဲ့ရသမျှ ဒီနှစ်မှာ ထူးခြားလာတတ်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)
ချစ်သူအပေါ် လွှမ်းမိုးချင်တဲ့ သိဟ်ရာသီဖွားတွေက ဒီနှစ်မှာ အချစ်ရေးကံတွေ ပွင့်လန်းပြီး ပျော်ရွှင်စရာတွေပဲ ဖြစ်လာတတ်ပါတယ်။ အရင်နှစ်တွေက စိတ်လေးလံဖိစီးခဲ့ရသမျှကို လွှတ်ချပြီး စိတ်လက်ပေါ့ပါး လန်းဆန်းမှု ပို ရလာနိုင်ပါတယ်။ အချင်းချင်းကြားမှာလည်း အပြန်အလှန် နားလည်မှုတွေ ပေးလာနိုင်ပါလိမ့်မယ်။

ဒါကတော့ ဒီနှစ် ၂၀၂၃ မှာ ချစ်ရေးချစ်ရာကံဇာတာ ထူးခြားပြီး ဖူးစာဖက်နဲ့ ဆုံတွေ့ခွင့် ရနိုင်တဲ့ ရာသီဖွားတွေ ဖြစ်ပါတယ်။ ၂၀၂၃ မှာ အိမ်ထောင်ကျကိန်း ရှိတဲ့၊ လက်ထိပ်ထိမ်းမြားခွင့် အားသာတဲ့ ရာသီဖွားတွေကတော့..

တူရာသီဖွားနဲ့ ပြိဿရာသီဖွားတွေက နံပါတ် (၁) ဦးစားပေးအဆင့်မှာ ရှိနေပါတယ်။ ပြိဿရာသီဖွားတွေအဖို့ ဒီနှစ်မှာ ဘဝလက်တွဲဖော် ကြုံလာခဲ့ရင် သံသယကင်းစွာနဲ့ ရွေးချယ်နိုင်ပါတယ်။ လက်တွဲဖော်ကောင်း ရမယ့်နှစ် ဖြစ်ပါတယ်။

တူရာသီဖွားတွေအနေနဲ့လည်း ဒီနှစ်မှာ နှလုံးသားရေးကံတွေ အားကောင်းနေချိန် ဖြစ်လို့ လူရွေးမှန်မယ့် နှစ်လို့ ဆိုနိုင်ပါတယ်။ ကိုယ့်အတွက် ထူးခြားစစ်မှန်သူနဲ့ ဆုံဆည်း ပေါင်းဖက်ရတတ်ပါတယ်။

ဒီနှစ်မှာ အိမ်ထောင်ပြုရတတ်တဲ့ ၊ လက်ထပ်ခွင့် ကြုံလာတတ်တဲ့ တခြားရာသီဖွားတွေကတော့ ကန်ရာသီဖွားနဲ့ ဓနုရာသီဖွားတွေ ဖြစ်ပြီး သူတို့အတွက်လည်း ၂၀၂၃ ဟာ မေတ္တာရေးကံ အားသာတဲ့နှစ် ဖြစ်ပါတယ်။

ရာသီဖွားအားလုံး နှလုံးသားရေးမှာ ကံကောင်းနိုင်ကြပါစေ- ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)