ကောဇာ ရာဟု အများဆုံးရိုက်ခတ်မယ့်ရာသီခွင်များ

အနောက်တိုင်းသာယန နက္ခတ်ဗေဒင်အရ ကောဇာ ရာဟုဂြိုဟ်ဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇ ရက်ကနေ ၂၀၂၅ ၊ ဇန်နဝါရီ ၁၁ ရက်အထိ မိဿရာသီခွင်မှာ စီးနင်းသွားလာနေမှာ ဖြစ်ပါတယ်။

ကောဇာရာဟု မိဿရာသီမှာ တည်ရှိနေမယ့် ဖော်ပြပါတစ်နှစ်ခွဲခန့်ကာလအတွင်းမှာ လူသားအားလုံးဟာ ကိုယ် လုပ်ချင်တာတွေကို တုံ့ဆိုင်းတွေဝေမနေဘဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ရဲရဲဝံ့ဝံ့ လုပ်ပစ်လာဖို့ ရာဟုဂြိုဟ်က လှုံ့ဆော် တွန်းအားပေးလာမှာပါ။

ကိုယ့်စိတ်ကူးထဲကအရာတွေကို လက်တွေ့ ဖြစ်လာအောင် မိဿရာသီရောက် ရာဟုဂြိုဟ်က စိတ်ခွန်အားတွေ ပေးလာမှာ ဖြစ်လို့ ရာဟုဂြိုဟ်စီးနင်းမယ့်တစ်နှစ်ခွဲအတွင်းမှာ ဘယ်ရာသီဖွားတွေက အထူးခြားဆုံး ဖြစ်လာမလဲ ဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)

မွေးရာပါ လူစွန့်စားဗီဇ ပါတဲ့ မိဿရာသီဖွားတွေဟာ ရာဟုဂြိုဟ် စီးနင်းတဲ့ တစ်နှစ်ခွဲအတွင်း ခေါက်ရိုးကျိုးဘဝနဲ့ အစဉ်အလာတွေကို ချိုးဖောက်ပြီး ကိုယ်လုပ်ချင်၊ ဖြစ်ချင်နေတာတွေကို ရဲရဲကြီး လုပ်ခွင့်၊ ဖြစ်ခွင့် ရရှိပါလိမ့်မယ်။ စွန့်စားမှုတွေ များတဲ့ကာလကို ရောက်လာပြီး ဘယ်ကိစ္စမဆို အလျင်စလို ခပ်သုတ်သုတ်တွေလည်း လုပ်ရမှာမို့ ကိုယ့်ရည်မှန်းချက်ကို မျက်ခြေပြတ်မခံဖို့ လိုပါတယ်။ သံသယတွေ၊ တွေဝေမှုတွေကို ဘေးခေါက်ထားလိုက်ပါ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)

ဘဝအခြေအနေအဆင့်အတန်းတစ်ခုဆီ မြင့်မားသွားနိုင်တဲ့ကာလ ဖြစ်လို့ ဒီတစ်နှစ်ခွဲအတွင်းမှာ ကိုယ့်ဘက်က သေချာ ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ အလုပ်အကိုင်၊ အသက်မွေးမှုနဲ့ စီးပွားရေးတွေက ကိုယ့်ရဲ့ ဦးစားပေး နံပါတ်တစ် ဖြစ်လာပြီး အရည်အချင်း၊ အစွမ်းအစတွေကိုလည်း ပြသခွင့် ကြုံလာပါလိမ့်မယ်။ အခွင့်ကောင်းတွေ လက်ထဲအထိ ရောက်လာတတ်လို့ သေချာ အသုံးချဖို့ လိုပါတယ်။ ရည်ရွယ်ချက် မြင့်မြင့်ထားရမယ့်အချိန်ပါပဲ။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)

လူပျိုလူလွတ်ဖြစ်စေ၊ အိမ်ထောင်ရှင်ဖြစ်စေ ရာဟုဂြိုဟ် မိဿရောက်နေတဲ့ တစ်နှစ်ခွဲအတွင်းဟာ မေတ္တာရေး၊ နှလုံးသားရေးနဲ့ ပတ်သက်လို့ လှုပ်လှုပ်ရှားရှား၊ ထူးထူးခြားခြားတွေ ဖြစ်ပေါ်လာတတ်တဲ့အချိန်ပါပဲ။ ဒီကာလမှာ ပျိုရွယ်သူတွေက ချစ်သူလက်တွဲဖော် ရဖို့ ကြိုးစားလာသလို အိမ်ထောင်ရှင်တွေကလည်း မိသားစုဘ၀ ညီညွှတ် မျှတဖို့ အလေးထားရနိုင်ပါတယ်။ အပြန်အလှန် နားလည်မှုနဲ့ သစ္စာတည် ခိုင်မြဲဖို့ကိုလည်း ကြိုးစားရပါလိမ့်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉)

ရာဟုဂြိုဟ် မိဿရောက်နေတဲ့တစ်နှစ်ခွဲကာလအတွင်း မကာရရာသီဖွားတွေဟာ မိသားစုရေးရာနဲ့ ပတ်သက်လို့ အာရုံစိုက် ဦးစားပေးရတာတွေ များလာတတ်ပါတယ်။ ကိုယ့်မိသားစုဝင်အချင်းချင်းတွေ ဖြည့်စွက်နားလည်နိုင်ဖို့ ၊ ဖေးမကူညီနိုင်ဖို့၊ အချိန်ပေး နွေးထွေးတတ်ဖို့ လိုအပ်လာပါမယ်။ အိုးအိမ်၊ အဆောက်အဦ၊ မြေနေရာကိစ္စတွေ သေချာအောင်၊ ခိုင်မာအောင်လည်း ကြိုးစားရပါလိမ်မယ်။ နေရာဌာနကိစ္စတွေမှာ မပေါ့မဆ သတိထားရပါမယ်။

နက္ခတ်ဗေဒင်ပညာမှာ အကောင်အထည်ရုပ်လုံး မရှိပေမယ့် အရိပ်ဆာယာဂြိုဟ်အဖြစ် ရပ်တည်ပြီး လူတွေကို လွှမ်းမိုးခြယ်လှယ်နေတဲ့ ရာဟုဂြိုဟ်ကြီး မိဿရာသီ ကူးပြောင်းချိန်မှာ ဖော်ပြပါရာသီဖွားတွေဟာ အများဆုံး ရိုက်ခတ်မှု ခံရနိုင်တဲ့အတွက် သတိထားနိုင်ဖို့ ကို တိုက်တွန်းလိုက်ရပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)