ဥစ္စာစီးပွားတိုး လာဘ်ခေါ်ဆန်မန်းအစီအရင်

နေ့စဉ်ဖြတ်သန်းနေရသော ဘဝတွင် ငွေကြေးအတွက်ပူပန်ကြောင့်ကြမှုများ ရှိနေကြတတ်သည်မှာ အမှန်ပင် ဖြစ်သည်။

ရစရာရှိသည်များ မရ ပေးစရာရှိသည်များ မပေးနိုင်၊ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်ရင်း ငွေကြေး ကျပ်တည်းခက်ခဲနေသော ကိစ္စများအတွက် မြန်မာ့ရိုးရာဗေဒင်ပညာရပ်လာ ရှေးဆရာသခင်ကြီးများ အသုံးပြုခဲ့သော နည်းလမ်းများထဲမှ ငှက်စာကျွေးသည့် အစီအရင်ကို ဖော်ပြပေးပါမည်။

အမဲသား မစားသူများနှင့် ကံငါးပါး မကျူးလွန်သူများအတွက် အစီအရင်က ပိုမိုအစွမ်းထက် သိသာပါလိမ့်မည်။

ဤအစီအရင်သည် တစ်ကြိမ် လုပ်ပါက ၇-ရက် ဆက်တိုက် ဆောင်ရွက်ရပါမည်။ ၇-ရက် ဆက်တိုက် လုပ်ပြီး မိမိအဆင်ပြေသောရက်မှ နောက်တစ်ကြိမ် ပြန်လည် စတင်ရပါမည်။

တနင်္ဂနွေနေ့ဖွားများသည် စနေနေ့တွင် စတင်လုပ်ဆောင်ပါ။
တနင်္လာနေ့ဖွားများသည် ကြာသပတေးနေ့တွင် စတင်လုပ်ပါ။
အင်္ဂါနေ့ဖွားများသည် ဗုဒ္ဓဟူးနေ့တွင် စတင်လုပ်ပါ။
ဗုဒ္ဓဟူးနေ့ဖွားများသည် အင်္ဂါနေ့တွင် စတင်လုပ်ဆောင်ပါ။
ကြာသပတေးနေ့ဖွားများသည် တနင်္လာနေ့တွင် စတင်လုပ်ဆောင်ပါ။
သောကြာနေ့ဖွားများသည် ဗုဒ္ဓဟူးနေ့တွင် စတင်လုပ်ဆောင်ပါ။
စနေနေ့ဖွားများသည် တနင်္ဂနွေနေ့တွင် စတင်လုပ်ဆောင်ပါ။

လုပ်ဆောင်ရမည်မှာ – ဆန်လက်တစ်ဆုပ်ကို ယူပြီး ဆန်ကာ (သို့မဟုတ်) လင်ပန်းတွင် ထည့်ပါ။ အောက်ပါ ဂါထာမန္တာန်ဖြင့် ၇ ကြိမ် မန်းရပါမည်။

“ဥုံ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားသတည်း…ဘုမ္မာဒေ၀ ဓနဥစ္စာ ပို၍ လာသတည်း”

ထို့နောက် ယင်း ဆန်ကော (သို့) လင်ပန်းမှ ဆန်များကို အိမ်ရှေ့တွင် ချ၍ ငှက်စာကျွေးရပါမည်။

ငှက်စာကျွေးပြီး ကျန်သောဆန်စေ့များကို “ငွေအိုးမြုပ်သည်” ဟုပါးစပ်မှပြောကာ မိမိအိမ် ဥရုတိုင်ခြေတွင် မြုပ်ရပါမည်။

တိုက်ဖြင့်နေသူများအတွက် မိမိအိမ် ဥရုတိုင်ခြေနေရာတွင် မြေအိုးအသေးတစ်လုံးထဲတွင် သဲမြေထည့်ပြီး “ငွေအိုးမြုပ်သည်” ဟုပြောဆို၍ မြုပ်နိုင်သည်။

ထိုကဲ့သို့ ၇-ရက်ဆက်တိုက် လုပ်ဆောင်ခြင်းဖြင့် လာဘ်လာဘ ပွင့်လန်းခြင်း၊ ကူညီမစမည့်သူ ပေါ်ပေါက်ခြင်း၊ ငွေကြေး အခက်အခဲဒုက္ခ လွတ်မြောက်ခြင်းများ ဖြစ်ထွန်းလာပေမည်။

အားလုံးသော ၇ ရက်သားသမီးများ ငွေကြေးအခက်အခဲဒုက္ခများမှ လွတ်မြောက်နိုင်ကြပါစေသတည်း….

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)