မြန်မာနှစ် ၁၃၈၅ အတွင်း နေ့နံအလိုက် ငွေကြေးစီးပွားကံဇာတာ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် (အင်္ဂလိပ်လို ၁၇.၄.၂၀၂၃ မှ ၁၆.၄.၂၀၂၄ အတွင်း) နေ့နံအလိုက် အလုပ်အကိုင် နဲ့ ငွေရေးကြေးရေး ကံဇာတာအခြေအနေကို တွက်ချက် ဖော်ပြလိုက်ပါတယ်။

တနင်္ဂနွေနေ့ဖွား
ဒီတစ်နှစ်မှာ အလုပ်တာဝန်တွေ ပိုများလာတတ်ပါတယ်။ လက်ရှိလုပ်နေတာတွေကို ရပ်နားပြီး လုပ်ငန်းအသစ်၊ နယ်ပယ်အသစ် စတင်ပြောင်းလဲရတာမျိုး ဖြစ်လာနိုင်ပါတယ်။ အလုပ်အတွက် ပင်ပန်းရတာ၊ ရုန်းကန်ရတာတွေ ပိုများလာတတ်ပါတယ်။ ရပ်ဝေး (သို့) နိုင်ငံခြားနဲ့ဆက်စပ်တဲ့လုပ်ငန်းမျိုးတွေ ပေါ်ပေါက်တတ်ပါတယ်။ ငွေကြေး အရ နည်းတာ၊ လုပ်သလောက် မခံစားရတာ၊ ငွေလည်ပတ်မှု ကျပ်တည်းသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

တနင်္လာနေ့ဖွား
ဒီနှစ်မှာ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ တိုက်ခိုက်၊ ယှဉ်ပြိုင်မှုတွေ များလာနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ ရောင်းဝယ်ရာမှာ ဖြစ်စေ အင်မတန်မှ ပြိုင်ဆိုင်မှုတွေ ပြင်းထန်တတ်ပါတယ်။ အလုပ်ကံ မညံ့ပေမယ့် စိတ်မောလူမောတွေ ဖြစ်ရတတ်ပါတယ်။ အနှောင့်အယှက်တွေ များလာတတ်ပါတယ်။ ငွေကြေးကံ အားနည်းတဲ့နှစ်မျိုး ဖြစ်ပြီး ဝင်သမျှ မမြဲမတတ်ပေမယ့် သေချာစုဆောင်းတတ်ရင်တော့ အဖတ်တင်နိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အင်္ဂါနေ့ဖွား
အရင်က ကြိုးစားခဲ့သမျှတွေ အောင်မြင်ဖြစ်ထွန်းမယ့်နှစ် ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းစီးပွားကို လူသိများလာတာ ၊ အလုပ်ကနေ ဝင်ငွေတိုးပြီး စီးပွားဖြစ်လာတာမျိုး ကံကောင်းတတ်ပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ မလွတ်ကင်းတာ၊ မင်းအစိုးရနဲ့ ငြိစွန်းနိုင်တာတွေကို ကျပ်ကျပ် ရှောင်ကျဉ်ရပါမယ်။ လုပ်ငန်းနေရာ (သို့) ရာထူးဌာနနဲ့ပတ်သက်လို့ စိတ်တိုင်းမကျ ဖြစ်တတ်ပါတယ်။ ငွေကြေးကံတော့ ပွင့်လန်းမယ့်နှစ် ဖြစ်ပြီး ထီပေါက်၊ ငွေဝင် ဖြစ်တတ်ပါတယ်။

ဗုဒ္ဓဟူးနေ့ဖွား/ရာဟုဖွား
လုပ်ငန်းကိုင်ငန်းတွေ အဘက်ဘက်က တိုးတက်ပြည့်စုံလာမယ့်နှစ် ဖြစ်ပါတယ်။ ကိုယ်ပိုင်အလုပ်ရောအကျိုးတူ ရှယ်ယာလုပ်ငန်းတွေမှာပါ အောင်မြင်ကြီးပွားခွင့် ရလာနိုင်ပါတယ်။ ရာဟုဖွားတွေက အရင်လုပ်ဖူးတဲ့အလုပ်မျိုး၊ အဆက်အသွယ်ဟောင်းတွေနဲ့ ပြန်ချိတ်တဲ့လုပ်ငန်းမျိုးမှာ အကျိုးပေးတတ်ပါတယ်။ ဗုဒ္ဓဟူးတွေက လုပ်ငန်းသစ် တိုးချဲ့အောင်မြင်ဖို့ ရှိနေပါတယ်။ ငွေကြေးကံ အထူးကောင်းမွန်ပြီး အထုပ်အထည်နဲ့ကို ဝင်မယ့်နှစ် ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကြာသပတေးနေ့ဖွား
ဒီတစ်နှစ်ကတော့ အလုပ်အကိုင်ကံဇာတာက အပြောင်းအလဲ၊ အတက်အကျတွေ ရှိလာပါလိမ့်မယ်။ အလုပ်ကို ထိန်းလုပ်ရတာ၊ အခြေအနေ စောင့်ကြည့်လုပ်ကိုင်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရေရှည်လုပ်ငန်းမျိုးနဲ့စာရင် ရေတိုအခွင့်အလမ်းရှာတဲ့အလုပ်တွေက အဆင်ပြေနိုင်ပါတယ်။ ဒါတောင်မှ အလုပ်မှာ ပြဿနာတွေ မကင်းဘဲ ကြိုးစားရပါဦးမယ်။ ငွေကြေးကံ မတည်ငြိမ်ဘဲ ရလိုက်၊ ကုန်လိုက်နဲ့ လုံးပါးပါးတတ်လို့ သတိထားရပါလိမ့်မယ်။

သောကြာနေ့ဖွား
ဒီနှစ်မှာ လုပ်ငန်းစီးပွားနဲ့ ပတ်သက်လို့ သိပ်ကြီးကြီးမားမား မမျှော်လင့်နိုင်ဘဲ ပုံမှန်အတိုင်းသာ ရှိတတ်ပါတယ်။ ထူးခြားချက်အနေနဲ့ အလုပ်တစ်ခုမက ပေါ်လာလို့ တွဲလုပ်ရတာ၊ လုပ်မယ်လို့ ကြံရွယ်ပြီးမှ ပျက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ လုပ်ငန်းကိစ္စနဲ့ ခရီးတွေ အသွားများလာနိုင်ပါတယ်။ လုပ်ချင်တာတွေကို မျိုသိပ်ထားရတဲ့နှစ် ဖြစ်ပြီး ငွေကြေးပိုင်းမှာလည်း မရေမရာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ထီကံတော့ စမ်းကြည့်သင့်ပါတယ်။

စနေနေ့ဖွား
တစ်နှစ်တာအတွင်း အလုပ်အကိုင်ကံဇာတာ တိုးတက်မြင့်မားလာဖို့ ရှိပါတယ်။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ အကျိုးတူ လုပ်ငန်းဖက်တွေ ချိတ်ဆက်ပြီး စီးပွားဖြစ်ထွန်းနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရပိုင်ခွင့်တွေကို သူများက ဝင်ယူတာ၊ ရသင့်ရထိုက်တာနဲ့ လွဲချော်တာမျိုး ဖြစ်တတ်ပါတယ်။ တချို့အလုပ်တွေဆိုရင် အစပိုင်း ဟုတ်မလိုနဲ့ နောက်ပိုင်းမှာ အဖျားရှူးသွားတတ်ပါတယ်။ ငွေဝင်ကိန်း ရှိပြီး အရင်ထက် ပို စုမိဆောင်းမိ ဖြစ်လာနိုင်ပါတယ်။

နေ့ဖွားအားလုံး ငွေကြေးစီးပွား ကံကောင်းကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)