နက္ခတ်ဗေဒင်အရ ရာသီခွင်တိုင်းမှာ သူ့အစွမ်းအစနဲ့သူ ရှိနေကြပါတယ်။ တချို့ရာသီဖွားတွေက ဉာဏ်ရည်ပိုင်း မြင့်မားတယ်၊ တချို့က ခံစားမှု အားကောင်းတယ်၊ တချို့ကတော့ လက်တွေ့သမား စသဖြင့် ရာသီခွင်အလိုက် မူလဗီဇ အစွမ်းအစတွေ ရှိနေကြပါတယ်။
၁၂ – ရာသီဖွားအားလုံးထဲမှာ ငွေရှာကောင်းပြီး စီးပွားဖြစ်လွယ်၊ ချမ်းသာလွယ်ဖို့ နောက်ခံအကြောင်းတရားတွေ အားကောင်းတဲ့ (တနည်းအားဖြင့်) သူဌေးဇာတာ ပါတဲ့သူတွေကတော့ တူရာသီဖွားတွေပဲ ဖြစ်ပါတယ်။
၂၀၂၂ မှာ ကမ္ဘာကျော် ထိပ်တန်းဘီလျံနာ အယောက် ၃၀၀ ရဲ့ အချက်အလက်တွေကို Forbes ကနေ စစ်တမ်း လုပ်ထားရာမှာ အဲဒီထဲက မွေးစာရင်း အတိအကျ မသိသူတွေကို ဖယ်ထုတ်ပြီး ကျန်တဲ့ ၂၆၈ ဦးကို လေ့လာရာမှာ အောက်ဖော်ပြပါ ရာသီဖွား (၄) မျိုးဟာ ဘီလျံနာစာရင်းကို လွှမ်းမိုးထားတာ တွေ့ရပါတယ်။
(၁) တူရာသီ (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)
(၂) မိန်ရာသီ (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)
(၃) ပြိဿရာသီ (ဧပြီ ၂၀ – မေ ၂၀)
(၄) သိဟ်ရာသီ (ဇူလိုင် ၂၃ – သြဂုတ် ၂၂)
ဒီစစ်တမ်းအရဆိုရင် ဖော်ပြပါ ရာသီဖွား (၄) မျိုးဟာ ကမ္ဘာကျော်ထိပ်တန်းဘီလျံနာအဆင့်ထိ ချမ်းသာကြွယ်ဝဖို့ အခွင့်အလမ်း များနေပြီး ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) ၊ ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) နဲ့ မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) တွေကတော့ ၂၀၂၂ ၊ ဘီလျံနာစာရင်းထဲမှာ အနည်းဆုံး ဖြစ်နေတဲ့အတွက် အရမ်းချမ်းသာဖို့ ကံအားနည်းသူတွေလို့ ယေဘုယျ ယူဆလို့ ရပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
အဲဒီ ကမ္ဘာ့ဘီလျံနာစာရင်းအရ အချမ်းသာဆုံးသူဌေးတွေ အများဆုံး မွေးဖွားကြတဲ့ တူရာသီခွင်ဟာ ချိန်ခွင်လျှာ ညီမျှမှုနဲ့ လေဓာတ်ကို ကိုယ်စားပြုထားတဲ့အတွက် အကြံကောင်း၊ ဉာဏ်ကောင်း ရှိသူတွေ၊ ဘယ်လိုလူနဲ့ဖြစ်စေ လိုက်လျောညီထွေ ဖြစ်အောင် ပေါင်းသင်းဆက်ဆံနိုင်သူတွေ၊ ခင်မင်နှစ်လိုဖွယ် ကောင်းသူတွေ၊ တပါးသူတွေ ကိုယ့်ဘက်ပါအောင် ဆွဲဆောင်နိုင်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘီလျံနာသူကြွယ်စာရင်းမှာ လူဦးရေ အများဆုံး ရာသီခွင်အဖြစ် ဦးဆောင်ထားပါတယ်။
ဘီလျံနာအရေအတွက် ဒုတိယအများဆုံး ဖြစ်တဲ့ မိန်ရာသီခွင်ကတော့ စိတ်ကူးစိတ်သန်း အင်မတန် ထူးခြားပြီး တီထွင်ဖန်တီးမှု အားကောင်းသူ ဖြစ်ပါတယ်။ ရေဓာတ်ကို ကိုယ်စားပြုပြီး နောက်ဆုံးသောရာသီခွင်လည်းဖြစ်လို့ ကိုယ့်ရှေ့က လူတွေရဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို ကျေညက်ထားသူတွေ၊ ဘာလာလာ ရပါတယ် ဆိုပြီး လောကဓံကို ရင်ဆိုင်တတ်သူတွေအဖြစ် ဘီလျံနာစာရင်းမှာ ဒုတိယအများဆုံး ဗိုလ်စွဲထားပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဘီလျံနာစာရင်းမှာ တတိယအများဆုံးအဖြစ် ပါဝင်ထားတဲ့ ပြိဿရာသီခွင်က လက်တွေ့ကျကျနဲ့ အလုပ်တွေကို အသေအလဲ ကြိုးစားပြီး ဇွဲလုံ့လလည်း သိပ်ကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ အလုပ်လောဘကြီးသလို ခေါင်းမာ၊ တဇွတ်ထိုးတတ်တဲ့ ဉာဉ်နဲ့ ဘဝကို ဇိမ်ကျကျ နေထိုင်ဖြတ်သန်းချင်တဲ့ စရိုက်တွေက ဘီလျံနာကြီးတစ်ယောက် ၊ နာမည်ကျော်သူဌေးကြီးတစ်ယောက် ဖြစ်လာဖို့ တွန်းအားပေးထားတယ်လို့ ယူဆနိုင်ပါတယ်။
ကမ္ဘာ့ထိပ်တန်း ဘီလျံနာသူကြွယ်ကြီးတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ (တနည်းအားဖြင့်) သူဌေးကြီးများစာရင်းမှာ အနည်းဆုံးသာ ပါဝင်တဲ့ ကုမ်ရာသီဖွား၊ ဗြိစ္ဆာရာသီဖွားနဲ့ မကာရရာသီဖွားတွေဟာ စီးပွားရှာတဲ့နေရာမှာ သိပ်ပြီး ရက်စက်ကောက်ကျစ်တာမျိုး မရှိဘဲ ငွေကို ဒီလောက် အလေးမထားတာ၊ လူသားဆန်တာနဲ့ နားအေးပါးအေးပဲ နေချင်တာတွေကြောင့် ဒီရာသီဖွားတွေဟာ လူချမ်းသာစာရင်းထဲ သိပ်ပါလေ့ မရှိဘူးလို့ ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် ရာသီဖွားတိုင်းမှာ သူများနဲ့မတူတဲ့ စွမ်းရည်တွေ ရှိနေစမြဲ ဖြစ်လို့ သူဌေးကြီး ဖြစ်ဖို့ အလားအလာ နည်းရင်တောင် လူ့လောကကို အကျိုးပြုနိုင်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်လည်း ဖြစ်ခွင့်ရှိနေတာကြောင့် စိတ်ဓာတ်ကျစရာတော့ မရှိဘူးလို့ ပြောပါရစေ…။ ဧက (ဗေဒင်သုတ)