တစ်ခါတုန်းက တရုတ်ပြည်မှာ ဂျုံစိုက်တဲ့လယ်သမား တစ်ယောက်ဟာ တန်ခိုးရှင်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ အမှတ်မထင် တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားတယ်။ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို အပြစ်တင်တယ်။ “ခင်ဗျားတို့ တန်ခိုးရှင်ဟာ တန်ခိုးတော့ ရှိချင်ရှိမယ်၊ ဂျုံတော့ မစိုက်တတ်ဘူး ထင်တယ်၊ တကယ်လို့များ ခင်ဗျားရဲ့တန်ခိုးနဲ့ ကျုပ်ရဲ့ ဂျုံစိုက်တဲ့ အလုပ်ကို ကူညီမယ်ဆိုရင် အများကြီး အကျိုးရှိမယ်” လို့ ပြောလိုက်တယ်၊
အဲဒီအခါမှာ တန်ခိုးရှင်က “ကူညီပါ့မယ်၊ ဘာတွေ ကူညီရမလဲ” လို့ ပြောတယ်။ အဲဒီတော့ လယ်သမားက တန်ခိုးရှင်ကို ဂျုံကွင်းဘေးက တဲလေးထဲမှာ တစ်နှစ်လုံးခေါ်ထားတယ်၊ မိုးလေးနည်းနည်းရွာတာနဲ့ “ကဲ တန်ခိုးရှင်၊ မိုးရွာရင် ဂျုံခင်းတွေ ပျက်ကုန်မယ်၊ မရွာအောင် လုပ်လိုက်” လို့ ခိုင်းတယ်၊ တန်ခိုးရှင်ကလည်း လုပ်ပေးတယ်၊ လေတွေ တိုက်လာရင်လည်း၊ “ဂျုံပင်တွေ တအား လှုပ်ယမ်းကုန်မယ်၊ လေမတိုက်အောင် လုပ်ပေးပါလို့ ပြောပြန်တယ်၊
တန်ခိုးရှင်ကလည်း သူပြောတဲ့အတိုင်း လေကို တားပစ်လိုက်တယ်။ မိုးကြိုးတွေပစ်ရင်လည်း “ အဲဒီအသံဟာ အသီးတွေ ဆုတ်ယုတ်စေတယ်” ဆိုပြီး တားခိုင်းတယ်၊ နေသိပ်ပူလာရင်လည်း “ဂျုံပင်တွေ ညှိုးကုန်မယ်” ဆိုပြီး မိုးအုံ့ခိုင်းတယ်၊ ရေလိုတဲ့ အခါမှာတော့ ရေရအောင် လုပ်ခိုင်းတယ်၊ ဂျုံခင်းထဲကို စာကလေးတွေ လာတဲ့ အခါမှာလည်း မလာအောင် လုပ်ခိုင်းတယ်၊ တန်ခိုးရှင်ကလည်း အကုန်လုပ်ပေးတယ်၊ အဲဒီတော့ ဂျုံပင်တွေဟာ အတော့်ကို ဖြစ်ထွန်းတယ်၊ အပင်ကြီးတွေလည်း အမြင့်ကြီး တက်တယ်၊ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို “ကဲ . . မြင်ပြီမို့လား၊ ကျုပ်ရဲ့ဂျုံခင်းကြီးကို ခင်ဗျားရဲ့တန်ခိုးနဲ့ ရာသီဥတု အနှောင့်အယှက်တွေ ကင်းအောင် လုပ်လိုက်တဲ့အခါမှာ အပင်ကြီးတွေ ကြည့်စမ်း၊ ဘယ်လောက် ဖွံဖြိုးသလဲ” လို့ အားရဝမ်းသာ ပြောရှာတယ်၊
ဒါပေမယ့် တကယ်ရိတ်သိမ်းတဲ့အခါမှာ ဂျုံသီးတွေထဲမှာ အဆံမပါဘူး၊ ဟောင်းလောင်းကြီး ဖြစ်နေတယ်၊ ဂျုံဆိုလို့ လုံးဝကို မရတော့ဘူး၊ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို အထိတ်တလန့်နဲ့ကို “ ဘယ်လို ဖြစ်တာလဲ” လို့ မေးတယ်၊
အဲဒီတော့ တန်ခိုးရှင်က “ဒီလို ငါ့လူရဲ့၊ မိုးတွေ တအားရွာတာတို့၊ လေတွေ တိုက်တာတို့၊ နေတွေ ပူတာတို့၊ မိုးကြိုးတွေ ပစ်တာတို့၊ မိုးချိမ်းတာတို့၊ စာကလေးတွေ လာစားတာတို့ဟာ ဗြုန်းကနဲ ကြည့်လိုက်ရင် ဂျုံခင်းကို အနှောင့်အယှက် ပေးတယ်လို့ ထင်ရမှာပါပဲ၊ ဒါပေမဲ့ တကယ်က နှောင့်ယှက်တာ မဟုတ်ဘူး။ ချဲလင့် (Challenge) လုပ်တာ စိန်ခေါ်တာ၊ အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေဟာ မြေကြီးထဲက သြဇာဓာတ်တွေကို ဂျုံစေ့ထဲ ရောက်အောင် လုပ်ပေးနေတာ၊ ဂျုံပင်တွေဟာ အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေကို ရုန်းကန်ရင်းနဲ့ အနှံတွေ ပြည့်ဝစေရတာ၊ အဲဒီ ချဲလင့် (Challenge) ကို အံတုရတာကိုက ဂျုံပင်ရဲ့အလုပ်လေ၊ အဲဒီအံတုမှုတွေ မရှိဘဲ ငြိမ်ငြိမ်ကလေးနဲ့ နေလိုက်တဲ့အခါမှာ သူဟာ လေဖြတ်တဲ့ လူတစ်ယောက်လို ဖြစ်သွားတာ၊ အားကုန် သွားတာ၊ ခွန်အားတွေ ယုတ်လျော့သွားတာ၊ ဒါကြောင့် ဂျုံစေ့မှာ အဆံတွေ မပါတော့တာ၊
လောကကြီးမှာ အဖြူနဲ့အမည်းရယ်လို့ ရှိတယ်ဆိုပါစို့၊ အဖြူဟာ ကောင်းတယ်၊ အမည်းဟာ မကောင်းဘူးလို့ ဆိုကြပါစို့ရဲ့၊ မြေဖြူခဲနဲ့စာရေးရမယ့် ကိစ္စမျိုးမှာ သင်ပုန်းအမည်းမှ ဖြစ်မယ်နော်၊ နံရံအဖြူမှာ မြေဖြူခဲနဲ့ ရေးလို့ မရဘူး၊ စာလည်း ထင်မှာမဟုတ်ဘူး၊ မြေဖြူခဲ အဖြူတောင့်ကို သင်ပုန်းအမည်းက ချဲလင့် လုပ်နေတာ၊ ဒါကြောင့် စာတွေ ထင်တာ၊ သူ့လိုပဲ လိုက်ပြီး ဖြူလိုက်တဲ့ နံရံအဖြူဟာ ချဲလင့် မရှိဘူးလေ၊ ဒါကြောင့် ဘာမှမထင်ဘူး” လို့ ပြောပြီး တန်ခိုးရှင်က လယ်သမားကို နှုတ်ဆက်ပြီး ထွက်သွားတယ်။
အဲဒီလိုပဲ ဘဝမှာ အဆင်မပြေမှုတွေ မပြည့်စုံတာတွေ ဖြစ်လာတာ ကိုယ့်ကို ချဲလင့် လုပ်တာ၊ ဆန့်ကျင်ဘက် သဘောနဲ့ အကျိုးပြုနေတာပါပဲ။ ဆန့်ကျင်ဘက် ဆိုတာ ပြီးပြည့်စုံစေဖို့ ကူညီတဲ့ တန်ခိုးရှင်သာ ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်ကို ဆန့်ကျင်တာတွေ၊ ရှေ့မရောက်အောင် ခက်ခဲ ဟန့်တားတာတွေနဲ့ ကြုံလာရတိုင်းမှာ ငါ့ကို ကူညီဖို့ ရောက်လာပြီလို့သာ မှတ်ယူလိုက်ပါ။ ဆန့်ကျင်ဘက်တွေ တွေ့တိုင်း အရိုအသေ ပေးတတ်အောင် လေ့ကျင့်ထားပါ။
(ဆရာကြီးမင်းသိင်္ခရဲ့ မနောမယကိုပီတာစာအုပ်မှာ ပါဝင်တဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြန်မျှဝေတာ ဖြစ်ပါတယ်- ဗေဒင်သုတ Admin)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)