တန်ခိုးထက်မြက်အောင် ရွတ်ဖတ်နည်း

ကျွန်တော်တို့တတွေ ပရိတ် ဓမ္မစကြာ ဂါထာတော်တွေ ရွတ်ဆိုကြတဲ့အခါ ဝတ်တက်ကြတဲ့အခါ…

၁။ အဝတ်အစား လဲသင့် လဲရမယ်။ ခြေလက် ခံတွင်း သုတ်သင်ပြီး ကြည်လင် သန့်ရှင်းစေရမယ်။ (မဇ္ဈိမ- ပီယဇာတိသုတ်၊ မ၊ ၂၊ ၃၁၄။)

၂။ ပရိတ်ရွတ်တဲ့ ပုဂ္ဂိုလ်များ နမူနာအတိုင်း မိမိတို့ ရွတ်တဲ့ ဂါထာတော် ဂုဏ်တော်တွေကို ပိုပြီး အာနိသင် ရှိစေချင်ရင် အနက် အဓိပ္ပါယ်ကိုလဲ သိထားရမယ်။  သိအောင်လုပ်ရမယ်။  ကျက်သင့်တာလည်း ကျက်ထားရမယ်။

၃။ ဘယ၊ လာဘ၊ ကုလာစာရ = ကြောက်တဲ့စိတ်၊ ဖြစ်စေ၊ လိုချင်တဲ့ စိတ် (အမျှော်စိတ်ပေါ့ဗျာ) အဲဒီလို မိရိုးဖလာ၊ လုပ်ရိုးလုပ်စဉ်မို့ လုပ်ရတာမျိုး မဖြစ်စေရဘူး။

၄။ ဘီလူး သဘက်တွေ ကြိုက်တတ်တဲ့ သားငါးစားတာမျိုးကိုလဲ ရှောင်ရမယ်။ (ပါတိက၊ဋ္ဌ၊ ၁၅၁။)  လယ်တီဆရာတော်ကြီး ပြောသလို ဘီလူးသဘက်နှင်တဲ့ကမ္မဝါစာကို အမဲသားစားတဲ့ ပါးစပ်ကြီးနဲ့ ရွတ်နေလို့ နေရာမကျဘူး။

၅။ ရောဂါဖြစ်လို့၊ တစ်စုံတစ်ရာ ဒုက္ခဖြစ်လို့ တခြားလူဖြစ်ဖြစ်၊ ကိုယ်တိုင်ဖြစ်ဖြစ်ပေါ့၊  မိမိရွတ်တဲ့ ပရိတ်တော်များ ပိုပြီး အစွမ်း အာနိသင် ထက်ဖို့ လိုအပ်တဲ့ အခါ ရေ, ဆီ, သဲ, ချည်, လက်ကိုင်ပဝါ စသည်ကို ရွတ်တဲ့လူရဲ့လက်နဲ့ ထိတွေ့ လှုပ်ခါ ကိုင်တွယ်ပြီး ရွတ်ဆိုသင့်တယ်ခင်ဗျ။

ဒါ မြတ်စွာဘုရားရှင် တို့ရဲ့ အာဏာစက်သွင်းနည်း ခေါ်တယ်။ လောကီနည်း မဟုတ်ဘူး။  ဝိနည်း အဋ္ဌကထာမှာ လာတဲ့ လုပ်ထုံးပါ။ ( ဝိ၊ဋ္ဌ၊၂။ ၆၇။ သာရတ္ထ၊၂။ ၂၇၅။)

၆။ စောစောက ပြောသလို မိမိလုပ်နေကျ ဓမ္မ ဝတ်ကိုပုံမှန် လုပ်ရမယ်။ စွဲစွဲမြဲမြဲ ဝတ်ထားပြီး လုပ်ရမယ်ပေါ့ဗျာ။  ဒါမှ ပိုပြီး ထိရောက်ပါတယ်။ ဆွမ်းဝတ် ရေတွင်းရေကန် ကျောင်းဝတ်နဲ့ ရွတ်ဆို နှလုံးသွင်းမှု စတဲ့ ဝတ်ထားပြီး လုပ်တဲ့ ကုသိုလ်ဝတ် မှန်သမျှဟာ သရဏဂုံ ၅ပါးသီလမြဲတဲ့ လူလို အပါယ် မကျနိုင်ဘူးတဲ့ဗျ။  ဒီ ဝတ်မြဲတဲ့ သူဟာသောတာပန်နဲ့ တူတယ်တဲ့။ ( အံ ဋ္ဌ-၃၊၂၆၅။ သဥပါဒိသေသသုတ် အဖွင့်။)

၇။ ဒီလို ရွတ်ကြ ဘတ်ကြတဲ့ ကိစ္စ ဖြစ်ဖြစ်၊  ထေရဝါဒစစ်စစ် ဘာသာရေး အလုပ် မှန်သမျှမှာ ပုတီး ဘယ်နှပတ် စိတ်ရမယ် ဆိုတဲ့ အခန်းမပါဘူးဗျ။ ဒါကိုတော့ ဂိုဏ်းကကူးစက်လာတဲ့ အမူအကျင့်တွေနဲ့ ကတ္တားခြားကြရ လိမ့်မယ်။

၈။ ခု ကျွန်တော်တို့ ရွတ်နေတဲ့ ပါဠိတွေဟာ ကမ္ဘာပေါ်ရှိတစ်ရာ့တစ်ပါးသော ဘာသာစကားတို့တွင် အမြတ်ဆုံးသော စကားလုံးတွေလို့ ဟောတော်မူထားတယ်။ စကားလုံးတိုင်း စကားလုံးတိုင်းမှာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီအားတွေ ပါနေလို့ ခုလို အစွမ်းထက်တာပဲ လို့လဲ အာရုံပြုရမယ်။

(ဓမ္မာစရိယဦးဋ္ဌေးလှိုင်၏ ခရီးဖော်စာအုပ်မှ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)