ဘဝတစ်သက်တာ အိမ်ထောင်ရေးယတြာ

လင်နှင့်မယား လျှာနှင့်သွား ဟူသော ရှေးစကားအရ ရံဖန်ရံခါ အိမ်ထောင်ရေးတွင် သဘောထား မတိုက်ဆိုင်မှု အဆင်မပြေမှုများ မကြာခဏ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပေသည်။

ရှေးခေတ်ဗေဒင်ပညာအရ ဇနီးမောင်နှံနှစ်ဦးစလုံး၏ ဖွားဇာတာကို တိုက်ဆိုင်စစ်ဆေး၍ သင့်တော်သော အနေထား ဖြစ်ပါက ယတြာ မလို အိမ်ထောင်ပြုစေပြီး ဇာတာချင်း မသင့်ပါကလည်း သင့်လျော်သော ယတြာ အစီအရင် ပြုကာ လက်ထပ်ထိမ်းမြားစေသည်။

ယခုခေတ်အနေအထားအရလည်း အချို့စုံတွဲများသည် မိမိတို့ဖွားဇာတာကို အသေးစိတ် တွက်ချက်စစ်ဆေးပြီး လိုအပ်သော အစီအရင်ယတြာပြုကာ အိမ်ထောင်ပြုကြပေသည်။

အိမ်ထောင်ရေး သင့်မြတ်အဆင်ပြေခြင်းအတွက် ရှေးဗေဒင်ပညာရှင်ကြီးများက ယတြာအစီအရင်များစွာ ထားရစ်ခဲ့ကြပေသည်။ ၎င်းထဲမှ အိမ်ထောင်ရေး မသင့်မြတ်ခြင်း၊ ပြဿနာကြုံခြင်းများအတွက် လွယ်ကူစွာ စီရင်နိုင်သော ယတြာအစီအရင်တစ်ခုကို ဖော်ပြပေးပါမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဖော်ပြမည့်ယတြာကို အိမ်ထောင်ရေး မသင့်မြတ်သူများ၊ အိမ်ထောင်ရေး သောက ပြဿနာကြုံနေသူများ ဆောင်ရွက်နိုင်ပါသည်။ လုပ်ဆောင်ရမည့် နေ့နှင့် အရွက်အခက်များကို ဦးစွာ သိဖို့ လိုအပ်ပါသည်။

တနင်္ဂနွေသားသမီးများသည် သောကြာနေ့ မနက် ၆း၀၀ မှ ၇း၃၀ အတွင်း

တနင်္လာသားသမီးများသည် ဗုဒ္ဓဟူးနေ့ ညနေ ၆း၀၀ မှ ၇း၃၀ အတွင်း

အင်္ဂါသားသမီးများသည် ကြာသပတေးနေ့ မနက် ၆း၀၀ မှ ၇း၃၀ အတွင်း

ဗုဒ္ဓဟူးသားသမီးများသည် စနေနေ့ မနက် ၆း၀၀ မှ ၇း၃၀ အတွင်း

ကြာသပတေးသားသမီးများသည် အင်္ဂါနေ့ ၆း၀၀ မှ ၇း၃၀ အတွင်း

သောကြာသားသမီးများသည် တနင်္ဂနွေနေ့ မနက် ၆း၀၀ မှ ၇း၃၀ အတွင်း

စနေသားသမီးများသည် ဗုဒ္ဓဟူနေ့မနက် ၆း၀၀ မှ ၇း၃၀ အတွင်း

ဗုဒ္ဓဟူး ညနေမွေးသူများသည် တနင်္လာနေ့ မနက် ၆း၀၀ မှ ၇း၃၀ အတွင်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သက်ဆိုင်ရာအချိန်လိုက် မိမိမွေးနံအညွန့်နှင့် အိမ်ထောင်ဖက်မွေးနံအညွန့် တို့ကို အိမ်ကဘုရားတွင် ပူဇော်ခြင်း ပြုရပါမည်။

တနင်္ဂနွေနေ့ဖွား           အုန်း ၁ ညွန့်

တင်္နလာနေ့ဖွား            ကံကော် (သို့) ကြံ ၂ညွန့်

အင်္ဂါနေ့ဖွား                 ဇီး ၃ ညွန့်

ဗုဒ္ဓဟူးနေ့ဖွား              ဝါး ၄ ညွန့်

ကြာသပတေးနေ့ဖွား     မေမြို့ပန်း ၅ပွင့် (သို့) ပျဉ်းမ ၅ညွန့်

သောကြာနေ့ဖွား            သီဟို (သို့) သီး ၆ ညွန့်

စနေနေ့ဖွား                ဒန်း (သို့) ထန်း ၇ ညွန့်

ဗုဒ္ဓဟူးညနေဖွား           ရွက်လှ ၈ ညွန့်

အထက်ပါ သတ်မှတ်အချိန်တွင် မိမိ မွေးနံအညွန့်နှင့် မိမိအိမ်ထောင်ဖက် အညွန့်တို့ကို ပန်းအိုးအတွင်း ရေခံထိုး၍ (၃) ပတ်တိတိ လှူဒါန်းထားပြီး အိမ်ကဘုရားတွင် ဆုတောင်းရမည်။ (၃) ပတ် ပြီးပါက အညွန့်အရွက်များကို စွန့်ပစ်ရပါမည်။ လိုအပ်ပါက ၃ ကြိမ် ဆက်တိုက် လုပ်ဆောင်ရပါမည်။

ဥပမာ တနင်္ဂနွေ နေ့ဖွားအမျိုးသမီးသည် တနင်္လာသား အမျိုးသားနှင့် အိမ်ထောင်ရေး အဆင်ပြေလိုပါက သောကြာနေ့ မနက် ၆း၀၀ မှ ရး၃၀ အတွင်း အိမ်က ဘုရားတွင် အုန်း ၁ ညွန့် + ကံ့ကော် (သို့) ကြံ ၂ ညွန့်ကို ပန်းအိုးအတွင်း ရေခံထိုးပြီး ဘုရားလှူ ဆုတောင်းခြင်းဖြင့် အိမ်ထောင်ရေး အေးချမ်းသာယာလာပါလိမ့်မည်။

ဤယတြာပညာခန်းသည် တစ်သက်တာ ထာဝရ အချိန်မရွေး ဆောင်ရွက်နိုင်သော ဆရာကိုင် ပညာခန်းတစ်ခု ဖြစ်ပါသည်။ အချိန်၊ အရွက်အခက် အတိအကျ ဆောင်ရွက်ခြင်းဖြင့် သာယာပျော်ရွှင်သော အိမ်ထောင်ရေး ဘဝကို ပိုင်ဆိုင်ရရှိနိုင်ပါစေသတည်း …

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)